ပုလဲမြို့ကထွက်လာတဲ့ ယာဉ်တန်းနဲ့ လုံခြုံရေးတပ်ဖွဲ့ကို ကာကွယ်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်

ပုလဲမြို့ကထွက်လာတဲ့ ယာဉ်တန်းနဲ့ လုံခြုံရေးတပ်ဖွဲ့ကို ကာကွယ်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ကနေထွက်လာတဲ့ ယာဉ်တန်းကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ နိုဝင်ဘာ ၆ ရက် မနေ့က နေ့လယ် ၁၂ နာရီကျော်မှာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့  ဟိန္နက Local People Defence Force - YMB မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ပုလဲကနေ စစ်ကား ၁၈ စီး နဲ့ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့က လက်တောင်းကြီးရွာနဲ့ မန်ကျည်းကန်ရွာကြားအရောက်မှာ လက်နက်ကြီး ၁၀ လုံးနဲ့ ပစ်ခတ်ခဲ့လို့ ကား ၂ စီးထိမှန်ပျက်စီးသွားခဲ့ပါတယ်။

အဲ့ဒီနောက် ယာဉ်တန်းကို လုံခြုံရေးယူပေးတဲ့ အင်အား ၅၀ ပါ စစ်ကောင်စီတပ်သားတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၂ နာရီနီးပါး ဖြစ်ပွားခဲ့ပါတယ်။ 

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ အယောက် ၃၀ ဝန်းကျင်ရှိသလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း တဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဟိန္နက Local People Defence Force - YMB မြို့ပြပြောက်ကျား အဖွဲ့ခေါင်းဆောင် ကိုကင်းက ပြောပါတယ်။

“သူတို့ဘက်ကနေ ကျနော်တို့ကို စက်လတ်တွေနဲ့ ပြန်ပစ်တော့ ကျနော်တို့ဘက်က video မှတ်တမ်းယူတဲ့ ကလေးတယောက် လက်မောင်းကိုထိသွားတယ်။ အရိုးကတော့ အစားထိုးရမယ့် သဘောရှိတယ်” လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်နေစဉ်အတွင်း စစ်ကောင်စီဘက်က အယောက် ၃၀ ဝန်းကျင်ထိခိုက်သေဆုံးသွားတယ်လို့ YMB တပ်ဖွဲ့က ပြောဆိုခဲ့ပေမယ့်လည်း မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ 

ပစ်ခတ်မှုမှာ အထိနာသွားတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ရှေ့ဆက်မသွားတော့ဘဲ လက်တောင်းကြီး ကျေးရွာထဲကို ဝင်ရောက်သွားကာ အဲ့ဒီရွာပတ်ပတ်လည်မှာ ကင်းပုန်းတွေချထားပြီး စခန်းချထားတယ်လို့လည်း ဆိုပါတယ်။

“သူတို့အခုချိန်ထိ အဲ့ဒီရွာထဲမှာပဲရှိသေးတယ်။ မနက်ကလည်း လေယာဉ် ၂ စီးနဲ့ အလောင်းတွေကို လာသယ်သွားတယ်။ ကျနော်တို့ ပစ်လိုက်လို့ ပျက်စီးသွားတဲ့ သူတို့ကား ၂ စီးကိုလည်း အခုချိန်ထိဆွဲလို့ မရသေးဘူး” လို့ သူက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုကို ဟိန္န Local People Defence Force - YMB မြို့ပြပြောက်ကျားအဖွဲ့နဲ့အတူ ဗိုလ်စစ်ကိုင်းအဖွဲ့ ၊ တာစံကြီးအဖွဲ့ ၊ ယင်းမာပင်မြို့ပြပြောက်ကျားတပ်ခွဲ၊ တော်လှန်ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့ #စစ်ကောင်စီ #ဟိန္နက #မိုင်းဆွဲ  #ဗိုလ်စစ်ကိုင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10