ပျူစောထီးလက်ထဲ ပျက်စီးသွားခဲ့ရသည့် ကြာပိုင်ကျေးရွာ ငြိမ်းချမ်းရေး

ပျူစောထီးလက်ထဲ ပျက်စီးသွားခဲ့ရသည့် ကြာပိုင်ကျေးရွာ ငြိမ်းချမ်းရေး

ကြာပိုင်ကျေးရွာသည် စစ်ကိုင်းတိုင်း မုံရွာမြို့ တောင်ဘက် ၆ မိုင်အကွာ၊ မုံရွာမြို့နှင့် ချောင်းဦးမြို့ကြားက အိမ်ခြေ ၈၀၀ ကျော်ရှိသည့် ကျေးရွာကြီးဖြစ်သည်။ ရွာချင်းကပ်လျက်တွင် စစ်တပ်ကတပ်စွဲထားပြီး ပျူစောထီး အများစုရှိသည့် နာမည်ကြီး တောပုရွာရှိသည်။ 

ရွေးကောက်ပွဲကာလက ကြာပိုင်ကျေးရွာတရွာလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသည့်ကျေးရွာဖြစ်ခဲ့သည်။ သို့သော် စစ်တပ်အာဏာသိမ်းမှုအလွန် လက်နက်ကိုင်တော်လှန်ရေးများဖြစ်ပွားပြီး စစ်တပ်ထောက်ခံသည့် ပျူစောထီးတပ်ဖွဲ့များ ပေါ်ပေါက်လာသည့်အခါမှာတော့ ကြာပိုင်ကျေးရွာသည် ရွာချင်းကပ်လျက်က ပျူစောထီးများရှိရာ တောပုရွာနှင့် ကောင်းမွန်သည့် ဆက်ဆံရေးဖြင့် အဆင်ပြေအောင် နေခဲ့ကြသည်။ 

ရွာ ၂ ရွာကြား ရင်းနှီးသည့်ဆက်ဆံရေးရှိခဲ့သော်လည်း တောပုရွာမှ ပျူစောထီးများသည် ၎င်းတို့ စိတ်မထင်ရင် မထင်သလို ကြာပိုင်ကျေးရွာခံများ၏နေအိမ်များအတွင်း ဝင်ရောက်ကာ ပစ္စည်းယူခြင်း၊ နေအိမ်တချို့ကို မီးရှို့ခြင်းမျိုး လုပ်တတ်သည်။ ကြီးကြီးမားမားပျက်စီး ဆုံးရှုံးတာမျိုးမရှိခဲ့။ အဆိုးဆုံးအနေဖြင့် ကြာပိုင်ကျေးရွာသားတဦး နေအိမ်ပေါ်မှာ သေနတ်ဖြင့် အပစ်ခံရခြင်း တခုသာရှိခဲ့သည်။ 

သို့သော် တောပုကျေးရွာနှင့် ကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်ပြီး ငြိမ်းချမ်းလိုသည့် ကြာပိုင်ကျေးရွာသားများ၏ ငြိမ်းချမ်းရေးသည် ၂၀၂၃ခုနှစ် ဒီဇင်ဘာပထမပတ်အတွင်း တောပုကျေးရွာက ပျူစောထီးများ၏ အငြိုးအာဃာတအောက်တွင် ပျက်စီးခဲ့ရသည်။ 

ဒီဇင်ဘာ ၂ ရက် မနက် ၈ နာရီအချိန်တွင် ကြာပိုင်ကျေးရွာသား ၁၀ ဦးသည် တောပုရွာပျူစောထီများ၏ လက်ချက်တွင် အစုလိုက်အပြုံလိုက်အသက်ပျောက်ခဲ့ရသည်။ လူနေအိမ် ၁၃၀ ခန့်မီးရှို့ဖျက်ဆီးခံလိုက်ရသည်။ 

“ခါတိုင်းလည်း ဝင်နေကြဆိုတော့ ပုံမှန်လိုပဲထင်ပြီး မပြေးတဲ့သူတွေလည်း မပြေးကြဘူး။ သူတို့ ၁ ရက်နေ့ဖြစ်စဉ်မှာ PDF တွေကို မကျေနပ်လို့အငြိုးနဲ့လာတာ။” ဟု မုံရွာ-အမြင့်လမ်း သပိတ်သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

