ပအဖ၊ ပကဖ၊ ပလဖနဲ့ သယံဇာတအဖွဲ့တွေ အခွန်ယူပြီးလွှတ်ပေးတဲ့ သစ်ကားတွေကို ပြည်သူတွေက ပြန်ဖမ်းပြီး ဆန္ဒပြ

ပအဖ၊ ပကဖ၊ ပလဖနဲ့ သယံဇာတအဖွဲ့တွေ အခွန်ယူပြီးလွှတ်ပေးတဲ့ သစ်ကားတွေကို ပြည်သူတွေက ပြန်ဖမ်းပြီး ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ မော်လူးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေးနဲ့ သယံဇာတ အဖွဲ့တွေက အခွန်ကောက်ပြီးလွှတ်ပေးလိုက်တဲ့ သစ်မှောင်ခိုကားတွေကို ပြည်သူတွေက တားဆီးပြီး တာဝန်ရှိသူတွေကို ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူတွေ တနိုင်တပိုင်လုပ်စားတဲ့ သစ်ကားတွေဖြတ်ချိန်မှာတော့ ဖမ်းဆီးအရေးယူတာတွေလုပ်ပြီး တန်ချိန် အများကြီးပါဝင်တဲ့ လုပ်ငန်းရှင်သစ်ကားတွေ ဖြတ်ချိန်မှာတော့ အခွန်ပဲယူကာ ဖြတ်သန်းခွင့်ပေးတဲ့အတွက် ပြည်သူတွေက မကျေနပ်လို့ ခုလိုတားဆီးဆန္ဒပြတာဖြစ်တယ်လို့ ဆိုပါတယ်။

မတ် ၁၇ ရက် မနေ့ ညနေက မော်လူးမြို့ထဲကဖြတ်သွားတဲ့ တန် ၃၀ ပါ သစ်ကား ၁၈ စီးကို မော်လူးမြို့ အထွက်က ကျေးရွာမှာဖမ်းပြီး တာဝန်ရှိသူတွေထံ အပ်နှံခဲ့ပေမယ့် အရေးမယူဘဲ လွှတ်ပေးလိုက်တဲ့အတွက် နောက်ထပ်ဝင်လာတဲ့ သစ်ကား ၃ စီးကို မြို့လယ်ခေါင်မှာ ပြည်သူတွေကိုယ်တိုင် ဝိုင်းဖမ်းပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။

“ဒေသခံ လက်လုပ်လက်စားတွေကိုကျ လုံးဝလုပ်ခွင့်မပေးဘူး။ ၄၊ ၅ချောင်း သယ်တာကအစ ဖမ်းတယ်။ သုံးဘီးလေးနဲ့ တိုက်လာရင်တောင် ဖမ်းတယ်။ မဖမ်းပါနဲ့ ပစ္စည်းသိမ်းပါဆိုလည်း မရဘူး။ ရုံးကိုခေါ်ပြီး ကားတွေပါ ဒဏ်ကြေးရိုက်တယ်။ ခုလိုတရုတ်ဆိုဒ် ကားတွေ ဝင်လာတာကျ မဖမ်းကြဘူး။ ပြည်သူတွေက မခံနိုင်တော့လို့ ဖြစ်ကြတာ။ ပွင့်ပွင့်လင်းလင်းပြောမယ်ဆို အကုန်လုံး လုပ်စားနေကြတာ။” လို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ မော်လူးဒေသခံတဦးက ပြောပါတယ်။

ပြည်သူတွေ ဆန္ဒပြနေချိန် ပလဖအဖွဲ့တွေ ရောက်လာကာ သစ်ကားတွေကိုထိမှာစိုးလို့ ကားတစီးကို ၃ ယောက်နှုန်းနဲ့ လုံခြုံရေးယူပေးခဲ့ကြပြီး နာရီဝက်အကြာမှာ ပြန်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

“ပြည်သူတွေက မင်းတို့ပစ်မယ်ဆိုပစ်လိုက်။ မင်းတို့ကို အားကိုးလို့ ခုလိုအဖွဲ့ မဖြစ်ခင်ထဲက ကူညီပံ့ပိုးခဲ့တာ။ ပြည်သူတွေတိုင်တော့ မင်းတို့က လုပ်မပေးဘူး။ ငါတို့က ဘယ်သူ့အားကိုးရမှာလဲဆိုတော့ ပြည်သူတွေရဲ့ အမုန်းတော့ မခံနိုင်ပါဘူးဆိုပြီး ပြန်ဆုတ်သွားတယ်။ နာရီဝက်ကျော်ကျော်ကတော့ ကားတွေကိုပဲ လုံခြုံရေးယူတာ၊ ပြည်သူကို မယူပေးဘူး။” လို့ ဒေသခံအမျိုးသားက ပြောပါတယ်။

အထက်ပါကိစ္စနဲ့ပတ်သက်ပြီး မြေလတ်အသံသတင်းဌာနက မော်လူးပကဖနဲ့ ပလဖထံ တယ်လီဖုန်းကနေတဆင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားလို့ မေးမြန်းခွင့်မရသေးပါဘူး။

ဆန္ဒပြနေချိန်မှာ မော်လူးပကဖတာဝန်ခံ ကိုအိုက်ထွန်းနဲ့ ပလဖက အဖွဲ့ဝင်တချို့ ရောက်လာခဲ့ပြီး မတ် ၁၈ ရက် ဒီကနေ့မနက် အင်းတော်မြို့နယ်မှာ တာဝန်ရှိသူတွေနဲ့ ဖြေရှင်းဖို့ ချိန်းဆိုထားကြတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်၊ ဗန်းမောက်နဲ့ မော်လူးဒေသတဝိုက်မှာ ကျွန်းသစ်ခုတ်ယူမှုတွေ အဆမတန်များပြားနေပြီး အဆိုပါ ကျွန်းသစ်တွေကို တရုတ်ပြည်ကို တင်ပို့ရောင်းချနေကြကာ မြို့နယ်ဂိတ်တွေကနေ ၁၂ ဘီးကားတစီးကို ၅ သိန်းကနေ သိန်း ၃၀ ကြား အခွန်ပေးပြီး ဖြတ်သန်းခွင့်ပြုနေကြတာလည်း ဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မော်လူးမြို့နယ် #ပြည်သူ့ကာကွယ်ရေး #ပြည်သူ့အုပ်ချုပ်ရေး #ပြည်သူ့လုံခြုံရေး #သယံဇာတ #အခွန်ကောက် #သစ်မှောင်ခိုကား #ပြည်သူ #ဆန္ဒပြ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10