နိုင်ငံရဲ့အနာဂတ်ကိုသင်းသတ်မယ့် မတရားဥပဒေအောက်က လူငယ်များ

နိုင်ငံရဲ့အနာဂတ်ကိုသင်းသတ်မယ့် မတရားဥပဒေအောက်က လူငယ်များ

အသက် ၂၇ နှစ်အရွယ် ကိုနိုင်(အမည်လွှဲ)က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ဇာတိ။ အဖေ၊ အမေ၊ နှမဖြစ်သူတို့နဲ့အတူ သိုက်သိုက်ဝန်းဝန်းနေထိုင်တဲ့ မိသားစုဘဝကို သံယောဇဉ်ကြီးသူ။

သူဟာ ၂၀၂၁ နွေဦးမှာ ပေါ်ပေါက်လာတဲ့ အာဏာရှင်တော်လှန်ရေးလှိုင်းမှာလည်း အများသူငါလိုပဲ ပါဝင်ချီတက်ခဲ့ဖူးသူ။ ဒီအတွက် ၅၀၅က ဆိုတဲ့ပုဒ်မနဲ့ စစ်ကောင်စီက သူ့ကိုထောင်ထဲနှစ်နှစ်ထည့်ခဲ့ပြီးပြီ။

တော်လှန်ရေးစိတ်ဓါတ်က နဂိုကတည်းကရှိနေပေမယ့် မိသားစုဆိုတဲ့ သံယောဇဉ်က သူ့စိတ်ပိုင်းဖြတ်မှုတွေကို တွေဝေအောင် ဘရိတ်ဖမ်းဆွဲပေးထားနိုင်တာဟာ ဒီလ ၁၀ ရက်နေ့အထိသာ တတ်နိုင်ပါတော့တယ်။ အဲဒီ့နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာကို အသက်သွင်းပြီး တရားဝင်စစ်သားစုဆောင်းဖို့ အာဏာသိမ်းစစ်ကောင်စီက ကြိုးပမ်းလာတော့ ကိုနိုင်တစ်ယောက် အနာဂတ်အတွက်ဆုံးဖြတ်ချက် ချရတော့တယ်။

မိသားစုတွေနဲ့လည်း တိုင်ပင်ပြီးပြီ။ သူတို့ကလည်းအားပေးတယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ ဟိုဘက်ကနေ ပြန်ချဖို့ ဆုံးဖြတ်ထားတယ် လို့တောခိုပုန်ကန်မယ့်အစီအစဉ်ကို သူကပြောပြတယ်။

ချောင်လည်တဲ့ မိသားစုကမို့ တခြားရွေးချယ်စရာတွေရှိပေမယ့် နဂိုကတည်းက တော်လှန်ရေးကို တိမ်းညွတ်စိတ်ပါနေတဲ့သူမို့ ဒီတစ်ကြိမ်တော့ အကောင်အထည်ဖော်တော့မယ်လို့ သူကပြောတယ်။ သူ့သူငယ်ချင်းတချို့ကတော့ အရင်ကတည်းက တောခိုပြီး အာဏာသိမ်းစစ်တပ်ကို ပုန်ကန်တော်လှန်နေကြတာပါ။

ကိုယ့်အိမ်တံခါးကို လာမခေါက်ခင် (စစ်မှုထမ်းဖို့ဆင့်ခေါ်စာလာမပို့ခင်အရင်ထွက်သွားနိုင်အောင်လို့ ကျွန်တော် ကြိုးစားနေတယ် လို့  မြို့ကိုစွန့်ပြီး တောခိုမယ့် အစီအစဉ်ကို ကိုနိုင်ကပြောပြတယ်။

အာဏာသိမ်းစစ်ကောင်စီ ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းရမယ့် အသက်အရွယ်ထဲမှာ သူရော၊ နှမဖြစ်သူပါ အကျုံးဝင်နေပါတယ်။ ဒါ့အပြင် သူနဲ့အတူလိုက်ပါမယ့် မြို့ပေါ်က သူငယ်ချင်းတချို့လည်း ရှိနေတယ်လို့ ပြောပြပါတယ်။

 