ပြဿနာအစ

ကြာပိုင်ကျေးရွာတွင် အစုလိုက်အပြုံလိုက်အသတ်ခံရမှုမဖြစ်မီ ဒီဇင်ဘာ ၁ ရက် ညနေပိုင်းအချိန်၌ တောပုကျေးရွာ အနောက်မြောက်ဘက်ရှိ အိမ်တန်းစုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ 

အဆိုပါ အိမ်တန်းစုသည် ကြာပိုင်ကျေးရွာက လျှပ်စစ်မီးကိုယူကာ တောပုကျေးရွာကို တဆင့်ပြန်လည်ဖြန့်ဝေပေးနေသည့် အိမ်တန်းစုဖြစ်သည်။ 

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးနှင့် ပျူစောထီး ၁ ဦး သေဆုံးခဲ့ပြီး တောပုရွာကို လျှပ်စစ်မီး ဖြန့်ဝေပေးနေသည့် တောပုရွာအိမ်တန်းစုလည်း မီးရှို့ခံခဲ့ရပြီး တောပုရွာတရွားလုံး လျှပ်စစ်မီး ပြတ်တောက်သွားရသည်။

“ ၁ ရက်နေ့ ညနေမှာ အဲဒီနေရာကို PDF က ဝင်တိုက်ပြီး မီးရှို့နိုင်ခဲ့တယ်။ ဒီဟာတိုက်တာကလည်း အပြင်က လာတိုက်တဲ့ PDF တွေ၊ ကြာပိုင်နဲ့ မဆိုင်ဘူး” ဟု မုံရွာ-အမြင့်လမ်းသပိတ်သတင်းမှန်ပြန်ကြား ရေးတာဝန်ရှိသူက ပြောသည်။

ရင်းနှီးတဲ့ ကြာပိုင်နဲ့ တောပု

ကြာပိုင်ကျေးရွာမှ ရွာသားတချို့ PDF တပ်ဖွဲ့ထဲ ဝင်ရောက်သွားတာရှိသည်။ သို့သော် ကျေးရွာတွင် အခြေပြုတပ်စွဲထားသည့် PDF မရှိ။ ကျေးရွာ၏အခြေအနေက PDF များ အခြေချကာ တော်လှန်ရေး လုပ်ရန်ခက်ခဲသည့်နေရာတခုဖြစ်သည်ဟု ရွာခံများက ဆိုသည်။ 

စစ်တပ်ကိုထောက်ခံခြင်းမရှိသော်လည်း ကျေးရွာလုံခြုံရေးအခြေအနေအရ တောပုကျေးရွာနှင့် အလိုက်သင့်နေထိုင်ကြသည်။ ယင်းသို့အနေကြာလာသည့်အခါ ကြာပိုင်နှင့် တောပုရွာမှာ နှစ်ရွာတရွာလိုပင်ဖြစ်နေသည်ဟု ဒေသခံတဦးက ဆိုသည်။ 

“အရင်က ကြာပိုင်က တရွာလုံးအနီပဲ။ အခုကျတော့ အသက်ရှုချောင်အောင်အလျဉ်း သင့်သလိုနေကြတာ” ဟု အမည်မဖော်လိုသည့် မုံရွာနယ်ခံအမျိုးသားတဦးက ပြောသည်။

တောပုရွာ လျှပ်စစ်မီးရရှိရေးအတွက် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ကြာပိုင်ကျေးရွာက ကူညီပေးထားရသည်။  

“တောပုက အတင်း(လျှပ်စစ်မီး)လာသွယ်သွားတာ သိပ်မကြာသေးဘူး။ ဒီနှစ်ဆန်းပိုင်းလောက်ကမှ။ အဲဒါကြောင့်လည်း ကြာပိုင်နဲ့ နည်းနည်းဆက်ဆံရေးကောင်းတာ” ဟု ရွာခံတဦးက ပြောသည်။

