ပဲခူးတိုင်းမြို့အချို့မှာ လောင်စာဆီပြတ်လပ် ပြင်ပပေါက်ဈေး ၁လီတာ ၄၀၀၀ ကျပ်နဲ့ရောင်းချသူများရှိ

ပဲခူးတိုင်းမြို့အချို့မှာ လောင်စာဆီပြတ်လပ် ပြင်ပပေါက်ဈေး ၁လီတာ ၄၀၀၀ ကျပ်နဲ့ရောင်းချသူများရှိ

 

ပဲခူးတိုင်းအတွင်း မြို့တချို့က လောင်စာဆီဆိုင်ကြီးတွေမှာ ဆီပြတ်လပ်နေပြီး တချို့ဆိုင်တွေမှာ အကန့်အသတ်နဲ့သာ ရောင်းချနေတဲ့အတွက် တန်းစီစောင့်ဆိုင်းဝယ်ယူနေကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက် နောက်ပိုင်းက စတင်ကာ လောင်စာဆီဝယ်ယူရတာအခက်အခဲဖြစ်နေခဲ့ပြီး နိုင်ဝင်ဘလာ ၁၅ ရက် ဒီနေ့အထိလည်း ဆီရဖို့အတွက် တန်းစီဝယ်ယူနေကြရတယ်လို့ သိရပါတယ်။

"ပြည်ရဲ့ ဆီဆိုင်တော်တော်များများမှာ ပုဂ္ဂလိက ဆီဆိုင်အကြီးကြီးတွေမှာတောင်မှ ဆီမရတော့ဘူးဆိုပြီး လက်ခါပြတာတွေ၊ ရတဲ့ဆိုင်တွေကြတော့လည်း ဆိုင်ကယ်တစီးကို နှစ်ထောင်၊ သုံးထောင်။ ကားတစီးကို ငါးထောင် တသောင်း အဲလိုအကန့်အသတ်နဲ့ရောင်းချနေတာကိုတွေ့ရတယ်။" လို့ ပြည်မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

ဆိုင်ကြီးတွေမှာ ဝယ်ယူရခက်ခဲနေလို့ လမ်းဘေးဆီဆိုင်သေးသေးလေးတွေမှာ ဝယ်ယူရာမှာတော့ ၁ လီတာကို ၄၀၀၀ ကျပ်ထိပေးပြီး ဝယ်ယူနေရတယ်လို့ သူကဆက်ပြောပါတယ်။

အလားတူ နိုဝင်ဘာ ၁၁ ရက်ကစတင်ပြီး ပဲခူးမြို့တွင်းက စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆိုင်ကယ် ၁ စီးကို ကျပ် ၂၀၀၀ နှုန်း၊ သုံးဘီး ၁ စီးကို ကျပ် ၃၀၀၀ နှုန်းနဲ့ ကား ၁ စီးကို ကျပ်တသောင်းနှုန်းသာ ဝယ်လို့ရတော့တယ်လို့ ဆိုပါတယ်။

"ခုက ဆီလိုချင်ရင်တန်းစီ အကြာကြီးလည်း စောင့်ရတယ်။ အလှည့်ရရင်လည်း လိုသလောက်မရဘူး။ သူတို့ရောင်းပေးသလောက်ပဲ။ တန်းစီတာကတော့ တော်တော်ကြာတယ်။"လို့ ပဲခူးမြို့ ဒေသခံတဦးက ပြောပါတယ်။

အကန့်သတ်နဲ့ ရောင်းချပေးနေပေမယ့်လည်း ၂၄ နာရီလုံး ဖွင့်လှစ်ရောင်းချနိုင်တာမရှိဘဲ မနက်ပိုင်းရောင်းတဲ့ဆီဆိုင်တွေက ညနေပိုင်းမှာ ရောင်းစရာဆီမရှိတော့လို့ဆိုပြီး အရောင်းပိတ်ထားကြတယ်လို့ ဆိုပါတယ်။

"ဒါက ဆိုင်တွေက ဆီစျေးတွေကို စျေးတင်ရောင်းချင်လို့ လုပ်နေကြတာ။ ဆီ မရှိဘူးဆိုပြီးအကြောင်းပြနေကြတာ။ ဆီစျေးနည်းနည်းကျရင် ဆီမရှိဘူးဆိုပြီး ပိတ်ထားမယ်။ စျေးပြန်တက်ရင်ပြန်ရောင်းကြတာဘဲ။"လို့ ပဲခူးဒေသခံတဦးက ပြောပါတယ်။

အလားတူ ပဲခူးတိုင်းအနောက်ခြမ်း ပေါက်ခေါင်းမြို့မှာလည်း လောင်စာဆီဝယ်လို့မရတာတွေနဲ့ ကြုံနေရပြီး ဂါလံဝက်ကို ၅၀၀၀ ကျော်ပေါက်ဈေးဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာတာနဲ့အတူ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းအချို့ကို စစ်ကောင်စီက ပိတ်ဆို့တာ အချိန်အကန့်အသတ်နဲ့သာသွားလာခွင့်ပြုတာတွေကို နိုင်ဝင်ဘာလ ၁၃ ရက်က စတင်ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် ရခိုင်နဲ့ထိစပ်နယ်တွေဖြစ်တဲ့  မကွေးတိုင်း မင်းဘူးနဲ့ ပဲခူးတိုင်း ပြည်ခရိုင်မြို့နယ်အချို့မှာ ရိက္ခာနဲ့ ဆေးဝါး၊ လောင်စာဆီတို့ကို ဝယ်ယူစုဆောင်းတာတွေ လုပ်လာနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

"မြို့ဈေးတွေထဲမှာ ကုန်ခြောက်နဲ့ ဆေးအဝယ်များတယ်။ ဓါတ်ဆီဆိုင်တွေမှာလည်း တိုးဝှေ့နေတာပဲ။ တိုက်ပွဲဖြစ်လာတော့ ပြည်ဘက်ကို ဆင်းလာမှာစိုးရိမ်နေကြတယ်။ အိမ်မှာလည်း ကုန်ခြောက်နဲ့ဆေးဝယ်ဖို့ ပြင်ဆင်နေကြတယ်။" လို့ ပြည်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်ညကလည်း ပြည်မြို့ ကမ်းနားလမ်းစည်ပင်ရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် အဖမ်းအဆီးအစစ်ဆေးကြမ်းလာသလို လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

 

ပုံစာ- ပြည်မြို့က ပုဂ္ဂလိကဓါတ်ဆီဆိုင်ကြီးများတွင် ဆီဝယ်ရန် တန်းစီနေကြသည့် မြို့ခံများကို နိုင်ဝင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်များတွင် တွေရစဉ်။

#မြေလတ်အသံ

#ပဲခူးတိုင်း #ပြည် #ပေါက်ခေါင်း #လောင်စာဆီ #ပြတ်လပ်မှု #ရခိုင်ပြည်နယ် #တိုက်ပွဲဖြစ်ပွား #ဆေးဝါးရိက္ခာ #ကုန်ဈေးနှုန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10