ပဲခူးရိုးမ ဧရိယာထဲနေ တရားမဝင်သစ်ခိုးထုတ်သူတွေကို ၁၀ ရက်အတွင်း ထွက်ခွာဖို့ ရိုးမစွမ်းအားတပ်ပေါင်းစု သတိပေး

ပဲခူးရိုးမ ဧရိယာထဲနေ တရားမဝင်သစ်ခိုးထုတ်သူတွေကို ၁၀ ရက်အတွင်း ထွက်ခွာဖို့ ရိုးမစွမ်းအားတပ်ပေါင်းစု သတိပေး

ပဲခူးတိုင်း၊ ဖြူး၊ ကျောက်တံခါးနဲ့ ညောင်လေးပင်မြို့နယ်အပိုင် ပဲခူးရိုးမဧရိယာအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ တရားမဝင်သစ်ခိုးထုတ်နေတဲ့ ခရိုနီကုမ္ပဏီတွေ၊ သစ်ဝိုင်းစက် လုပ်ကိုင်သူတွေ၊ စိတ်ကြွဆေး (WY) ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းတွေအနေနဲ့ ၁၀ ရက်အတွင်း ပိတ်သိမ်းပြီး ထွက်သွားကြဖို့ ရိုးမစွမ်းအား ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက သတိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါလုပ်ငန်းတွေအနေနဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၈ ရက်အတွင်း ထွက်သွားရမှာဖြစ်ပြီး မလိုက်နာပါက လုပ်ငန်းလုပ်ကိုင်နေသူတွေနဲ့ ပက်သက်သူအားလုံးကို သုတ်သင်ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။

 

"သစ်သမားတွေက လမ်းတွေဖောက်တယ်၊ သူတို့ဖောက်တဲ့လမ်းကနေ စစ်ကြောင်းက တက်တက်လာပြီး ရွာတွေကိုမီးရှို့တာခဏခဏလုပ်တယ်။ စစ်ရှောင်ပြည်သူတွေရဲ့ လုံခြုံရေးစိုးရိမ်ရတာကြောင့် ထုတ်ပြန်ချက်ကို ထုတ်ခဲ့တာပါ။" လို့ ရိုးမစစ်ကြောင်း(၂)၊ ၃၇၀၁ တပ်ရင်း (၁)နဲ့ နီးစပ်သူတဦးကပြောပါတယ်။

 

ဒီထုတ်ပြန်ချက်နဲ့ပက်သက်ပြီး သစ်သမားတွေဆီအသိပေးထားကာ နေ့စဉ် ကားအစီးရေရာနဲ့ချီကာ သစ်သယ်ယူပို့ဆောင်ပေးနေတဲ့ ၁၀ ဘီး၊ ၁၂ ဘီးကားတွေနဲ့ ထွန်စက်သမားတွေကိုလည်း ဆက်လက်မလုပ်ကိုင်ဖို့ သတိပေးထားတယ်လို့ ဆိုပါတယ်။ 

 

သစ်ထုတ်လုပ်သူ ခရိုနီတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကြီးအကျယ်ထုတ်လုပ်လာကြတာ ဖြစ်ပြီး ကျွန်းသစ်တွေကိုအဓိကထုတ်လာကြကာ စစ်ကောင်စီကို ဆပ်ကြေးပေးစာချုပ်ထားတာ ကြောင့် တော်လှန်ရေးအဖွဲ့တွေကို ဂရုမစိုက်သလို ဖြစ်နေတယ်လို့ ရိုးမစစ်ကြောင်း(၂)၊ ၃၇၀၁ တပ်ရင်း (၁)နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

 

ပဲခူးရိုးဧရိယာအတွင်းမှာ သစ်ခွဲစက် ၃၀ ဝန်းကျင်လောက်ရှိပြီး ဖြူးဘက်ကနေ ဒိုက်ဦးမြို့နယ်အထိကို တနေ့ တန်ချိန်တရာဝန်းကျင်လောက် ခိုးထုတ်နေကြတယ်လို့ သူကဆက်ပြောပါတယ်။

 

သစ်ခိုးထုတ်သူတွေဟာ ဖြူးမြို့နယ်ဂိတ်တွေဖြစ်တဲ့ ၁၃၁ အုန်းတွင်းဂိတ်၊ ၉၉မိုင် ၄ ဖာလုံ ၁၁၃ ဖြူးဂိတ်၊ မြို့ကျောင်းလမ်းခွဲတို့မှာ ဂိတ်ထိုင်ပြီးပိုက်ဆံကောက်နေတဲ့ စစ်တပ်ဂိတ်တွေကို ငွေပေးဖြတ်သန်းကာ မြဝတီဘက်ကိုပို့ကြပြီး တခေါက်ကို ဆယ်ဘီးကားတစီး ၂၇ သိန်း၊ ဖောကားတစီး ၁၅ သိန်းပေးသွင်းကြတာလို့ ဆိုပါတယ်။

 

ဒါ့အပြင် သစ်သယ်ယူပေးနေသူ သစ်သမားတွေဟာ ဆေးသမားအများစုဖြစ်ပြီး သစ်ထုတ်လုပ်သူ ခရိုနီတွေဟာလည်း သစ်တွေနဲ့ စိတ်ကြွဆေး(WY)တွေပါ ရောင်းချဖြန့်ဖြူးနေပါတယ်။

 

တောင်ငူနယ်ဘက်မှာလည်း စိတ်ကြွဆေးထုတ်လုပ်နေတာတွေရှိတယ်လို့သိရပြီး ပဲခူးရိုးမအတွင်းကနေ သစ်ခိုးထုတ်နေသူတွေကို လည်း မနှစ်က တောင်ငူခရိုင်နဲ့ ပဲခူးခရိုင်တို့ကနေ စာထုတ်ပြီး တားဆီးခဲ့ပါတယ်။

 

ယခုအခါမှာတော့ စစ်ရှောင်တွေရဲ့လုံခြုံရေးအခြေအနေစိုးရိမ်လာရတာကြောင့် ဒီထုတ်ပြန်ချက်ကို ထပ်မံထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

 

ပဲခူးရိုးမဧရိယာအတွင်းမှာ အိမ်ထောင်စု ၅၀၀ ကျော်စစ်ရှောင်နေကြရပြီး သာယာဝတီခရိုင်အတွင်းက စစ်ရှောင်တွေ ပိုများပါတယ်။

 

 ၂၀၂၂ ခုနှစ်ကတည်းက စစ်ရှောင်နေကြရတာဖြစ်ပြီး ၂၀၂၃ ခုနှစ်အကုန် ၂၀၂၄ အစမှာတော့ ကျောက်တံတားနဲ့ ကျောက်ကြီးတို့ကစစ်ရှောင်တွေထပ်မံရောက်ရှိလာကြကာ စားရေးသောက်ရေး အခက်အခဲရှိနေပြီး သူတို့ကိုတော့ တော်လှန်ရေးအဖွဲ့တွေကပဲ စောင့်ရှောက်ကျွေးမွေးထားရတယ်လို့ သိရပါတယ်။

 

စာတည်း - လင်း

 

 

#မြေလတ်အသံ

#ပဲခူး #ဖြူး #ကျောက်တံခါး #ညောင်လေးပင် #တရားမဝင် #သစ်ခိုးထုတ် #စိတ်ကြွဆေး #သတိပေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10