နွေဦးတော်လှန်ရေးကာလ အညာက 'ပွဲ' (အတွေးအမြင်)

နွေဦးတော်လှန်ရေးကာလ အညာက 'ပွဲ' (အတွေးအမြင်)

ကုန်ကားကြီးတစီးဟာ တော်လှန်ရေးသီချင်းတွေ ကျယ်လောင်စွာဖွင့်ထားတဲ့ ဆောင်းဘောက်ကြီး ၃ လုံးကိုတင်ပြီး မကွေးတိုင်း၊ ပေါက်မြို့နယ်က ကျေးရွာတခုထဲသို့ ဖြည်းဖြည်းချင်းမောင်းဝင်လာပါတယ်။ 

ကားခေါင်းပိုင်းမှာ ဝါးလုံးနဲ့ ချည်ပြီး လွှင့်ထူထားတဲ့ အနီရောင်အောက်ခံနဲ့ အဖြူရောင် ကြယ်တလုံးပါ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံကလည်း လေတိုက်တိုင်း တလူလူလွင့်လို့။ 

ကားအနီးဝန်းကျင်မှာလည်း ပြောက်ကျားယူနီဖောင်းဝတ် လူ ၂၀ ကျော်လောက်ဟာ လက်နက်တွေကို ကိုင်မြှောက်ရင်း ရွာသားတချို့နဲ့အတူ ပျော်ရွှင်မြူးတူး ကခုန်နေကြပါတယ်။ တချို့ကလည်း အင်္ကျီတွေချွတ်ပြီး စိတ်လွတ်လက်လွတ် ခုန်ပေါက်နေကြပါတယ်။ 

သူတို့ပျော်နေကြတာကို ကြည့်နေကြတဲ့ရွာသားတွေရဲ့ ရင်ထဲက ပီတိကလည်း မျက်နှာမှာအတိုင်းသား ပေါ်နေပါတယ်။ 

ဒီမြင်ကွင်းဟာ သင်တန်းဆင်းပြီးပြန်လာတဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ကြမယ့် လက်နက် ကိုင်တော်လှန်ရေး ရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုနေကြတဲ့ အညာဒေသက မြင်ကွင်းတခုပါ။ 

အညာဒေသမှာ ရာသီအလိုက်ပွဲတော်တွေ ပျောက်ဆုံးလုနီးပါးဖြစ်သွားခဲ့တာဟာ ၂၀၂၁ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းကပါ။ အာဏာသိမ်းပြီးနောက် သေနတ်သံတွေ တဒိုင်းဒိုင်းက အညာရဲ့ ပျော်စရာ၊ ရွှင်စရာ အစဉ်အလာပွဲတော်တွေကို ဖယ်ရှားပြီး ထိတ်လန့်စရာပွဲ၊ တိုက်ပွဲတွေအဖြစ် အစားထိုးဝင်ရောက်လာပါတယ်။ 

နွေဦးတော်လှန်ရေး ၂ နှစ် မပြည့်ခင်မှာပဲ မြို့ကြီးပြကြီးနဲ့ တချို့သောနယ်မြို့တွေမှာ ရာသီအလိုက်ပွဲ တော်တွေ၊ စစ်ကောင်စီအလိုကျ ဖျော်ဖြေပွဲတွေနဲ့ ပေါ်ပင်ပွဲတွေမှာ လူတွေက ပျော်ကြပါးကြ၊ လူမှုကွန် ရက်ပေါ် အပြိုင်အဆိုင်တင်ထားကြတာတွေကို မြင်ရကြည့်ရတဲ့အညာဒေသက လူတွေအတွက် ကမ္ဘာခြားနေသလား ထင်မှတ်စရာပါ။ 

ဒါပေမဲ့ နွေဦးတော်လှန်ရေး ၃ နှစ်နီးပါးကြာလာချိန်မှာတော့ ထိတ်လန့်စရာ တိုက်ပွဲတွေကြားမှာပဲ သောကတွေဝေနေခဲ့ရတဲ့ အညာဒေသကလူတွေအတွက် အစဉ်အလာမဟုတ်တဲ့ ပျော်စရာပွဲတမျိုး ပေါ်ထွက်လာပါတယ်။ 

