ပဲခူးရိုးမအနောက်က စစ်ရှောင်တဲအလုံး ၅၀ အတွက် နှီးသက္ကယ်အမိုးတွေ စတင်မိုးပေးနေ

ပဲခူးရိုးမအနောက်က စစ်ရှောင်တဲအလုံး ၅၀ အတွက် နှီးသက္ကယ်အမိုးတွေ စတင်မိုးပေးနေ

ပဲခူးရိုးမအနောက်ခြမ်းက စစ်ရှောင်ပြည်သူတွေရဲ့ တဲအမိုးတွေဟောင်းနွမ်းပျက်စီးလာတဲ့အတွက် နှီးသက္ကယ်အသစ်တွေကို ထပ်မံမိုးပေးနေတယ်လို့ IDPs Support Group ဆီက သိရပါတယ်။

အဲဒီစစ်ရှောင်တွေဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်ထဲက ရွာလုံးကျွတ်မီးရှို့ခံရတဲ့ရွာတွေက ဒေသခံတွေနဲ့ သဲကုန်းမြို့နယ်အစွန်အဖျားကျေးရွာတွေက ဒေသခံပြည်သူစစ်ရှောင် ၁၀၀ ခန့်ဖြစ်ပြီး ပဲခူးရိုးမထဲမှာ လှည့်လည်စစ်ရှောင်နေကြရတာဖြစ်ပါတယ်။

"တဲက နဂိုကတည်းက ရှိနေတဲ့ဟာပေါ့နော်။ အဲဒါကိုအမိုးက တနှစ်တခါလဲရတော့ နှီးသက္ကယ်မိုးတော့ တဲတတဲရဲ့ကုန်ကျစရိတ်က ခြောက်သောင်းဝန်းကျင်လောက် ကုန်ကျတယ်ဆိုတော့ ကျမကအလှူရှင်တွေဆီကနေ တဲတတဲကို ခြောက်သောင်းကျတယ်ဆိုပြီး ကောက်ခံလိုက်တာပေါ့နော်။ တဲတွေကတော့ အကုန်မမိုးရသေးဘူး မိုးပြီးတဲ့ဟာတွေကို တင်ပေးတာ။" လို့ IDPs Support Group က မထိပ်ထားသခင်ကပြောပါတယ်။

စစ်ရှောင်တဲအလုံးပေါင်း ၅၀ ခန့်ကိုမိုးပေးသွားမှာဖြစ်ပြီး လက်ရှိမှာတော့ တချို့တဝက်ကိုတော့ မိုးပေးပြီးသွားပြီလို့ သူက ဆက်ပြောပါတယ်။

စစ်ရှောင်တွေအနေနဲ့ ပူပြင်းတဲ့နွေရာသီဖြစ်တာမို့ ရိုးမအတွင်း စမ်းရေရရှိနိုင်မည့်နေရာတွေကို လှည့်ပတ်ရှာဖွေရတဲ့အတွက် ရေအခက်ခဲရှိတယ်လို့ ဆိုပါတယ်။

"ရေကတော့ သူတို့စမ်းတွေကိုလက်ယက်ပြီး သုံးကြတယ်။ ရေကတော့ရှားတာပေါ့ ပေါပေါသီသီတော့ မသုံးရဘူး။ စမ်းရေကထွက်လာတာကိုပဲ သုံးရတယ်။" လို့ မထိပ်ထားသခင်က ပြောပါတယ်။

စစ်ရှောင်တွေအတွက် တဲအမိုးမိုးတာနဲ့ ထမင်းကျွေးမွေးတာ၊ ကလေးငယ်တွေကို မုန့်ကျွေးတာတွေကို IDPs Support Group ကတဆင့်ချိတ်ဆက်ပြီး ပြည်တွင်း၊ ပြည်ပအလှူရှင်တွေက ကူညီထောက်ပံ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် IDPs Support Group အနေနဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွေထဲက ကြားကာလပညာရေးကျောင်းတွေမှာ ထန်းလျက်မိုးအဆောင်ရှည်တွေကို တည်ဆောက်ပေးနေသလို ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်တွေဘက်မှာလည်း ကူညီထောက်ပံ့ပေးတာတွေကို ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း ပေါက်ခေါင်း၊ ပေါင်းတည်၊ နတ္တလင်း၊ ကြို့ပင်ကောက် နယ်ခြင်းထိစပ်ရာ ပဲခူးရိုအခြေတလျှောက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးတာ တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေ ရှိနေပါတယ်။

 

#မြေလတ်အသံ

#ပဲခူး #ပဲခူးရိုးမ #စစ်ရှောင် #စစ်ရှောင်တဲ့ #ကူညီထောက်ပံ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10