နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် အသံတိတ်သပိတ်နဲ့ အဖြူရောင်ကမ်ပိန်း ပါဝင်ကြဖို့ နှိုးဆော်

နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် အသံတိတ်သပိတ်နဲ့ အဖြူရောင်ကမ်ပိန်း ပါဝင်ကြဖို့ နှိုးဆော်

လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ စစ်တပ်ကအာဏာသိမ်းထားတာ ၃ နှစ်ပြည့်မြောက်ပြီဖြစ်ပြီး အဲ့ဒီနေ့မှာ အသံတိတ်သပိတ်နဲ့ အဖြူရောင်ကမ်ပိန်းကိုပြုလုပ်သွားမှာဖြစ်ပြီး ပူးပေါင်းပါတင်ကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ကြေည ထားပါတယ်။ 

အပြင်မထွက်၊ အသံတိတ်သပိတ်(Silent Strike)ကို ဖေဖော်ဝါရီ ၁ ရက်၊ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိပြုလုပ်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ကိုယ့်အိမ်၊ ကိုယ်ဈေးဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာအောက်ကနေ Silent Strike ကို ပညာသားပါပါနဲ့ ဖော်ဆောင်ဆင်နွှဲကြဖို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

အသံတိတ်သပိတ်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဒေါက်တာတေဇာဆန်းက “စစ်အာဏာရူးတွေဟာ ပြည်သူကိုအနိုင်ယူဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ ဒီပွဲဟာ မုချပြည်သူ့ဘက်က နိုင်မှာပါ။ တော်လှန်ရေး ၃ နှစ်အလွန်ကာလမှာ အောင်ပွဲနဲ့ထိုက်တန်တယ်ဆိုတာ အောင်ပွဲအမြန်ရဖို့ အကောင်းဆုံးသက်သေပြရမယ့် အချိန်ဖြစ်ပါတယ်။ တနည်းပြောရင်တော့ တော်လှန်တိုက်ပွဲမှာ တက်စုံလွှင့် ရွက်ကုန်လွှင့်ရမယ့်အချိန်ဖြစ်တယ်” လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပြောကြားထားပါတယ်။ 

နိုင်ငံအချို့နဲ့ အဖွဲ့အစည်းအချို့က စစ်ကောင်စီကို လေယာဉ်လောင်စာဆီရောင်းချ၊ သယ်ယူပေးနေတာတွေ ရပ်တန်းကရပ်ရေး၊ အာဏာသိမ်းစစ်တပ်က နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေအပေါ် အတင်းအဓမ္မကောက်ခံတဲ့ “သွေးစွန်းငွေ အခွန်အခ” လုံးဝမပေးဆောင်ရေး အဖြူရောင်လှုပ်ရှားမှု(Wihte Campaign)ကို တော်လှန်ရေး ၃ နှစ်ပြည့်တဲ့ ရက်ကနေစတင်ကာ အပတ်စဉ်တနင်္လာနေ့တိုင်း လုပ်ဆောင်သွားမယ်လို့ GSCB အဖွဲ့ ဆီက သိရပါတယ်။

ဒါ့အပြင် အဲ့ဒီလှုပ်ရှားမှုမှာ အာဏာသိမ်းစစ်တပ်ရဲ့ အစတေးခံ၊ ထိုးကျွေးခံဘဝ ရောက်နေပြီဖြစ်တဲ့ မြေပြင်တပ်မှူးတပ်သားများအနေနဲ့ အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြရေး၊ “အလံဖြူ”ထောင်ကာအလင်းဝင်လာကြရေးတို့ပါ ပါဝင်ပြီး အဖြူရောင်လှုပ်ရှားမှု(White Campaign) ကိုလည်း  ပြည်သူတွေအနေနဲ့ အဖြူရောင်အဝတ်အစား၊ အသုံးအဆောင်တွေကို အဆင်ပြေသလိုဝတ်ဆင်ရင်း ပါဝင်ဆင်နွှဲဖို့ ဆိုထားပါတယ်။

