ဓမ္မစင်္ကြာနဲ့ အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပြိုင်ပွဲတွေ လုပ်ဆောင်နိုင်တာဟာ နိုင်ငံတဝှမ်း အေးချမ်းတည်ငြိမ်တဲ့လက္ခဏာလို့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးပြော

ဓမ္မစင်္ကြာနဲ့ အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပြိုင်ပွဲတွေ လုပ်ဆောင်နိုင်တာဟာ နိုင်ငံတဝှမ်း အေးချမ်းတည်ငြိမ်တဲ့လက္ခဏာလို့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးပြော

ဓမ္မစင်္ကြာနဲ့ အနတ္တလက္ခဏသုတ္တန်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ အလွတ်ရွတ်ဖတ်ပြိုင်ပွဲတွေပြုလုပ်ပြီး ရွတ်ဖတ်နိုင်ခဲ့တာဟာ တည်ငြိမ်အေးချမ်းတဲ့လက္ခဏာလို့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် က ပြောဆိုလိုက်ပါတယ်။

ဇူလိုင်လ ၁၅ ရက်မနေ့က နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနရုံးမှာပြုလုပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက် တပ်ဖွဲ့၊ ဦးစီးဌာနတွေရဲ့ ဓမ္မစင်္ကြာနဲ့အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပြိုင်ပွဲဆုပေးပွဲမှာ ၎င်းလက်အောက် ထွေအုပ်၊ ရဲတပ်ဖွဲ့၊ စသုံးလုံး၊ အကျဉ်းဦးစီးနဲ့ မီးသတ်တပ်ဖွဲ့ဌာနချုပ်ထိပ်ပိုင်းအရာရှိတွေကို အခုလိုပြောဆိုခဲ့တာကို စစ်ကောင်စီထိန်းချုပ်မီဒီယာတွေမှာ မနေ့ညပိုင်းက ဖော်ပြလာခဲ့တာဖြစ်ပါတယ်။

“ဓမ္မစင်္ကြာနဲ့အနတ္တလက္ခဏသုတ်အလွတ်ရွတ်ဆိုပြိုင်ပွဲများကို တိုင်း၊ပြည်နယ်များရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှာလည်း ပြုလုပ်နိုင်ခဲ့တဲ့အတွက် နိုင်ငံတဝှမ်းလုံးကို ဓမ္မစင်္ကြာနဲ့အနတ္တလက္ခဏသုတ်ရွတ်ဆိုသံများဖြင့် လွှမ်းခြုံထားနိုင်ခဲ့ကြောင်း၊ အေးချမ်းတည်ငြိမ်တဲ့အရိပ်လက္ခဏာဖြစ်တယ်လို့လည်းဆိုရမှာဖြစ်ကြောင်း၊ ဓမ္မစင်္ကြာနဲ့အနတ္တလက္ခဏသုတ်တွေဟာ ထူးခြားလေးနက်တဲ့စွမ်းအင်တွေရှိပြီး ကောင်းကျိုးချမ်းသာတွေပေးစွမ်းနိုင်မှာဖြစ်ကြောင်း” စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်က ထည့်သွင်းပြောဆိုခဲ့တာပါ။  

ဗုဒ္ဓတရားတော်တွေဖြစ်တဲ့ ဓမ္မစင်္ကြာနဲ့အနတ္တလက္ခဏသုတ်တွေဟာ ရွတ်ဖတ်ရမယ့်တရားတွေမဟုတ်ဘဲ လက်တွေ့လိုက်နာကျင့်သုံးရမယ့်တရားတွေဖြစ်ပြီး အဲ့ဒီလိုလိုက်နာမကျင့်သုံးဘဲ သတ်ဖြတ်မှုတွေကျူးလွန်နေသမျှ ပြည်ထဲရေးဌာနလည်း အေးချမ်းမှာမဟုတ်ဘူးလို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှ ပါဝင်နေတဲ့ ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်) က မိန့်ပါတယ်။