တောပုရဲ့ရန်ငြိုး

သို့သော် တောပုရွာကို လျှပ်စစ်မီးထပ်ဆင့် ပြန်ဖြန့်ပေးသည့် တောပုရွာအိမ်တန်း တိုက်ခိုက်ခံရပြီးသည့်နောက် ဒီဇင်ဘာ ၂ ရက် မနက် ၈ နာရီမှာတော့ ပျူစောထီ အပါ အဝင် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များသည် ကြာပိုင်ကျေးရွာအတွင်းသို့ ရွာတောင်ပိုင်းမှ ဝင်ရောက်လာပြီး မနက် ၉ နာရီခန့်တွင် ရွာကိုစတင်မီးရှို့ကြသည်။

ပျူစောထီးပူးပေါင်းစစ်ကြောင်းက ယင်းကဲ့သို့လုပ်ဆောင်နေသည့်တိုင် ရွာခံများက သာမာန်အတိုင်းဟုသာ ထင်ထားကြသည့်အတွက် ရွာသားတချို့သာထွက်ပြေးသော်လည်း အများစုက ဟန်မပျက်သာ နေထိုင်ကြသည်။ 

ကြာပိုင်ရွာသားများက ထင်မထားသော်လည်း အဆိုပါအချိန်နောက်ပိုင်းအတွင်းမှာပင်                                                                                                        စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာအတွင်း တွေ့သမျှရွာသားများကို လိုက်လံဖမ်းဆီးကြတော့သည်။ 

ပြီးလျှင် ဖမ်းဆီးထားသူများကို ရွာတောင်ပိုင်းအစွန်တွင် စုစည်းထားရာ ၆၀ ဦးဝန်းကျင်အထိရှိကြောင်း ကြာပိုင်ရွာခံတဦးက ပြောသည်။

“မြောက်ပိုင်းကတော့ အကုန်လုံးလွတ်တယ်ပေါ့။ မိတဲ့လူတွေလည်းမိတယ်။ ရွာလယ် ဘုရားကြီးထဲက မိတဲ့လူတွေကတော့ အကုန်ပြန်လွှတ်လိုက်တယ်။ မိန်းကလေးတွေနဲ့ အသက်ကြီးပိုင်း တချို့တဝက်တွေကတော့ လွှတ်ပေးလိုက်တယ်။ ရွာတောင်ဖျားပေါ့ ရွာအနောက်ကိုထွက်တဲ့ လမ်းကြောမှာ မိတဲ့လူတွေက အကုန်လုံးအသတ်ခံရတဲ့အထဲမှာပါတာပေါ့” ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် ၆၀ ဦးခန့်တွင် အရွယ်ကောင်းများဖြစ်သည့် အသက် ၂၀ မှ ၅၀ ကျော်အမျိုးသား ၁၀ ဦးကို ဆက်လက်ဖမ်းဆီးထားပြီး အဆိုပါ ရွာတောင်ပိုင်းရှိ ဦးနီ၏ တိုက်အိမ်အတွင်း အလှောင်ပိတ်ကာ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့ကြသည်။ 

မီးရှို့အသတ်ခံရသူများမှာ ကိုစိုးမိုးသူ (၂၉) နှစ်၊ ကိုစိရွှေ (၄၃) နှစ်၊ ချမ်းငြိမ်း (၂၉) နှစ်၊ ကိုပါလေရာ(၃၇) နှစ်၊ ဆန်းဝင်း (၅၃) နှစ်၊ ကိုငဒိုး (၃၈) နှစ်၊ ကိုလှိုင်ဝင်း (၃၉)နှစ်၊ ကိုထွန်းထွန်း (၂၀) နှစ်၊ ကိုလှိုင်သူရ (၂၃) နှစ်၊ ကိုထွန်းခင် (၄၃)နှစ်တို့ ဖြစ်ကြသည်။ 

အသတ်ခံရသူများတွင် နှိပ်စက်ခံထားရသည့် အခြေအနေများရှိပြီး လက်၊ ခြေထောက်တွင် ကြိုးတုပ်ထားကာ သေနတ်ဒဏ်ရာများလည်း တွေ့ရှိသည်ဟု ရုပ်အလောင်းများ ကောက်ယူရာတွင်ပါဝင်ခဲ့သည့် အဆိုပါ ရွာခံက ပြောသည်။