စစ်ကောင်စီကို တော်လှန်ဖို့  BPLA တပ်ဖွဲ့မှာ  စစ်သင်တန်းတက်ရောက်နေတဲ့ လူငယ်တွေကို ၂၀၂၂၊ ဒီဇင်ဘာလတုန်းက တွေ့ရစဉ်။ (Photo – BPLA Page)
စစ်ကောင်စီကို တော်လှန်ဖို့  BPLA တပ်ဖွဲ့မှာ  စစ်သင်တန်းတက်ရောက်နေတဲ့ လူငယ်တွေကို ၂၀၂၂၊ ဒီဇင်ဘာလတုန်းက တွေ့ရစဉ်။ (Photo – BPLA Page)

ကျွန်ဇာတ်သွင်းမယ့်ဥပဒေ

ရာစုနှစ်ဝက်လောက် တိုင်းပြည်ကို သံလက်သီးနဲ့ အုပ်ချုပ်ခဲ့သလို သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့အခြေခံဥပဒေနဲ့ ပုံဖျက်ထားတဲ့ ဒီမိုကရေစီကို ပြည်သူတွေထံ ခေတ္တပေးခဲ့ဖူးတဲ့ စစ်တပ်ဟာ ဒီတစ်ကြိမ်အာဏာသိမ်းမှုမှာ မကြုံဖူးတဲ့ ဆုံးရှုံးမှုတွေနဲ့ ဖရိုဖရဲဖြစ်နေတာပါ။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လူငယ်လူရွယ်တွေ ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့  တိုက်ခိုက်မှုအောက်မှာ လုံးပါးပါးနေတဲ့ သူ့တပ်ကို ကုစားဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ဒီဥပဒေကို အသက်သွင်းလိုက်ပေမယ့် လူထုရဲ့ တုန့်ပြန်မှုကြောင့် ထင်သလိုမဖြစ်နိုင်ဘူးလို့ လေ့လာသူတချို့က သုံးသပ်ကြပါတယ်။

သူတို့လိုချင်တဲ့အင်အားကို  အတင်းအဓမ္မအကြမ်းနည်းနဲ့ စုစည်းသိမ်းသွင်းလို့ ရလာမယ့် ငါးသောင်းကလည်း သူတို့အတွက်အားဖြစ်စေမယ့် အင်အားဖြစ်လာမှာမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုရင် လူငယ်တွေက ဒါကို လုံးဝလက်မခံကြဘူးလေ။ မလွှဲမရှောင်သာ လုပ်လာကြရမယ်ဆိုရင်လည်း တက်တက်ကြွကြွ ဘယ်သူမှ လုပ်လာကြမှာ မဟုတ်ဘူး” လို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီက အတင်းအဓမ္မ စစ်သားစုဆောင်းဖို့လုပ်ရင် သူ့ကိုပုန်ကန်နေတဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကို နှစ်ဆလောက်ပိုများတဲ့ လူငယ်တွေရောက်သွားနိုင်တယ်လို့လည်း သူကခန့်မှန်းတယ်။

ဆိုးကျိုးကတော့ဗျာ၊ လူငယ်အများစုက PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်စပ်ပြီးတော့ အဲဒီဒေသတွေကို မုချဝင်ရောက်သွားမှာပေါ့။ သူက ငါးသောင်းစုဆောင်းချိန်မှာ ဟိုဘက်ကို တစ်သိန်းလောက် ဝင်သွားနိုင်တယ်လို့ ကျွန်တော်ကမြင်ပါတယ်။ နောက် သူ့ဆီကိုဝင်သွားမယ့်ငါးသောင်းဟာလည်း သူအားကိုးလို့မရတဲ့၊ ယုံကြည်စိတ်ချမှုမရှိတဲ့ အင်အားတွေဖြစ်တဲ့အတွက် သူ့အတွက်က ဆိုးကျိုးတွေသာ ဖြစ်လာမှာပဲ” လို့ ဦးသန်းစိုးနိုင်ကပြောပါတယ်။

မလုပ်ရဲတာမရှိဘူးလို့ထုတ်ပြောပြီး ရွေးကောက်ခံအစိုးရကို ဖြုတ်ချအာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့  စစ်မှုထမ်းခိုင်းမယ့် အစီအစဉ်ကို ကိုနိုင်တို့လို ခေတ်ပညာတတ်၊ မျှော်မှန်းချက်ကြီးတဲ့ မြို့ကြီးသား လူငယ်တချို့ကတော့ အာဏာရှင်သက်ဆိုးရှည်ရေး အစီအစဉ်လို့ မြင်ကြပြီး  ရရာနည်းနဲ့ ဆန့်ကျင်ဖို့ ကြံစည်ထားကြတာပါ။

