နဘားကျေးရွာ အုပ်ချုပ်ရေးမှူးကို KIA ဖမ်းဆီးသွားပြီးနောက် အဆက်သွယ်ပြတ်နေ

နဘားကျေးရွာ အုပ်ချုပ်ရေးမှူးကို KIA ဖမ်းဆီးသွားပြီးနောက် အဆက်သွယ်ပြတ်နေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်။ နဘားကျေးရွာက အုပ်ချုပ်ရေးမှူးကို ကချင်လွတ်လပ်ရေးတပ် - KIA က နိုဝင်ဘာလ ၄ ရက် ညနေ ၆ နာရီလောက်မှာ ဖမ်းဆီးသွားတယ်လို့ အင်းတော် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းကို KIA တပ်ရင်း (၆)မှ အရာရှိတဦးဖြစ်တဲ့ ကိုဝေယံဟာ ဦးညီညီဝင်း နဲ့ မိတ်ဖွဲ့ထားချင်ကြောင်း ကြားခံလူကတဆင့် ဖုန်းနဲ့ဆက်သွယ်ခိုင်းခဲ့ပြီး နဘားလမ်းစုံအလွန်မှာရှိတဲ့ အလင်းရောင်  စားသောက် ဆိုင်မှာလာခဲ့ဖို့ ချိန်းဆိုခဲ့ကာ ဆိုင်ကိုအရောက်မှာတော့ ဦးညီညီဝင်းကို လက်ပြန်ကြိုးတုတ်ကာ ဆိုင်ကယ် ၂ စီးနဲ့ အင်းတော်မြို့နယ်ထဲက ပင်ဝယ်ရွာဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးသွားသူတွေထဲမှာ နဘားပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးလည်းပါဝင်ပြီး သူ့ကို NUG လက်အောက်ခံ အင်းတော်တရားရုံးက ဖမ်းဆီးစစ်ဆေးမေးမြန်းတဲ့အခါ ဦးညီညီဝင်းကို KIA တပ်ရင်း (၆) ဆီ လွှဲပြောင်းပေးခဲ့ကြောင်းနဲ့ အထက်ပါဖြစ်စဥ်တွေကို ပြောပြခဲ့တာလို့ အင်းတော်အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သယံဇာတတာဝန်ခံ ကိုအောင်ကိုဝင်း က ပြောပါတယ်။

သတ်လိုက်လား မသတ်လိုက်ဘူးလားဆိုတာ သူတို့ဘက်ကတော့ အကြောင်းမပြန်ဘူး။ ကျနော်တို့ထင်တာတော့ သတ်လိုက်ပြီးလို့ ထင်တယ်။ သတ်လိုက်ပြီး သူတို့လက်လွန်သွားပြီးမှ သူတို့အပစ် ဖြစ်မှာဆိုးလို့ အလောင်းကိုဖျောက်လိုက်တာလို့ဘဲ ထင်တယ်  လို့  ကိုအောင်ကိုဝင်းက ပြောပါတယ်။

ဦးညီညီဝင်းဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း ကူညီပေးနေသူဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလည်း သူ့ကိုလိုက်လံဖမ်းဆီးနေတဲ့အတွက် တိမ်းရှောင်နေရတာဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်က နေအိမ်ကိုခဏပြန်လာပြီးနောက် အခုလိုဖြစ်စဥ်နဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

သူက တော်လှန်ရေးမှာကူညီပေးနေတဲ့သူ။ ကျနော်တို့လည်း အများကြီးကူညီပေးနေတဲ့သူ၊ ကိုယ့်ဘက်ကသူတွေ လက်နက်တွေသယ်တဲ့အခါ သူကလမ်းကြောင်းတွေအကုန်ရှင်းပေးတာ လမ်းကြောင်းရှင်းမရှင်း အကုန်ထောက်လှမ်းပေးတဲ့သူပါ လို့ အင်းတော်အရှေ့ခြမ်း ပကဖ သယံဇာတ တာဝန်ခံ ကိုအောင်ကိုဝင်း ပြောပါတယ်။ 

ဦးညီညီဝင်းကို ဖမ်းဆီးသွားတာ နိုဝင်ဘာ ၉ ရက်ဒီနေ့နဲ့ဆို ၆ ရက်မြောက်ရှိပြီး လက်ရှိအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရရှိသေးဘူးလို့ ဆိုပါတယ်။ 

KIA တပ်ရင်း (၆) က ကိုဝေယံဟာ ဦးညီညီဝင်းနဲ့ ချိတ်ဆက်ပေးဖို့ နဘားကျေးရွာက အမျိုးသားတဦးကို ခိုင်းစေခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။ 

အဆိုပါ ချိတ်ဆက်ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး မည်သူတဦး တယောက်ကိုမှ မပြောဖို့ နဲ့ ပြောဆိုခဲ့ပါက သတ်ဖြတ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ 

အခု သူတို့ကိုချိတ်ပေးခဲ့တဲ့သူလည်း ရှောင်ပြေးနေရတယ်။ သူတို့ဘက်က နှုတ်ပိတ်နေဖို့၊ ဘာမှမပြောဖို့ ပြောရင်အရှင်းခံရမယ်ဆိုလို့ အဲ့ဒီလူလည်းထွက်ပြေးနေရတယ် လို့ အထက်ပါသတင်းရင်းမြစ်တဦးက ဆိုပါတယ်။

ဒီဖြစ်စဥ်နဲ့ပက်သက်ပြီး KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို မြေလတ်အသံက ဆက်သွယ်မေးမြန်းရာ ဒီဖြစ်စဥ်ကို မသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး KIA တပ်ရင်း ၆ ကို ဆက်သွယ်ခဲ့ရာမှာတော့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #အင်းတော် #နဘား #အုပ်ချုပ်ရေးမှူး #ဖမ်းဆီး #KIA #အဆက်သွယ်ပြတ်တောက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10