ဒါကတော့ အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်နေတဲ့ တိုက်ပွဲဝင်ရဲဘော်တွေရဲ့ ရှေ့တန်းအပြန်ခရီးနဲ့ သင်တန်းဆင်းရဲဘော်တွေရဲ့ အပြန်ခရီးကို ကြိုဆိုကြတဲ့ ပွဲတွေပဲဖြစ်ပါတယ်။ ကြိုဆိုကြတာဟာ ရွာရှိလူအကုန် လမ်းပေါ်ထွက်ပြီး အူလှိုက်သည်းလှိုက် ဝမ်းပန်းတသာကြိုဆိုကြတာပါ။  

တော်လှန်ရေးရဲဘော်တွေ တိုက်ပွဲက ပြန်လာတာဖြစ်စေ၊ သင်တန်းဆင်းလာတာဖြစ်စေ ရွာနားက ဖြတ်မယ်ဆိုတဲ့ သတင်းကြားတာနဲ့ ရွာသားတွေဟာ သပြေခက်တွေ၊ ပန်းစည်းတွေ၊ အစားအသောက်တွေနဲ့ အသင့်စောင့်နေကြပြီး ရဲဘော်တွေ ရောက်လာပြီဆိုတာနဲ့ အပြေးအလွှားကြိုဆိုကြတာပါ။  

PDF ရဲဘော်တွေ သင်တန်းဆင်းလို့ အထိုင်ချစခန်းကို ပြန်လာတော့မယ့် သတင်းကို ကြားရပြီဆိုရင် စခန်းအနား ကျေးရွာတွေက ရွာသူ၊ ရွာသားတွေဟာ ရဲဘော်တွေကို ကြိုတင်အသိမပေးဘဲ ကြိုဆိုဖို့ အသင့်ပြင်ကြပါတယ်။ 

အဲ့ဒီလို ကျေးရွာမှာ ကြိုဆိုပွဲလုပ်တော့မယ်ဆိုရင် ရပ်ကျေးအဖွဲ့ဝင် လူကြီးတချို့နဲ့ လူငယ်တချို့ဟာ ကားငှားသူ ငှား၊ မီးစက်နဲ့ သီချင်းဖွင့်ဖို့ ဆောင်းဘောက်ရှာသူက ရှာ၊ အစားအသောက်ချက်ပြုတ်သူ ပြုတ်နဲ့ နာရီပိုင်းအတွင်းမှာ အလုပ်များသွားကြပါတယ်။

အမျိုးသမီးတချို့က ကိုယ့်အိမ်အတွက် မချက်ပြုတ်ကြတော့ဘဲ ရွာအဝင်လမ်းတွေမှာ သပြေခက်တွေ ကိုင်ပြီး သင်တန်းဆင်းရဲဘော်တွေကို နေပူပူမှာ စောင့်ကြိုနေတတ်ကြတယ်။ 

ရဲဘော်တွေ ရောက်လာပြီဆိုရင်တော့ ရွာလယ်လမ်းမကြီးပေါ်မှာ သပြေခက်တွေ ပန်းတွေကိုင်ထားတဲ့ ရွာသူ ရွာသားတွေ၊ အားပေးစကားပြောတဲ့ ပြည်သူတွေ၊ ရဲဘော်တွေကိုကြည့်ပြီး ပျော်ရွှင်ခုန်ပေါက်နေတဲ့ ကလေးတွေနဲ့ ပြည့်လျှံသွားတတ်ပါတယ်။ 

ရဲဘော်တွေ ပြန်လာမှာကို ကြိုမသိထားတဲ့ ရွာသားတချို့ကလည်း ကားတွေ သူတို့အိမ်ရှေ့က ဖြတ်သွား တာနဲ့ ခြံထဲမှာရှိတဲ့ ပန်းတွေကို ပြေးချိုးပြီး ကားနောက်က အပြေးလိုက်ပြီး ပေးတတ်ကြတယ်။ 

ကြိုဆိုသူတွေ လမ်းလုံးပြည့် ဖြစ်နေတဲ့နေရာဆိုရင်တော့ တော်လှန်ရေးရဲဘော်တွေဟာ ကားပေါ်က နေဆင်းပြီး လက်ခုပ်တီးသံတွေကြား တန်စီလမ်းလျှောက်ရင်း သပြေခက်တွေကို ယူကြပါတယ်။  