ဒီဥပဒေပြဌာန်းပြီး ကျွန်တော်တို့ကို စစ်မှုထမ်းခိုင်းဖို့ လုပ်လာတာဟာ  ကျွန်တော်တို့ကို သူတို့က ပြည်သူလို့ကို မြင်ပုံမရဘူး။ အားလုံးကို ကျွန်တွေလို့မြင်နေပုံရတယ်။ သူတို့ခိုင်းတာလုပ်ရမယ့် ကျွန်ဇာတ်သွင်းလိုက်တဲ့လုပ်ရပ်လို့ပဲ မြင်တယ်” လို့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းမယ့် စစ်ကောင်စီရဲ့ အစီအစဉ်ကို ကိုနိုင်က ဝေဖန်ပါတယ်။ 

၁၉၈၈  လူထုအရေးတော်ပုံကိုဖြိုခွင်း၊ ဆယ်စုနှစ်နှစ်ခုလောက်အချိန်ယူကာ စစ်အာဏာရှင်အကျိုးစီးပွားကို ကာကွယ် ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ ၂၀၁၀ မှာ တိုင်းပြည်ကိုတံခါးဖွင့်ပေးခဲ့ပေမယ့် ဒီပြည်သူ့စစ်မှုထမ်းဥပဒေကိုတော့ ယခင် အာဏာရှင်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရော၊ စစ်အင်္ကျီချွတ်ပြီး တိုက်ပုံဝတ်အုပ်ချုပ်သူ သမ္မတဦးသိန်းစိန်ပါ  အသက်မသွင်းခဲ့ပါဘူး။

ဒီဥပဒေကို ၂၀၁၀၊ နိုဝင်ဘာကတည်းက ဥပဒေအမှတ် ၂၇/၂၀၁၀ အဖြစ် ပြဌာန်းခဲ့တာပါ။ဒါကိုအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုမှ အသက်သွင်းလိုက်တာ  ဖြစ်ပါတယ်။ ဒီဥပဒေအရ နိုင်ငံသား ၁၃ သန်း ကျော်ဟာ စစ်မှုထမ်းရမယ့်သူတွေအဖြစ် အကြုံးဝင်နေတာပါ။

အမျိုးသမီး ခုနှစ်သန်းကျော်နဲ့ အမျိုးသား ခြောက်သန်းကျော် စစ်မှုထမ်းဖို့ အကျုံးဝင်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားပါတယ်။ စစ်မှုထမ်းရမယ့် အသက်အရွယ်ကိုတော့ အမျိုးသမီး ၁၈၂၇ နှစ်နဲ့ အမျိုးသား ၁၈၃၅ နှစ် ကြားလူတွေလို့ ပြဌာန်း ထားတာပါ။

ဒါ့အပြင် အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုခု တတ်မြောက်တဲ့ ပညာရှင်တွေဆိုရင် အသက်အရွယ်ကို  အမျိုးသမီး ၃၅၊ အမျိုးသား ၄၅ နှစ်အထိ သတ်မှတ်ထားပါတယ်။ 

ဥပဒေပြဌာန်းပြီးနောက် ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ပြည်နယ်အဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးကော်မတီတွေကို စစ်ကောင်စီက ဖွဲ့စည်းခဲ့ပါတယ်။ စစ်မှုထမ်းဖို့ဆင့်ခေါ်မယ့် ပထမဆုံးအကြိမ်ဟာ လာမယ့် သင်္ကြန်ကာလအလွန်မှာ စတင်နိုင်ပြီး တစ်ကြိမ်ကို လူငါးထောင်အထိဆင့်ခေါ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ တစ်နှစ်ကို စစ်မှုထမ်းငါးသောင်းနဲ့ ခြောက်သောင်းကြားအထိ ခေါ်နိုင်တာပါ။

စစ်ကောင်စီတပ်တွေအထိနာခဲ့တဲ့ နာမည်ကျော်‘ ၁၀၂၇ စစ်ဆင်ရေး‘ ရှမ်းမြောက်စစ်မြေပြင်မှာ တွေ့ရတဲ့ PLA တပ်သားတချို့
စစ်ကောင်စီတပ်တွေအထိနာခဲ့တဲ့ နာမည်ကျော်‘ ၁၀၂၇ စစ်ဆင်ရေး‘ ရှမ်းမြောက်စစ်မြေပြင်မှာ တွေ့ရတဲ့ PLA တပ်သားတချို့

