ပဲခူးရွှေမော်ဓောဘုရားပွဲစျေးထဲ ခွေးရူးဝင်ကိုက်၊ ကလေး ၄ ဦးအပါ လူ ၂၉ ဦး ကိုက်ခံရ

ပဲခူးရွှေမော်ဓောဘုရားပွဲစျေးထဲ ခွေးရူးဝင်ကိုက်၊ ကလေး ၄ ဦးအပါ လူ ၂၉ ဦး ကိုက်ခံရ

ပဲခူးမြို့လယ်ရှိ ရွှေမော်ဓောဘုရားပွဲစျေးဝန်းအတွင်းကို ခွေးရူးတကောင်ဝင်ရောက်လာပြီးကိုက်လို့ ကလေး ၄ ဦးအပါအဝင် လူ ၂၉ ဦး ခွေးကိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧပြီ ၂၇ ရက် မနေ့ည ၈ နာရီခန့်က ကျွန်းသာယာရပ်ကွက်ဘက်ကနေ မြို့တွင်းလမ်းအတိုင်း ဘုရားပွဲစျေးကိုဝင်ရောက်လာတဲ့ ခွေးရူးတကောင်ဟာ လမ်းသွားလမ်းလာတွေနဲ့ ဘုရားပွဲစျေးလည်ပတ်နေသူတွေကို ကိုက်ခဲ့တာလို့ဆိုပါတယ်။

" အဲ့ဒီခွေးက ကျွန်းသာယာဘက်ကလာကတည်းက မူမမှန်ဘူး။ ရေတွေလည်းစို ဗွက်တွေလည်း ပေနေတာ။ သူလာတဲ့လမ်းတလျှောက် ကိုက်လာတာ။ လူတွေက ခွေးရူးကိုက်တယ်ဆိုတော့ ပြေးကြတာလည်းရှိတယ်"လို့ ပဲခူးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါခွေးရူးကို ယမန်နေ့ညပိုင်းမှာ မြို့ခံတွေက ဝိုင်းဝန်းဖမ်းဆီးပေမယ့် လွတ်မြောက်သွားတယ်လို့ အထက်ပါမြို့ခံက ဆိုပါတယ်။

ခွေးရူးကိုက်ခံထိတာကြောင့် မရွှေရတီပြည့် ၁၀ နှစ်၊ မဟန်နီစုစံ ၁၄ နှစ်၊ မောင်ကောင်းမြတ်စံ ၁၂ နှစ်၊ မောင်ကောင်းခန့်ပြည့် ၁၂ နှစ် ကလေး ၄ ဦး အပါအဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၉ ဦး ခွေးရူးကိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ခွေးရူးကိုက်ခံရသူတွေဟာ ကျွန်းသာယာရပ်ကွက်၊ နန်းတော်ရာရပ်ကွက်၊ ဥဿာမြို့သစ်၊ ရှင်စောပုရပ်ကွက်၊ ရုံးကြီးရပ်ကွက်၊ ပန်းလှိုင်ရပ်ကွက်၊ ဇွဲဘာကျေးရွာ၊ ဟင်္သာကုန်းရပ်ကွက်၊ ဇိုင်းတောင်၊ ပြည်တော်သာရပ်ကွက်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။

ခွေးကိုက်ခံရသူတွေကို ဒေသခံလူမှုကူညီရေးအသင်းတွေက ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး ဆေးရုံက ခွေးရူးပြန်ရောဂါကာကွယ်ဆေး၊ အဆိပ်ကျဆေးတွေထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ပဲခူး၊ ရွှေမော်ဓောဘုရားပွဲမှာလည်း အပျော်စီးပင်လယ်ဓားပြလှေ အတက်လှေကား ပြိုကျလို့ လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပုံစာ - ပဲခူးရွှေမော်ဓောဘုရားပွဲစျေးကို လာရောက်လည်ပတ်နေသူများ ( ပုံဟောင်း)။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #ရွှေမော်ဓော #ဘုရားပွဲ #ခွေးရူးကိုက်ခံရ #၂၉ ဦး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10