ပေါက်မှာ ရွာသား ၆ ဦးကို စစ်တပ်က သတ်ခဲ့

ပေါက်မှာ ရွာသား ၆ ဦးကို စစ်တပ်က သတ်ခဲ့

မကွေးတိုင်း၊ ပေါက်မြို့နယ်က ရွာသား ၆ ဦးကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာလ အတွင်းမှာ သတ်ခဲ့တယ်လို့  မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

အောက်တိုဘာ ၁၆ ရက်မှာ ဝက်ပုတ်ရွာက အမျိုးသား ၁ ဦး၊ ၁၉ ရက်မှာ ညောင်ရင်းရွာက အမျိုးသား ၁ ဦး၊ ၂၂ ရက်မှာ ရေကာကျေးရွာက ဦးကျော်ဆွေနဲ့ မကျည်းဂုဏ်ရွာသား ဦးသန်းထွန်း၊ ၂၉ ရက်မှာ သရက္ကန်ရွာက ၃၉ နှစ်အရွယ် မောင်အောင်မြင့်နိုင်နဲ့ ၄၂ နှစ်အရွယ် မောင်အောင်ဇော်ထွေးတို့ အသတ်ခံခဲ့ရတာလို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဗိုလ်လက်ယာ က ပြောပါတယ်။ 

အဲ့ဒီထဲက ၅ ဦးက သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး မောင်အောင်မြင့်နိုင်ကိုတော့ ရိုက်နှက်ပြီး သတ်ခဲ့တာလို့ ဆိုပါတယ်။ 

“သူတို့တွေကို ရိုက်နှက်ပြီးမှ သတ်သွားတာ၊ သရက္ကန်ရွာသား ၂ ယောက်ကတော့ စစ်ကြောင်းနဲ့ တိုးပြီးတော့ အသတ်ခံလိုက်ရတာ။ မောင်အောင်မြင့်နိုင်ကို သူတို့က မသေမရှင် ရိုက်ပြီးတော့ထားခဲ့တယ်။ အဲနေ့မှာပဲ ဆုံးသွားတာ” လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဗိုလ်လက်ယာ က ပြောပါတယ်။ 

အခုလို ပေါက်နယ်ထဲကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတဲ့အတွက် သရက္ကန်၊ ဝက်ပုတ်၊ ညောင်ရင်းရွာ၊ ရေကားရွာက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်ကနေ ၃၁ ရက်နေ့အထိ နိုင်ငံတဝှမ်း စစ်ကောင်စီ တပ်တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူဦးရေ ၇၇ ဦးထိရှိပြီး အဲဒီထဲက ၄၀ ဦးဟာ စစ်ကိုင်းတိုင်းထဲက ဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ - AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုံစာ - အောက်တိုဘာ ၂၉ ရက်တွင် အသတ်ခံခဲ့ရသည့် သရက္ကန်ရွာသား ၂ ဦး။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ပေါက် #စစ်ကောင်စီ #ဒေသခံ #သတ်ဖြတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10