ပကဖဦးစီးကျင်းပတဲ့ ဘောလုံးပွဲမှာ ကလေးတဦး ကားကြိတ်ခံရပြီးသေဆုံး၊ ကျပ်သိန်း ၅၀ ပေးပြီး အမှုကို ကျေအေး

ပကဖဦးစီးကျင်းပတဲ့ ဘောလုံးပွဲမှာ ကလေးတဦး ကားကြိတ်ခံရပြီးသေဆုံး၊ ကျပ်သိန်း ၅၀ ပေးပြီး အမှုကို ကျေအေး

စစ်ကိုင်းတိုင်း၊ မော်လူးမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်က မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဦးဆောင်ကာ ဘောလုံးပြိုင်ပွဲကျင်းပချိန် အဲ့ဒီပွဲကို လာကြည့်တဲ့ကလေးတဦး ကားတိုက်ခံရကာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က ဘောလုံးပွဲ ဖွင့်ပွဲကျင်းပဖို့ပြင်ဆင်နေချိန် ကင်းပတ်နေတဲ့ မော်လူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကားနဲ့ မတော်တဆမှုဖြစ်ခဲ့တာပါ။  အဲဒီနေ့ဟာ အာဏာသိမ်း ၃ နှစ်ပြည့်အထိမ်းအမှတ် တနိုင်ငံလုံးအတိုင်းအတာနဲ့ Silent Strike (အသံတိတ်သပိတ်) ပြုလုပ်နေတဲ့ နေ့လည်းဖြစ်ပါတယ်။

“ကလေးက ဦးနှောက်ထွက်သွားတော့ နေ့ချင်းပဲသင်္ဂြိုဟ်လိုက်တယ်၊ ဘောလုံးကွင်းက ရွာပြင်ဘက် မှာ။ သူတို့က(ပကဖအဖွဲ့ဝင်တွေ) ဘောလုံးပွဲလုံခြုံရေးယူဖို့ လာကြတာ။ ကလေးက ဘောလုံးပွဲကြည့်ဖို့ လာတာ။ ရွာအလယ်လမ်းဆုံမှာ ကားနဲ့ငြိပြီး ဆုံးသွားတာ။” လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူဟာ ကူးဆိပ်ကျေးရွာက အသက် ၁၃ နှစ်အရွယ် မောင်ဖြိုးခန့်ထွန်းဖြစ်ပြီး သူဟာ အခြားအဖော်တယောက်နဲ့ ဘောလုံးပွဲကြည့်ဖို့ ဆိုင်ကယ်နဲ့လာချိန် အထက်ပါကားနဲ့ပွတ်တိုက်မိပြီး ကားအောက်ကို ကျရောက်သေဆုံးခဲ့ပါတယ်။ သေဆုံးကလေးငယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကမှ ရှင်ပြုထားသူဖြစ်ပြီး မိသားစုမှာ တဦးတည်းသော ‌သားယောက်ျားလေး ဖြစ်တယ်လို့ ဆိုပါတယ်။

အလောင်းကိုတော့ အဲ့ဒီနေ့မှာပဲသင်္ဂြိုဟ်ခဲ့ကာ သူနဲ့အတူလိုက်ပါလာတဲ့ ဆိုင်ကယ်မောင်းသူကတော့ ထိခိုက်သေဆုံးတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

အဲ့ဒီနောက် ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး ပကဖအဖွဲ့ဘက်က မိသားစုကိုတောင်းပန်ကာ ငွေကျပ်သိန်း ၅၀ ပေးခဲ့ပြီး အမှုကိုနှစ်ဖက်ကျေအေးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ဒီဖြစ်စဥ်နဲ့ပက်သက်ပြီး မော်လူးပအဖအဖွဲ့ဝင်တဦးက “မှားတာကတော့ တဖက်ထဲပဲ၊ ကားကို ကျော်တက်ပြီး ကြက်ခြံကိုဝင်တိုက်ပြီးမှ နောက်ကစီးတဲ့ ကလေးက ကားနောက်ဘီးအောက်ကို ဝင်သွားတာ၊ ကာယကံရှင်ရဲ့ မိဘ ၂ ပါးကို ပြေလည်ရာ ပြေလည်ကြောင်းပြောပြပြီး သူတို့တောင်းဆိုတဲ့ဟာလေး တာဝန်ယူပေးခဲ့ပါတယ်” လို့ ပြောပါတယ်။ 

‌အာဏာသိမ်း ၃ နှစ်ပြည့်အထိမ်းအမှတ် တနိုင်ငံလုံးအတိုင်းအတာနဲ့ Silent Strike (အသံတိတ်သပိတ်) ပြုလုပ်ဖို့ ပြင်ဆင်နေကြချိန် မော်လူးဒေသမှာ ဘောလုံးပွဲကျင်းပခဲ့တာကြောင့် ဒေသခံပြည်သူတွေ အကြား သဘောထားကွဲလွဲမှုတွေလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“အဲ့နေ့က သူတို့အဖွဲ့ကြောင့် ကလေးလည်း သေသေးတယ်၊ သူတို့ခေါင်းဆောင်က မိန့်ခွန်းပြောတောင် မပျက်ဘူး၊ ကားတိုက်မှုကို နောက်နေ့မှပဲဖြေရှင်းပေးတာ၊ ကလေးအမှားဆိုပြီးတောင် ပြောနေတယ်။"လို့ တခြားဒေသခံတဦးက ပြောပါတယ်။

အင်းတော်၊ ဗန်းမောက်နဲ့ မော်လူးမြို့နယ်တို့မှာ စိတ်ဓာတ်မြှင့်တင်ရေးအနေနဲ့ ဘောလုံးပြိုင်ပွဲတွေ မကြာခဏဆိုသလို ကျင်းပပေးလေ့ရှိတယ်လို့လည်း သိရပါတယ်။

ပုံစာ - ဖေဖော်ဝါရီ ၁ ရက်တွင် မော်လူးပကဖ ဦးဆောင်ပြုလုပ်သည့် ဘောလုံးပွဲ ဖွင့်ပွဲအခမ်းအနားကို တွေ့ရစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မော်လူး #ပကဖ #ဘောလုံးပွဲကျင်းပ #ကလေးတဦးသေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10