ပခုက္ကူနည်းပညာတက္ကသိုလ်မှာ ရေစက်ဖွင့်ပိတ်လုပ်တဲ့ ရဲတပ်သား ၂ ဦး ပစ်ခတ်ခံရလို့ သေဆုံး

ပခုက္ကူနည်းပညာတက္ကသိုလ်မှာ ရေစက်ဖွင့်ပိတ်လုပ်တဲ့ ရဲတပ်သား ၂ ဦး ပစ်ခတ်ခံရလို့ သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြို ကားလမ်းမကြီးဘေး နည်းပညာတက္ကသိုလ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Southern YSO PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ  ၂၅ ရက် ဒီနေ့မနက် ၉ နာရီလောက်မှာ နည်းပညာတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ရေစင်နားမှာ ဆိုင်ကယ်နဲ့ ရေစက်အပိတ်အဖွင့် လာရောက်ပြုလုပ်နေတဲ့ ရဲတပ်သား ၂ ဦးကို ကာကွယ်ရေးအဖွဲ့က မီတာ ၂၀ အကွာကနေ သွားရောက်ပစ်ခတ်ခဲ့လို့ အဆိုပါ ရဲတပ်သား ၂ ဦးထိမှန်သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“သူတို့က အမြဲတမ်း ရေတင်တယ်။ ရေပြည့်ပြီးဆိုတာနဲ့ လာပိတ်တယ်။ ကျနော်တို့ ဒီနေ့က အဖွဲ့ ၂ ဖွဲ့ခွဲပြီးပစ်တာ ဒီဘက်မှာ ပစ်တာနဲ့ နောက်ထပ်တဖွဲ့က လေးထပ်ကျောင်းဆောင်ရှိနေတဲ့ စစ်**တွေကို ခေါင်းမဖော်နိုင်အောင်ပစ်တယ်။ သေဆုံးတာကိုတော့ ကျနော်တို့မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့တာ” လို့ Souththern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မြေလတ်အသံကို ပြောပါတယ်။

အဲဒီ နည်းပညာတက္ကသိုလ်မှာ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ အထိုင်ချတပ်စွဲထားတယ်လို့လည်း ဆိုပါတယ်။ ဒီနေ့မနက်ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ပခုက္ကူဆေးရုံကို ရောက်ရှိသွားပြီလို့လည်း ဆိုပါတယ်။

မကြာခဏဆိုသလို အဆိုပါနည်းပညာတက္ကသိုလ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို Southern YSO PDF တပ်ဖွဲ့က စနိုက်ပါနဲ့ သွားပစ်တာမျိုးတွေ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားပစ်တာမျိုးတွေ ပြုလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

Souther YSO PDF တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်ကလည်း ပခုက္ကူမြို့နဲ့ ရေစကြိုမြို့ဆက်သွယ်ရေး လမ်းမဘေးရှိ ပန်းတိုင်းခြံကျေးရွာမှာရှိတဲ့ စစ်ကောင်စီဂိတ်တခုကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူ #နည်းပညာတက္ကသိုလ် #စစ်ကောင်စီ #ရဲတပ်ဖွဲ့ #ပစ်ခတ်တိုက်ခိုက်မှု #ရေစကြို #PDF #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10