“အပြင်မှာတွေ့တဲ့ အလောင်းတလောင်းက မီးလောင်ပေမယ့်  ရုပ်ကို ဘယ်သူဘယ်ဝါလဲဆိုတာ သိနိုင်တယ်။ သူ့ကိုကြည့်ရတာ နှိပ်စက်ထားတဲ့ ပုံစံရှိတယ်။ ယောင်နေတာဆိုတော့လေ။  သေနတ်နဲ့ပစ်ထားတာရော။ ကျန်တဲ့ ၉ လောင်းကတော့ မီးကျွမ်းနေပြီး ဘာမှသေချာမမြင်ရတော့လို့ ဘယ်သူက ဘယ်အလောင်းဆိုတာတောင် မခွဲခြားနိုင်ဘူး” ဟု ရွာခံတဦးက ဆိုသည်။ 

အသတ်ခံရသူများသည် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်မှုမရှိသလို ၎င်းတို့၏ မိသားစုဝင်များပင် PDF ထဲဝင်ရောက်သူ မရှိကြောင်း အဆိုပါ ရွာခံက ထပ်လောင်းပြောပြသည်။

ထို့အပြင် အိမ်ခြေ ၈၀၀ ကျော်ရှိ ကြာပိုင်ရွာကို တောပုပျူစောထီးစစ်ကြောင်းက မီးတင်ရှို့ခဲ့ခြင်းကြောင့် လူနေအိမ် ၁၃၀ ခန့် မီးလောင်ပျက်စီးခဲ့ရသည်။

ကြာပိုင်ကျေးရွာမှ နေအိမ်မီးရှို့ခံရသူ တဦးက “အကုန်လုံးနှမြောတာပေါ့၊ အိမ်တလုံးဆိုတာကလည်း အခုခေတ်က (အိမ်)တလုံးဖြစ်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ” ဟု ဆိုသည်။ 

တောပုရွာပျူစောထီးများသည် မွန်းတည့် ၁၂ နာရီခန့်တွင် ကြာပိုင်ရွာမှ ပြန်လည်ထွက်ခွာသွားကြသည်။ ထို့ကြောင့် ရွာခံများသည် ညနေ ၃ နာရီခန့်တွင် ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ကာ မီးရှို့ခံထားရသည့်အလောင်းများကို ကောက်ယူပြီး ချက်ချင်းပင် သင်္ဂြိုဟ်လိုက်ကြသည်။ 

အစုလိုက်အပြုံလိုက်အသတ်ခံလိုက်ရသည့် ကျေးရွာသားများကို သင်္ဂြိုဟ်ပြီးသည့်နောက်မှာတော့ ကြာပိုင်ကျေးရွာသားမျာအားလုံး ကျေးရွာကိုစွန့်ခွာထွက်ပြေးသွားကြပြီဖြစ်သည်။ ကျေးရွာအတွင်း မည်သူမှ မရှိကြတော့ဘူးဟု ရွာခံများက ဆိုသည်။ 

ကြာပိုင်ရွာကို တောပုရွာ ပျူစောထီးစစ်ကြောင်း ဝင်ရောက်ပြီး အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုသည် PDF တိုက်ခိုက်မှုအပေါ် စစ်ကောင်စီ၏ လက်တုံ့ပြန်ခြင်းသာဖြစ်ပြီး PDF များကြောင့် ဒေသခံပြည်သူများ ဒုက္ခကြုံတွေ့ရသည်ဟု ပုံဖော်ကာ သတ်ဖြတ်ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကြောင်း အမြင့်လမ်းသပိတ် တာဝန်ခံက မှတ်ချက်ပြုသည်။

ပျူစောထီးများနှင့် ဆက်ဆံရေးကောင်းမွန်အောင် အလိုက်အထိုက်ဖြင့် ငြိမ်းငြိမ်းချမ်းချမ်း နေခဲ့ကြသည့် ကြာပိုင်ကျေးရွာသားများအဖြစ်ကို သူက ယခုကဲ့သို့ မှတ်ချက်ပြုသည်။ 

“သူတို့အတိုက်ခံရတာနဲ့ PDF ကို မဲပြီး ရွာကိုဝင်လုပ်သွားတာ။ ကြွက်မနိုင် ကျီမီးနဲ့ရှို့တာ”

#မြေလတ်အသံ

#ဆောင်းပါး #ကြာပိုင်ကျေးရွာ #တောပု #ပျူစောထီး #အစုလိုက်အပြုံလိုက်လူသတ်မှု #စစ်ကိုင်း #တော်လှန်ရေး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10