ပဲခူးအနောက်ခြမ်းမှာ စစ်မှုထမ်းစာရင်းပါတဲ့သူတွေကို စစ်တပ်က ရုတ်တရက်လာရောက်ခေါ်ဆောင်နေကြ

ပဲခူးအနောက်ခြမ်းမှာ စစ်မှုထမ်းစာရင်းပါတဲ့သူတွေကို စစ်တပ်က ရုတ်တရက်လာရောက်ခေါ်ဆောင်နေကြ

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ စစ်မှုထမ်းစာရင်းပါတဲ့သူတွေကို စစ်ကောင်စီက ရုတ်တရက် လာရောက်ခေါ်ဆောင်တာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ 

ဧပြီ ၁၈ ရက် မနေ့ကစတင်ကာ  ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်၊ မိုးညို၊ အုတ်ဖိုနဲ့ ကြို့ပင်ကောက်မြို့နယ် တွေမှာ စစ်မှုထမ်းစာရင်းပါတဲ့သူတွေကို စစ်ကောင်စီက ရုတ်တရက် နေအိမ်အထိလိုက် ခေါ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

ပေါင်းတည်မြို့နယ်မှာ ဧပြီ ၁၉ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ နေအိမ်အထိလာကာ  လူငယ် ၅ ဦးထက်မနည်းကို ခေါ်ဆောင်သွားတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

ပေါင်းတည်မြို့ မင်းကွက် ၁ ရပ်ကွက်၊ နွယ်ချို ၂ ရပ်ကွက်၊ ဟင်္သာကန်ရပ်ကွက်၊ ကြို့ပင်အုပ်စုနဲ့ ကြာနီကန်အုပ်စု က လူငယ်တွေကို စစ်ကောင်စီကအင်အား ၂၀ ဝန်းကျင်နဲ့ အဓမ္မခေါ်ဆောင်နေတာလို့ ပြောပါတယ်။ 

နေအိမ်ထိလာကာ ခေါ်ဆောင်ခံရသူ ၈ ဦးရှိပြီး ကြာနီကန်အုပ်စုက ၂ ဦး၊ ကြို့ပင်အုပ်စုက ၂ ဦးနဲ့  နွယ်ချို  ၂ ရပ်ကွက်က ၁  ဦး စစ်ကောင်စီနဲ့အတူ လိုက်ပါသွားရတယ်လို့ ဆိုပါတယ်။

“သိရသလောက်က ၈ ဦးကို ခေါ်တာ ၅ ဦးက အိမ်မှာ ရှိနေတော့ ပါသွားတယ်။ ကျန်တဲ့ ၃ ဦးက အလုပ်သွား နေလို့ မပါဘူး။ ဘယ်ကိုခေါ်သွားလည်းတော့ မသိဘူး။ သွေးတခါတည်းစစ်တယ်လို့ ပြောတယ်” လို့ မြို့ခံ အမျိုးသားတဦးက ပြောပါတယ်။ 

နေအိမ်မှာ မတွေ့လို့  ကျန်ရစ်သူတွေကို နေအိမ်ပြန်ရောက်ပါက  အကြောင်းကြားဖို့ စစ်ကောင်စီက ပြောသွား တယ်လို့လည်း သူကဆက်ပြောပါတယ်။

အဲဒီလို အဓမ္မခေါ်ဆောင်ရာမှာ စစ်မှုထမ်းစာရင်းမှာပါတဲ့သူရဲ့ မိခင်တဦးဟာ မူးမေ့သွားတဲ့အထိဖြစ်သွားတယ်လို့ သိရပါတယ်။ 

”ကောင်လေးကို စစ်မှုထမ်းဖို့ စာရင်းပါတယ်ဆိုပြီး လာခေါ်တာမှာ သူ့အမေက မူးမေ့လဲကျသွားတာ။ ကောင်လေးက အိမ်မှာ မရှိဘဲ အလုပ်သွားနေလို့ ပါမသွားဘူး။ အိမ်မှာ မတွေ့လို့ မိဘတွေကို ဘာပြောသွားတယ်ဆိုတာတော့ မသိရသေးဘူး” လို့  မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။ 

အခုလို ခေါ်ယူရာမှာ ကာယကံရှင်တွေကို ကြိုတင်အကြောင်းကြားတာမျိုးမရှိဘဲ ရုတ်တရက် လာရောက်ခေါ်ယူ တာဖြစ်တယ်လို့  သူက ဆက်ပြောပါတယ်။

မြို့ခံအမျိုးသားတဦးကလည်း စစ်မှုထမ်းဖို့ အိမ်ကိုလာရောက်ခေါ်ဆောင်ခံရသူတွေထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဆင်မပြေသူတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

အလားတူ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းစာရင်းကောက်ထားတဲ့ လူငယ်တွေကို ဆေးစစ်ရန်ဆိုတဲ့အကြောင်းပြချက်နဲ့ ရုတ်တရက်လာရောက်ခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။ 

ဧပြီ ၁၈ ရက် နေ့လယ်ပိုင်းလောက်မှာ စစ်မှုထမ်းစာရင်းထဲပါသူတွေကို အုပ်ချုပ်ရေးမှူးက ဆိုင်ကယ်နဲ့ လိုက် ခေါ်ပြီး ရဲစခန်းမှာ လူစုကာ စာရင်းပါသူတွေလူစုံသွားတဲ့အခါမှာတော့ မှန်လုံကားတွေနဲ့ စစ်သားတွေက မြို့နယ်ထွေအုပ်ရုံးဆီ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ 

ပုံစာ -  ပေါင်းတည်မြို့က စစ်ကောင်စီတပ်သားများ(ပုံဟောင်း)။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါင်းတည် #စစ်ကောင်စီ #စစ်မှုထမ်းဥပဒေ #မိခင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10