 

 

အနာဂတ်တွေပျောက်ဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် မစု(အမည်လွှဲ)ကတော့ စစ်မှုထမ်းရမယ့် သတင်းကြားပြီး ထိတ်လန့်တုန်လှုပ်မိတယ်လို့ ဆိုတယ်။ သူရောသူ့သူငယ်ချင်းတွေပါ ဒီအပေါ်မှာ စိုးရိမ်ပူပန်နေကြပြီး ပြည်ပထွက် ကျောင်းတက်ဖို့ ရည်ရွယ်ထားတဲ့ အနာဂတ်တွေ ပျက်စီးသွားမှာကို တွေးပူတယ်လို့ ဆိုပါတယ်။

ဥရောပနိုင်ငံတွေမှာ တက်ခွင့်ရဖို့တော့ လုပ်နေတယ်။ အဲဒါတွေကလည်း စာမေးပွဲဖြေဖို့ သင်တန်းတွေတက်တာနဲ့ ကြာဦးမှာဆိုတော့ ဒီကြားထဲမှာ ဒီစစ်မှုထမ်းတာကြီးရောက်လာမှာကို တော်တော်လေးစိတ်ပူနေတာပါ။ ပြည်ပထွက်ဖို့လည်း အခြေအနေမပေးဘူး။ တကယ်လည်း တပ်ထဲဝင်ရတော့မယ်ဆိုရင်တော့ တောထဲပြေးကြဖို့တော့ သူငယ်ချင်းတွေနဲ့ တိုင်ပင် နေတာ ရှိပါတယ် လို့ သူ့သဘောထားကို ပြောပြတယ်။

ဥယျာဉ်ခြံစိုက်ပျိုးရေးနဲ့ အသက်မွေးကြတဲ့ သူ့ရဲ့မိဘတွေဟာလည်း ဒီဥပဒေထွက်လာတဲ့အပေါ် စိုးရိမ်ပူပန်နေကြပေမယ့် သူ့အတွက်ကောင်းမွန်တဲ့အကြံဉာဏ်တော့ အခုထိမပေးနိုင်ကြသေးဘူးလို့ မစုကပြောပြတယ်။ စစ်ကောင်စီလက်အောက်မှာ စစ်မှုထမ်းဖို့ထက် လွတ်ရာ၊ကျွတ်ရာကို ရှောင်နိုင်ဖို့တော့ သူနားလည်သလောက် စဉ်းစားထားတယ်လို့ မစုကပြောပါတယ်။

သူ့ဆန္ဒက နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ပညာသင်ပြီး ကိုယ့်လူ့အဖွဲ့အစည်းကို အကျိုးပြန်ပြုနိုင်သူဖြစ်ဖို့ ရည်မှန်းပေမယ့် ဒီဥပဒေပြဌာန်းလာတာကြောင့် သူ့ရဲ့အနာဂတ်ရည်မှန်းချက်တွေဟာ ဝေဝါးသွားရတယ်လို့ သူကဆိုပါတယ်။

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ်၊ ကလေးတစ်ယောက်အဖေ ကိုအောင်(အမည်လွှဲ)ဟာ မြို့ပြအင်ဂျင်နီယာပါ။ သူတို့လို ပညာရှင်တွေကို အသက် ၄၅ နှစ် မကျော်ခင်အထိ  စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်တယ်လို့ ဒီဥပဒေကဆိုထားတော့ သူလည်း ငြိနေတာပေါ့။

ဒီဥပဒေထွက်လာတော့ တော်တော်ကို စဉ်းစားနေတယ်။ ကျွန်တော့်အသက်အရွယ်အရရော ပြီးတော့ သူတို့သတ်မှတ်ထား တဲ့ အတတ်ပညာရှင်ဆိုတဲ့ ခေါင်းစဉ်ကြောင့်ရော အကုန်ငြိနေတော့ စိုးရိမ်ရတယ်။ အိမ်က မိန်းမနဲ့ မိသားစုတွေကတော့ တော်တော် စိုးရိမ်နေတယ်။ အခုထိတော့ ဘယ်လိုလုပ်ရမလဲ သေချာမသိသေးပါဘူး လို့ သူကညည်းတွားတယ်။

