နတ်တလင်းက စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်လို့ စစ်သားတဦးသေဆုံး
        
        
        
        ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားတဦး သေဆုံးခဲ့တယ်လို့ နတ်တလင်းမြို့နယ် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ Phoenix DF က သတင်းထုတ်ပြန်ထားပါတယ်။
နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အထက် ကြက်မနက်ရွာမှာ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကစပြီး အင်အား ၄၀ ဦးလောက်နဲ့ တပ်စွဲထားတဲ့စစ်သားတွေကို မတ်လ ၁၉ ရက် ညနေ ၆ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"သူတို့စခန်းက ရွာရဲ့အရှေ့ဘက်နားမှာ စခန်းချထားတာ၊ ပထမဆုံး စပြီးပစ်ခတ်ခံရတဲ့ကောင်က စခန်းရှေ့မှာတဦးထဲရှိနေတဲ့အချိန် ပစ်နိုင်ခဲ့တာ လဲကျသွားတာကို မြင်လိုက်ရတယ်" လို့ Phoenix DF အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒီသေဆုံးမှုကို ဒေသခံတွေရဲ့ ပြန်လည်ပြောပြချက်အရ အတည်ပြုနိုင်ခဲ့ကာ အလောင်းကိုတော့ ဘယ်ကိုသယ်ဆောင်သွားတယ်ဆိုတာ မသိရဘူးလို့ သူကဆက်ပြောပါတယ်။
Phoenix DF နဲ့အတူ ပြည်ခရိုင်တပ်ရင်း ၃၆၀၁ တပ်ခွဲ ၂ နဲ့ ၃တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အပြန်အလှန်ပစ်ခတ်ချိန် ၁၅ မိနစ်လောက်ရှိခဲ့ကာ တော်လှန်ရေးရဲဘော်တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 
ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ညကလည်း အဲ့ဒီကြက်မနက်ရွာစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး လက်နက်မျိုးစုံနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။
နတ်တလင်းမြိူ့နယ်မှာ မကြာခဏထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး၊ စစ်တပ်ဘက်ကလည်း ဒေသခံကာကွယ်ရေးတပ်တွေကို ရိက္ခာဖြတ်တဲ့အနေနဲ့ တောင်ညိုဆည်အထက်က ကျေးရွာသားတွေကို လူတဦးလျှင် တနေ့စာ ဆန်နို့ဆီဗူး ၃ လုံးနဲ့ ၇ ရက်စာသာ ဝယ်ယူခွင့်ရတယ်လို့ သိရပါတယ်။
စာတည်း - လင်း 
#မြေလတ်အသံ
 
 
        
        
        
           Share
        
  
        
           Share
         
        
           Share