နာရေးလိုက်ပို့ချိန် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၂ ဦးထပ်မံသေဆုံး

နာရေးလိုက်ပို့ချိန် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၂ ဦးထပ်မံသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းမှာ ဧပြီ ၂၄ ရက်က လက်နက်ကြီးထိမှန်လို့ သေဆုံးသွားတဲ့ ပြည်သူ အမျိုးသမီးရဲ့ နာရေးကိုလိုက်ပို့ချိန် စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် နာရေးလိုက်ပို့တဲ့ ပြည်သူ ၂ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၄ ရက်မှာ စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီး ထိမှန်သေဆုံးခဲ့တဲ့ ညောင်ကုန်းရွာခံ အမျိုးသမီးတဦးရဲ့ နာရေးကို လိုက်ပို့တဲ့အချိန် ဧပြီ ၂၅ ရက် မနေ့က မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက ထပ်မံပစ်ခတ်ခဲ့တာဖြစ်ပြီး နာရေးလိုက်ပို့တဲ့ ပြည်သူ ၂ ဦး ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

“မနေ့က သေတဲ့သူတွေကို သင်္ချိုင်းပို့တာလေ၊ ပို့ရင်း အဲ့နားကို လက်နက်ကြီးကျတာ။ ကျနော့်သူငယ်ချင်း တယောက်က ပွဲချင်းပြီးဆုံးသွားတယ်။ နောက်တယောက်က အောက်ဆီဂျင်သွင်းထားသေးတယ်။ နာရီဝက် လောက်နေမှ ဆုံးတာ။” လို့ ညောင်ကုန်းရွာသားတဦးက ပြောပါတယ်။

လက်နက်ကြီးထိမှန်လို့ ညောင်ကုန်းရွာသားတွေဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် ကိုခုပ်တွောလ်ကိမ်နဲ့ အသက် ၃၀ အရွယ် ကိုပြောင်ခန့်ဆွမ်တို့ ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၂၄ ရက် ညနေ ၄ နာရီဝန်းကျင်က ပျဉ်းတော်ဦးရွာနဲ့ ညောင်ကုန်းရွာတဝိုက်ကို လက်နက်ကြီး ကျရောက် ပေါက်ကွဲလို့ ရဲဘော် ၂ ဦး၊ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး၊ အသက် ၄၀အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၈၈ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ပါတယ်။

ကလေးမြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေက ကလေးမြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို စစ်ကောင်စီတပ်တွေက နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိပြီး ကလေးမြောက်ပိုင်း နန်းချောင်းရွာကိုလည်း ဧပြီ ၂၄ ရက်၊ ၂၅ ရက်တွေမှာ ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

ကလေးမြို့မှာ ၃ လအတွင်း စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေရှိရာနေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ တွေ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် အရပ်သား ပြည်သူ ၈၀ကျော် သေဆုံးခဲ့တယ်လို့လည်း ကလေးမြို့လူထု တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ စစ်တမ်းထုတ်ပြန်ချက်အရ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း  #ကလေးမြို့ #လက်နက်ကြီး #အမျိုးသမီး #နာရေး #ပြည်သူ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10