ကလေးငယ်နဲ့ မိသားစုကို ပျိုးထောင်ရမယ့်သူ့အဖို့ ရွေးချယ်စရာကသိပ်မရှိပေမယ့် အခုအချိန်လူလွတ်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီကို ခံတိုက်တဲ့လမ်းကို ရွေးမိမယ်လို့ကိုအောင်ကပြောတယ်။

ဖြစ်ချင်ရာဖြစ်ဆိုပြီး တောထဲဝင်သွား၊ PDF ထဲ ဝင်သွားလို့ ရတယ်။ ဒါပေမဲ့ ကျန်နေတဲ့မိသားစုအတွက်ပဲ စဉ်းစားရခက်နေတာပေါ့။ မိသားစုကို ဘယ်လိုထားမလဲ၊ မိသားစုလိုက်ရွှေ့ရမလားလို့ စဉ်းစားတာပေါ့လေ။ တကယ်တော့ ကျွန်တော်တို့က ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ချင်တာ။ တိုက်ပွဲထဲလည်း မဝင်ချင်ဘူး လို့ သူ့ဆန္ဒကိုပြောတယ်။

သူ့အနေနဲ့စစ်ကောင်စီအတွက်စစ်မှုထမ်းပေးဖို့ဆန္ဒမရှိဘဲ ရှောင်လွှဲနိုင်မယ့်နည်းလမ်းတွေနဲ့ ဆက်ဖြစ်လာမယ့်အကျိုးဆက်တွေကို စောင့်ကြည့်ဦးမယ်လို့ ကိုအောင်ကပြောပြတယ်။

ဒီအခြေအနေကြီးတော့ ဘယ်လိုမှ စစ်ထဲမဝင်ချင်ဘူး။ အိမ်ကမိန်းမကို မုဆိုးမ မဖြစ်စေချင်သေးဘူး။ ကျွန်တော့်သားလေးကိုလည်း မိဘစုံစုံလင်လင်နဲ့ပဲ ကြီးပြင်းစေချင်တယ်လို့ သူကဆိုပါတယ်။

 

နွေဦးအရေးအခင်းကပေါ်ပေါက်လာပြီး အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA) တပ်ဖွဲ့ဝင်များ အားကစားပြိုင်ပွဲ ကျင်းပနေပုံကို ဒီနှစ် ဇန်နဝါရီလတုန်းက တွေ့ရစဉ်။ (Photo – နေမျိုး (BPLA Page))
နွေဦးအရေးအခင်းကပေါ်ပေါက်လာပြီး အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA) တပ်ဖွဲ့ဝင်များ အားကစားပြိုင်ပွဲ ကျင်းပနေပုံကို ဒီနှစ် ဇန်နဝါရီလတုန်းက တွေ့ရစဉ်။ (Photo – နေမျိုး (BPLA Page))

 

 

PDF ထဲ မိသားစုလိုက်ဝင်မယ်

အာဏာသိမ်းထားတာ သုံးနှစ်ကျော်လာတဲ့အချိန်မှာ နိုင်ငံတစ်ဝန်းက ခုခံတွန်းလှန်သူတွေဟာ အားပိုကောင်းလာပြီး စစ်ကောင်စီဟာ အင်အားချိနဲ့လာပါတယ်။  

စစ်စခန်းလိုနေရာတွေကျဆုံးတာမျိုး မဟုတ်တော့ဘဲ မြို့ရွာတွေပါ ခုခံတွန်းလှန်သူတွေလက်ထဲ ကျရောက်ဆုံးရှုံးလာနေရတာပါ။ ဒါ့အပြင် စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်တွေဟာ တပ်ရင်းလိုက် လက်နက်ချသူချ၊ နယ်စပ်ဖြတ်ကျော်ထွက်ပြေးသူပြေးနဲ့ ဝရုန်းသုန်းကားဖြစ်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီကမထုတ်ပြန်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းထားတဲ့သုံးနှစ်ကျော်အတွင်းမြေပြင်မှာသေဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ဟာလည်း သောင်းနဲ့ချီတဲ့ ကိန်းဂဏန်းတွေအထိ တိုးလာနေတာပါ။