“သူတို့သတ်ဖြတ်နေတဲ့လုပ်ရပ်တွေက ဗုဒ္ဓရဲ့လမ်းစဉ်နဲ့ကြည့်မယ်ဆိုရင် တခြားစီတွေဘဲပေါ့၊ အဆိုးတွေချည်းဘဲ လုပ်လာခဲ့တာ။ လုပ်ပြီးတော့တဖက်မှာတော့ ပဌာန်းတို့ ခုလည်း ဓမ္မစင်္ကြာနဲ့အနတ္တလက္ခဏသုတ် ရဲစခန်းတိုင်းမှာ ရွတ်ဖတ်တယ်ဟေ့ဆိုတာ ဒါတွေဟာ ဂျင်းထည့်ခြင်း သပ်သပ်တွေဘဲဖြစ်တယ်။ သတ်ဖြတ်မှုတွေကျူးလွန်လိုက် ကျင့်ရမယ့်ဗုဒ္ဓတရားတွေကို မကျင့်ဘဲ ရွတ်ပြလိုက်ဆိုတာ ဗုဒ္ဓကိုစော်ကားတာပါဘဲ” လို့ ဆိုပါတယ်။ 

လက်ရှိမှာ နိုင်ငံတဝှမ်း EAOထိန်းချုပ်နယ်မြေတွေနဲ့ PDF အင်အားကောင်းတဲ့နယ်မြေတွေမှာ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနေရာတွေမှာ ဗုံးပေါက်ကွဲမှုတွေအပါအဝင် မြို့မရဲစခန်း၊ နယ်မြေရဲစခန်း၊ ရဲကင်းစခန်းတွေနဲ့ လုံခြုံရေး၊ စစ်ဆေးရေးဂိတ်တွေ မကြာခဏဆိုသလိုဝင်ရောက်စီးနင်းတိုက်ခိုက်ခံနေရလို့ စစ်ကောင်စီလက်အောက်ခဲရဲတပ်ဖွဲ့ဝင်တွေ နေ့စဉ်ဆိုသလိုသေဆုံးနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထဲရေးလက်အောက် အကျဉ်းဦးစီးဌာန ထောင်တွင်းတရားရုံးတွေမှာ နိုင်ငံရေးအကျဉ်းသားတွေဘက်က ပြန်လည်တိုက်ခိုက်လို့ ထောက်ဖောက်လွတ်မြောက်သွားတဲ့ဖြစ်စဉ်တွေရှိနေသလို အကျဉ်းထောင်တချို့လည်း စီးနင်းတိုက်ခိုက်ခံခဲ့ရတာပါ။

စစ်ကောင်စီလက်အောက် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရဲစခန်းလိုနေရာမျိုးတွေမှာတောင် မကြာခဏ စီးနင်းတိုက်ခိုက်ခံနေရတာတွေဖြစ်ပေါ်နေတာကြောင့် နိုင်ငံတဝှမ်းအေးချမ်းတည်ငြိမ်မယ့် လက္ခဏာမျိုးမရှိဘဲ နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနရုံးနဲ့ ရဲချုပ်ရုံးလောက်ဘဲ လတ်တလောတည်ငြိမ်အေးချမ်းနိုင်မယ် CDM တပ်မတော်သားတဦး က ပြောပါတယ်။

“တချို့ရဲစခန်းတွေဆို လုံးဝဆုတ်ပေးလိုက်ရတာတွေ။ လုံခြုံရေးဂိတ်တွေ၊ မြို့ပေါ်ရဲစခန်းတွေ၊ နယ်မြေရဲစခန်းကကောင်တွေတောင် စခန်းထဲက အပြင်မထွက်ရဲတဲ့အခြေအနေမျိုးဆိုတာ သူတို့လည်း သိနေတာဘဲ။ ရှေ့လျှောက်က နိုင်ငံတဝှမ်းမပြောနဲ့ သူတို့ရုံးထိုင်တဲ့ နေပြည်တော်ရုံးချုပ်တွေတောင် တည်ငြိမ်၊မတည်ငြိမ် မသေချာဘူး” လို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

#မြေလတ်အသံ

#နေပြည်တော် #ပြည်ထဲရေးဝန်ကြီး #ပြောဆိုမှု #ဒုဗိုလ်ချုပ်ကြီး #စိုးထွဋ် #ရဲတပ်ဖွဲ့ #အကျဉ်းဦးစီး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10