ပေါက်မှာ လေယာဥ်နဲ့ဗုံးကြဲချိန်ထိမှန်ပြီး အမျိုးသား ၁ ဦး ကိုယ်တပိုင်းပြတ်သေဆုံး

ပေါက်မှာ လေယာဥ်နဲ့ဗုံးကြဲချိန်ထိမှန်ပြီး အမျိုးသား ၁ ဦး ကိုယ်တပိုင်းပြတ်သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မြောက်ပိုင်းကို ဧပြီ ၂၃ ရက်မှာ စစ်ကောင်စီတပ်သားတွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး အဆောက်အဦ ထိခိုက်ပျက်စီးတာတွေလည်း ရှိတယ်လို့ ပေါက်ဒေသခံတဦးဆီက သိရပါတယ်။

ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျောက်တိုင်ခင်းရွာကို နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်ကစတင်ပြီး တံတားဦးလေဆိပ်ကတက်လာတဲ့ Mi-35 ရဟတ်ယာဥ်တစင်းက ၃ ကြိမ်တိုက်ခိုက်ခဲ့ပြီး ပေါင် ၃၀၀ ဗုံးသီး ၅ လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

"ပေါင် ၃၀၀ ဗုံးတွေနဲ့ကြဲချခံရတယ်။ ၅ လုံး ၆ လုံးလောက်ရှိမယ်။ အမျိုးသားတဦးကတော့ တပိုင်းပြတ်နဲ့သေသွားတယ်။ တိရစ္ဆာန်တွေလည်း သေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ခိုက်ချိန်အတွင်း ကျောက်တိုင်ခင်းရွာက အသက် ၅၅ နှစ်အရွယ် အမျိုးသား ၁ ဦး ခန္ဓာကိုယ် တပိုင်းပြတ်ပြီး သေဆုံးခဲ့တာပါ။ 

ဒါ့အပြင် အဲ့ဒီကျေးရွာက နွား ၁ ကောင်လည်းသေဆုံးပြီး နေအိမ် ၅ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

အလားတူ အဲဒီနေ့မှာပဲ ကျောက်တိုင်ခင်းရွာကို တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က ဖလံကိုင်းရေနံမြေရဲစခန်းအနီးကိုပါ ဗုံးကြဲချပြီးနောက် လောင်းရှည်အခြေစိုက် ကပစ ၂၅ တပ်ထဲကို ရဟတ်ယာဥ်ဆင်းသွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။ 

ဖလံကိုင်းရေနံမြေရဲစခန်းကို ပြီးခဲ့တဲ့ဧပြီ ၁၈ ရက်မှာ ဒေသခံကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီစခန်းမှာရှိတဲ့စစ်သားနဲ့ရဲတွေက မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာဘက်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ 

ဒါ့ကြောင့် အဲ့ဒီရဲစခန်းမှာ ကာကွယ်ရေးတပ်တွေရှိနိုင်တယ်အထင်နဲ့ ခုလိုဗုံးကြဲသွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကသုံးသပ်နေကြပါတယ်။ 

ပုံစာ - လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့သည့်နေအိမ်နှင့် တရိစ္ဆာန်အချို့။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ပေါက် #လေကြောင်းတိုက်ခိုက် #သေဆုံး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10