သေဆုံးသူတွေထဲမှာအဆင့်မြင့်အရာရှိကြီးတွေဖြစ်တဲ့ ဗိုလ်မှူးချုပ်တွေ၊ တပ်မမှူးတွေ၊ တပ်ရင်းမှူးတွေ၊ စစ်ဆင်ရေးမှူးတွေအထိ ပါဝင်နေတာကို တွေ့ရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်စခန်းနဲ့မြို့ရွာတွေသာမက စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ်၊ ရေယာဉ်အထိပါ ချေမှုန်းထားနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

ချိနဲ့အားပျော့လာတဲ့ သူ့ရဲ့စစ်တပ်ကို ဖြည့်တင်းဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီဥပဒေကိုထုတ်သုံးလာတာလို့ လေ့လာသူတချို့ကဝေဖန်ကြပြီး ဒီလုပ်ရပ်ဟာ ကောင်းကျိုးထက် ဆိုးကျိုးများစေမယ့် လုပ်ရပ်လို့လည်း သုံးသပ်နေကြတာပါ။

စစ်ခေါင်းဆောင်တွေဟာ လူတွေရဲ့စိတ်ဓါတ်နဲ့အရည်အချင်းကို အလေးထားတာ မဟုတ်ဘူး။ အရေအတွက်နဲ့ ကိန်းဂဏန်းတွေလောက်ပဲ အလေးထားတဲ့ လူတွေဖြစ်တယ်။ သူ့လက်ထဲမှာ အရေအတွက်တိုးလာရင်ရပြီ။ ဒါပေမဲ့ အရည်အချင်းမရှိတဲ့အတွက် အဲဒါဟာ သူတို့အတွက် ဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကို ထည့်မတွက်ကြဘူး။ အဲဒါကြောင့် သူတို့ကျဆုံးမှုကို မြန်ဆန်သွားစေမယ်လို့ ကျွန်တော်က ပြောရတာဖြစ်ပါတယ်” လို့ ဦးသန်းစိုးနိုင်က ပြောတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းတာခံလိုက်ရပြီး စင်ပြိုင်အစိုးရအဖြစ် တည်ထောင်ကာ တော်လှန်ရေးကို ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့  စစ်ကောင်စီပြဌာန်းတဲ့ ဥပဒေမှန်သမျှဟာ တရားမဝင်တာမို့  မလိုက်နာကြနဲ့လို့ ဒီဥပဒေပြဌာန်းပြီးရက်ပိုင်းအကြာမှာ ကြေညာထားပါတယ်။

ဒါ့အပြင်နွေဦးအရေးအခင်းကပေါက်ဖွားလာတဲ့  တော်လှန်ရေးအဖွဲ့အစည်းတချို့ကလည်း စစ်ကောင်စီက စစ်မှုထမ်းဖို့ ဥပဒေပြဌာန်းလိုက်ပြီးနောက် သူတို့ထံကို ဆက်သွယ်လာတဲ့ မြို့နေလူငယ်တွေများလာပြီး တချို့ဆိုရင် စစ်မြေပြင်ထိရောက်လာလို့ စောင့်ရှောက်ကူညီတာတွေ လုပ်ဆောင်ပေးနေကြပြီလို့ ဆိုကြပါတယ်။

 

၂၀၂၁ မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်   အသစ်ပေါ်လာတဲ့ ပုန်ကန်သူတို့ ခိုလှုံရာနယ်မြေတစ်ခုက စစ်ကိုင်းတိုင်းပါ။ စစ်ကောင်စီကို ရွံမုန်းတွန်းလှန်နေသူများပြားလှတဲ့ စစ်ကိုင်းတိုင်းဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက်တော့ ခေါင်းခဲရတဲ့ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ဗမာတိုင်းရင်းသားအများစုရှိတဲ့ အဲဒီဒေသဟာ အာဏာမသိမ်းခင်တုန်းကတော့ တော်လှန်ပုန်ကန်မှုတွေ အေးငြိမ်းရာအရပ်ပါ။

ကလေးနှစ်ယောက်မိခင် အသက် ၃၅ နှစ်အရွယ် ဒေါ်ကြေးမုံ(အမည်လွှဲ)ဟာ စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမှာနေထိုင်တဲ့ လုပ်ငန်းရှင်တစ်ဦးပါ။ စစ်ကောင်စီပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနဲ့ အကြုံးဝင်နေတဲ့ တူ၊ တူမ လေးယောက်ဟာ သူနဲ့အတူ နေထိုင်ပါတယ်။ 

