ပခုက္ကူခရိုင် အမှတ်(၁၁)တပ်ရင်းမှ ဘဏ္ဍာရေးမှူးဖြစ်သူက တပ်ရင်းပိုင်ငွေတွေကို ယူပြေး

ပခုက္ကူခရိုင် အမှတ်(၁၁)တပ်ရင်းမှ ဘဏ္ဍာရေးမှူးဖြစ်သူက တပ်ရင်းပိုင်ငွေတွေကို ယူပြေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဒေသ(၁)၊ ပခုက္ကူခရိုင် အမှတ်(၁၁)တပ်ရင်းရဲ့ ငွေစာရင်းဌာနမှ ဘဏ္ဍာရေးမှူးဖြစ်သူ ဟိန်းထက်အောင် (ခ) ဇော်ဝင်းထွဋ်ဟာ တပ်ရင်းပိုင်ဆိုင်တဲ့ငွေကြေးတွေကိုယူပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

ပခုက္ကူခရိုင်အမှတ်(၁၁)တပ်ရင်းမှာ ရံပုံငွေရရှိရေးအတွက် ရောင်းချထားတဲ့ ထီလက်မှတ်တွေရဲ့ ငွေကြေးတွေကို တပ်ရင်းရဲ့(တပ်ခွဲ)တခုကနေ ကောက်ယူပြီး ဒီဇင်ဘာ ၂၅ ရက် မနက် ၈ နာရီမှာ တပ်ရင်းဌာနကို ပြန်လာချိန် ဌာနကိုမရောက်ရှိလာတော့ဘဲ လမ်းကနေထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"သူက ၂၅ ရက်နေ့ တရက်လုံးရောက်မလာဘူး။ ဖုန်းဆက်ရင်လည်း စက်ပိတ်ထားတယ်။ တခြားရောင်းချထားတဲ့ နေရာတွေကိုများသွားပြီး ငွေကောက်နေတာလားဆိုပြီး ၂၆ ရက်နေ့စောင့်တယ်။ ရောက်မလာခဲ့ဘူး" လို့ ပခုက္ကူ ခရိုင်အမှတ်(၁၁) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံကိုဖိုးထင်က ပြောပါတယ်။

ဒီဇင်ဘာ ၂၇ ရက်မှာတော့ ကိုဟိန်းထက်အောင် ကို ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာကိုများ ခံထားရနေပြီလားဆိုကာ တပ်ရင်းရဲဘော်တွေက သူသွားနေကျနေရာတွေ၊ ပျူစောထီးကျေးရွာတွေဘက်ကို သွားရောက်ရှာဖွေခဲ့ကြပေမယ့် ဘာသတင်း အစအနမှ မရရှိခဲ့ဘူးလို့ ကိုဖိုးထင်က ပြောပါတယ်။

"သူ့ကိုလိုက်ရှာရင်း တခုသိခဲ့ရတာက ထီလက်မှတ်ငွေတွေကို သူ့ ညီမအကောင့်ထဲကို ပြောင်းထည့်လိုက်တယ် ဆိုတာကို တပ်ခွဲ ၃ ကနေသိခဲ့ရတယ်။ အမှန်က ငွေတွေကို ညီမအကောင့်ကို ပြောင်းထည့်စရာအကြောင်း မရှိဘူး" လို့ သူက ဆိုပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှာတော့ ကိုဟိန်းထက်အောင်ရဲ့ ဖုန်းကို နောက်ဆုံးအနေနဲ့ဆက်သွယ်ခဲ့ရာ ဖုန်းဝင်ပေမယ့် ဖုန်းမကိုင်ဘဲ ချသွားခဲ့ကြောင်း၊ သူယူဆောင်သွားတဲ့ ငွေကြေးစုစုပေါင်း ဘယ်လောက်လဲဆိုတာကို တိတိကျကျ စစ်ဆေးနေတုန်းရှိသေးပေမယ့် ခန့်မှန်းချေ သိန်း ၁၀၀ ခန့်ရှိနိုင်တယ်လို့ ကိုဖိုးထင်က ပြောပါတယ်။

အခုလို တပ်ရင်းပိုင်ငွေကြေးတွေကို အလွဲသုံးစားပြုလုပ်ကာယူဆောင်သွားတဲ့ ဟိန်းထက်အောင်(ခ) ဇော်ဝင်းထွဋ်အား ၎င်းကျူးလွန်ခဲ့တဲ့ ပြစ်မူတွေအတွက် ရင်ဆိုင်ဖြေရှင်းနိုင်ရန်နဲ့ ထိုက်သင့်သော အပြစ် ဒဏ်ပေးအပ်နိုင်ရေးအတွက် တော်လှန်ရေး အင်းအားစုတွေဖြစ်ကြတဲ့ PDF, LPDF တွေ၊ ပအဖတွေ၊ ပကဖတွေ၊ ပလဖတွေအကုန်လုံးအနေနဲ့ တွေ့ရှိပါက မိမိတို့ပခုက္ကူခရိုင်အမှတ် (၁၁)တပ်ရင်းဆီ သတင်းပေးပို့ကြဖို့ကိုလည်း အသိပေးတိုက်တွန်းထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#အမျိုးသားညီညွတ်ရေးအစိုးရ #စစ်ဒေသ #ပခုက္ကူခရိုင် #ဘဏ္ဍာရေးမှူး #ဟိန်းထက်အောင် #PDF #LPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10