အဲ့ဒီရှေ့တန်းပြန်ရဲဘော်တွေထဲမှာ အမျိုးသမီးရဲဘော်တဦးတလေ ပါပြီဆိုရင်တော့ ရွာထဲက အဒေါ်ကြီး တွေက “အမေ့သမီး၊ ဒါမှ ငါတို့ သမီးလေး တော်လိုက်တာ” လို့ ရေရွတ်ရင်း အဲဒီအမျိုးသမီးရဲဘော်လေးကို ဝိုင်းနမ်းကြပါလိမ့်မယ်။ ဒီမြင်ကွင်းကို မြင်ရသူအဖို့ မျက်ရည်ဝဲလောက်အောင်ကို ကြည်နူးစရာပါ။ 

တချို့ ရွာသားတွေကလည်း သူတို့သိတဲ့ ရဲဘော်တွေနာမည်ကို အော်ဟစ်ကာ အားပေးကြမယ်၊ သပြေ ခက်တွေပေးပြီး ဂုဏ်ပြုကြမယ်။ 

တချို့ရဲဘော်တွေဆို သပြေပန်းစည်းကြီးတွေ ပိုက်ရင်း မျက်နှာတွေပါ အုပ်သွားလို့  ရှေ့ကို မမြင်ရနိုင် ဖြစ်ပြီး လမ်းပြကြပါဦးလို့တောင် အော်ရတဲ့ အထိပါ။ 

အဲ့ဒီလို ပြည်သူတွေရဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုခြင်းကို ခံရပြီဆိုရင် ရှေ့တန်းပြန် ရဲဘော်တွေ၊ သင်တန်း ပြန် ရဲဘော်တွေဟာ ပင်ပန်းထားသမျှကို မေ့ပျောက်လို့ ပြုံးရွှင်တဲ့ မျက်နှာတွေ သူတို့မျက်နှာပေါ်မှာ အတိုင်းသားပါ။ 

ပြည်သူတွေကလည်း အာဏာသိမ်းစစ်တပ်ရဲ့ ရန်ကနေ ကာကွယ်ပေးမယ့်သူတွေ ပြန်ရောက်လာပြီ၊ အာဏာရှင်စစ်တပ်ကို တော်လှန်ခဲ့ပြီဆိုတဲ့ အားရကျေနပ်ပျော်ရွှင်မှုတွေ ရကြပါတယ်။ 

အိမ်တချို့က အချိုရည်တွေနဲ့ မုန့်တွေကို လက်ဆွဲရေပုံးထဲထည့်၊ ရဲဘော်တွေကို လိုက်ဝေကြ၊ ကားပေါ်ကိုလည်း မုန့်ထုပ်တွေ ပစ်တင်ကြနဲ့ ရဲဘော်တွေကို ကြိုဆိုတဲ့ပွဲဟာ ပျော်ရွှင်စရာကြီးပါ။ 

ရဲဘော်တွေကို ဒီလိုကြိုဆိုကြတာဟာ တရွာဝင်၊ တရွာထွက်ပါ။ သပြေခက်မရှိရင် တမာခက်နဲ့ ကြိုကြတယ်။ 

ဒါကတော့ အာဏာသိမ်းပြီးတဲ့နောက် အညာဒေသက ပျော်ရွှင်စရာ ပွဲလမ်းသဘင်တွေနေရာမှာ အစာထိုးဝင်ရောက်လာတဲ့ အညာဒေသတခွင်မှာ မကြာခဏမြင်တွေ့ ပျော်ရွှင်စရာ တော်လှန်ရေး ရဲဘော်ကြိုဆိုပွဲပါ။

#မြေလတ်အသံ

#ဆောင်းပါး #အတွေးအမြင် #အညာ #နွေဦးတော်လှန်ရေး #ရဲဘော် #သင်တန်းဆင်း #တိုက်ပွဲ #ဒေသခံ #ကြိုဆို #သပြေခက် #တမာခက် #အညာပွဲတော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10