သူတို့ဒေသဟာစစ်ကောင်စီကို တွန်းလှန်ခုခံရာမှာ အားကောင်းတဲ့ ဒေသမလို့ နဂိုကတည်းက ဒီလူငယ်တွေဟာ တော်လှန်ရေးကို ပါဝင်လိုကြပေမယ့် ဆိုဆုံးမပြီး သူကတားခဲ့၊ဆီးခဲ့တာပါ။ အခုတော့အခြေအနေကိုထိန်းဖို့ခက်အောင် စစ်ကောင်စီက လုပ်ဆောင်လိုက်ပြီလို့ ဒေါ်ကြေးမုံက ဆိုပါတယ်။ အခြေအနေတွေရှုပ်ထွေးလာရင် ကလေးတွေဆန္ဒအတိုင်း လုပ်ဖို့ခွင့်ပြုမှာဖြစ်ပြီး သူကိုယ်တိုင်လည်း ပံ့ပိုးမှာလို့ သူကဆိုပါတယ်။

ဒီကလေးတွေက သူတို့သဘောအတိုင်းဆိုရင်လည်း စစ်ထဲတော့ဝင်မှာ မဟုတ်ဘူး၊ PDF ထဲပဲ သူတို့ဝင်မှာ။ အဲဒါဆိုတော့ တို့ကလည်း တားစရာအကြောင်းမရှိဘူးလေ။ ဂုဏ်သိက္ခာအရ နှစ်ခုယှဉ်လို့ သေလမ်းသွားမှာချင်း အတူတူတောင် အကျိုးရှိတဲ့ အလုပ်ကို သူတို့သွားလုပ်တာဖြစ်တဲ့အတွက် တားစရာအကြောင်း မရှိဘူး လို့ သူကပြောတယ်။

သူတင်မဟုတ်၊  သူ့အနီးဝန်းကျင်ကလူတွေဟာလည်း သူတို့မိသားစုလိုပဲ စဉ်းစားနေကြပြီး အဓမ္မစစ်မှုထမ်းခိုင်းလာတဲ့အခါ နီးစပ်ရာတော်လှန်ရေးစခန်းမှာ ခိုလှုံအလုပ်အကျွေးပြုဖို့ ဆုံးဖြတ်ထားကြတယ်လို့ ပြောပြတယ်။

မဖြစ်မနေ(စစ်မှုထမ်း)ခေါ်ရင် PDF ထဲကို မိသားစုလိုက်ဝင်မှာ။ ဒီဘက်နယ်တွေမှာ ဘယ်သူ့မေးမေးသိတယ်။ ထမင်းပဲ ချက်ရချက်ရ၊ ဘာပဲလုပ်ရလုပ်ရ မိသားစုလိုက်သွားမယ်ဆိုတဲ့သူက အများကြီးပဲ” လို့ စစ်ကောင်စီပြဌာန်းတဲ့ စစ်မှုထမ်းဥပဒေ အပေါ် သူတို့ဒေသခံတွေ ရှု့မြင်ပုံကို ဒေါ်ကြေးမုံကပြောပြီး အခုလိုလည်း ဆက်ဆိုတယ်။

စစ်မှုထမ်းခိုင်းတာက အဓိပ္ပါယ်ကိုမရှိတာ။ အချင်းချင်း သတ်ခိုင်းဖို့လုပ်တာ။ ပြီး‌တော့ ဒါ ကလေးတွေရဲ့အနာဂတ်ကို ဖျက်ဆီးတာလေ။ (စစ်မှုထမ်း) ပါသွားရင်တော့ သေလမ်းလို့ပဲ မြင်တာပဲ။ သေလမ်းကို သူတို့(စစ်ကောင်စီပို့တယ်လို့ပဲ မြင်တယ်


(( ဤဆောင်းပါးသည် မော်ကွန်းမဂ္ဂဇင်း၏ ဆောင်းပါးဖြစ်သည်။ မော်ကွန်းမဂ္ဂဇင်းသည် မြန်မာနိုင်ငံ၌ ပထမဆုံးသော စုံစမ်းထောက်လှမ်းရေးသားသည့် သတင်းဌာနတခုဖြစ်သည်။ )


နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10