“ပြည်သူအားလုံး ပါးနပ်စွာနဲ့ ပါ၀င်သင့်တာပေါ့ဗျာ။ ပါးနပ်စွာဆိုတာ ရန်သူရဲ့နည်းပေါင်းစုံကောက်ကျစ် ခေါင်းစဉ်တပ်ပြီး တရားစွဲဆို၊ မတရားဖမ်းဆီးနိုင်မယ့်အရာတွေကို သတိရှိရှိရှောင်ကွင်းပြီး ပါ၀င်ကြသင့်တာကို ပြောချင်တာပါ။" လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ခံတဦးက ပြောပါတယ်။

ဆက်လက်ပြီး "ကျနော်တို့လူထုရဲ့ အယောက်စီတိုင်းမှာ အာဏာရှင်ကိုတော်လှန်စိတ်အပြည့်အ၀ရှိတယ်။ လူထုရဲ့စိတ်ထဲမှာကိန်းနေတဲ့ တော်လှန်စိတ်ကိုယ်စီကြောင့် အရင့်အရင်အသံတိတ်သပိတ်တွေလိုပဲ တိတ်တိတ်ဆိတ်ဆိတ် အင်ပြည့်အားပြည့်ရှိနေမယ်လို့ ယုံကြည်ပါတယ်။”လို့ သူက ဆိုပါတယ်။ 

အသံတိတ်သပိတ်(Silent Strike) တိုက်ပွဲဟာ မြန်မာပြည်သူတွေပါဝင်မှုအားကောင်းသလို နိုင်ငံတကာက အသိအမှတ်ပြုရပြီး စစ်ကောင်စီက ကြောက်ရွံ့တဲ့ လှုပ်ရှားမှုတခုလည်းဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူများက ဆိုကြပါတယ်။

“၂၀၂၄ ခုနှစ်မှာပြုလုပ်မယ့် အသံတိတ်သပိတ်ဟာ ပါဝင်ဖို့လွယ်ကူအောင် ဖန်တီးထားတာတွေ့ရတယ်။ အလွှာစုံပါဝင်နိုင်အောင် ခင်းကျင်းဖန်တီးထားတာဖြစ်လို့ ကျနော်တို့သည် စစ်ကောင်စီ စစ်အစိုးရယန္တယားတခုလုံးရဲ့ အုပ်ချုပ်ကွပ်ကဲမှုကို လက်မခံဘူး။ ကျနော်တို့ရင်ထဲမှာ နှစ်သက်မှုမရှိဘူးဆိုတာကို ပြသဖို့အတွက်တော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို မခံချင်ဘူးလို့ယူဆထားတဲ့သူ ထင်မြင်သုံးသပ်ပြီး ယုံကြည်ချက်ခိုင်မာသူ ပြည်သူတွေအားလုံးပါဝင်သင့်ပါတယ်” လို့ CDF-Asho မှတာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းရိုးချင်းက ပြောပါတယ်။ 

အသံတိတ်သပိတ်(Silent Strike) လှုပ်ရှားမှုအကြိမ်တိုင်းမှာ စစ်ကောင်စီဟာလမ်းမတွေပေါ် လူစည်ကားအောင်နည်းမျိုးစုံနဲ့ လုပ်ဆောင်တာ၊ တန်ပြန်ဆန္ဒပြပွဲတွေ လုပ်ဆောင်တာတွေရှိပြီး အသံတိတ်သပိတ်ပါဝင်ဆင်နွှဲသူ ပြည်သူတွေကိုအရေးယူတာ၊ ပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီးတာတွေ လုပ်ဆောင်လေ့ရှိပါတယ်။ 

ဓါတ်ပုံ - GSCB

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#နွေဦးတော်လှန်ရေး #စစ်အာဏာသိမ်းမှု #မြန်မာ့အရေး #လူထုလှုပ်ရှားမှု #သပိတ်တိုက်ပွဲ #ဆန္ဒဖော်ထုတ်မှု #အသံတိတ်သပိတ် #GSCB #SilentStrike #WhiteCampaign #အဖြူရောင်ကမ်ပိန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10