နတ်တလင်းမှာ အချိန်အခါမဟုတ် မိုးသက်လေပြင်းတိုက်လို့ နေအိမ်အဆောက်အဦတွေပျက်စီးမှုရှိ

နတ်တလင်းမှာ အချိန်အခါမဟုတ် မိုးသက်လေပြင်းတိုက်လို့ နေအိမ်အဆောက်အဦတွေပျက်စီးမှုရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ ဇန်နဝါရီ ၁၆ ရက် မနေ့ကမွန်းလွဲ ၂  နာရီကျော်လောက်မှာ မိုးသက်လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်တွေနဲ့ လျှပ်စစ်ဓါတ်တိုင်တွေ လဲပြိုခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

နတ်တလင်းမြို့အနောက်ဘက်၊ တာပွန်မြို့ အလယ်ပိုင်းရပ်ကွက်နဲ့ ပွတ်စုကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာအုပ်စု၊ မယ်ဇလီတန်းကျေးရွာအုပ်စုတွေမှာ ဓါတ်တိုင်တွေလဲပြီး ဘုဒလက်ကုန်း၊ ရှားဖြူကုန်း၊ ရေကြည်၊ ကျွန်းကတုတ်၊ ကုန်းသာ၊ မယ်ဇလီတန်း၊ ပွတ်စု၊ ဒေါကျော်ကျေးရွာတွေမှာလည်း နေအိမ်ပျက်စီးမှုတွေ ရှိခဲ့လို့ဆိုပါတယ်။ 

“တာပွန်မြို့မှာတော့ လေတိုက်တာအရမ်းမဆိုးဘူး။ မိုးလောက်ပဲရွာတာ။ တာပွန်မြို့နားက ရွာတွေကတော့ တော်တော်ဆိုးတယ်။ အိမ်အမိုးတွေလန် ဓါတ်တိုင်တွေကျိုးပြီး သစ်ပင်တွေပါ လဲကုန်တာ။ လူတော့အန္တရာယ်မရှိဘူး” လို့ တာပွန်မြို့ခံတဦးက ပြောပါတယ်။

အလားတူ တာပွန်မြို့အနီး ပွတ်စုရွာရှိ အလက စာသင်ကျောင်းမှာလည်း အမိုးတွေလန်ပြီး ပျက်စီးသွားတယ်လို့ သူကဆက်ပြောပါတယ်။ နေအိမ်ထိခိုက်ပျက်စီးမှု စုစုပေါင်း အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

ဒါ့အပြင် နတ်တလင်းမြို့လျှပ်စစ်ရုံးကနေ တာပွန်မြို့ကိုဆက်သွယ်တဲ့ ဓါတ်အားလိုင်းတွေလည်း ကျိုးကျပျက်စီးခဲ့တဲ့အတွက် ဇန်နဝါရီ ၁၇ ရက် ဒီနေ့လယ်ပိုင်းအထိ တာပွန်မြို့ပေါ်မှာ လျှပ်စစ်မီးမရရှိသေးဘူးလို့ ဆိုပါတယ်။ 

ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီးမေးမြန်းဖို့ တာပွန်မြို့အုပ်ချုပ်ရေးမှူးရုံးကို မြေလတ်အသံက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။ 

ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်တွေကလည်း ပဲခူးတိုင်းအနောက်ခြမ်းက နတ်တလင်းမြို့နယ်နဲ့ နယ်မြေထိစပ်တဲ့ မိုးညိုမြို့နယ်မှာလည်း လေပြင်းတိုက်မိုးရွာသွန်းခဲ့လို့ နေအိမ်ပျက်စီးမှုတွေ ရှိခဲ့ပါသေးတယ်။  

စာတည်း - လင်း  

#မြေလတ်အသံ

#ပဲခူး #နတ်တလင်း #တာပွန် #မိုးသက်လေပြင်း #တိုက်ခတ် #နေအိမ်ပျက်စီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10