ပြည်တွင်းမှာသတ်ဖြတ်မှုတွေလုပ်နေတဲ့ စစ်ကောင်စီက အရှေ့အလယ်ပိုင်းဒေသတိုက်ခိုက်မှုကို စိုးရိမ်ကြောင်းထုတ်ပြန် (ရုပ်/သံ)

အရှေ့အလယ်ပိုင်းဒေသမှာ လတ်တလောဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုအခြေအနေတွေအပေါ်  စိုးရိမ်မကင်းဖြစ်မိတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဒီနေ့ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အနီးကပ်လေ့လာ စောင့်ကြည့်နေပြီး ပဋိပက္ခတွေ ပိုမကြီးထွားလာစေဖို့နဲ့ တင်းမာမှုတွေကို လျှော့ချဖို့ သက်ဆိုင်ရာနှစ်ဖက်အဖွဲ့အစည်းတွေအကြား ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့နဲ့ ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ပထမပတ်ကစလို့ ပါလက်စတိုင်း၊ ဟားမတ်အဖွဲ့တွေနဲ့ အစ္စရေးတပ်တွေအကြား တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာဖြစ်ပြီး တိုက်ခိုက်မှုတွေစတင်ပြီး ရက်ပိုင်းအတွင်းမှာပဲ အရပ်သားလူထောင်ချီ သေဆုံးခဲ့တာပါ။

စစ်ကောင်စီက အရှေ့အလယ်ပိုင်းဒေသက အဲဒီတိုက်ခိုက်မှုတွေကို ရည်ညွှန်းပြီး စိုးရိမ်မကင်းဖြစ်တယ်လို့ ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းအရေးကို စိုးရိမ်းမကင်းဖြစ်ရတယ်လို့ စာထုတ်ခဲ့တဲ့ စစ်ကောင်စီကိုယ်တိုင်က အောက်တိုဘာ ၉ ရက် ည ၁၁ နာရီအချိန် ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက စစ်ဘေးရှောင်စခန်းအပေါ် ဖျက်အားပြင်း ဗုံးတွေကြဲချခဲ့တာကြောင့် ကလေး ၁၃ ဦးနဲ့ အမျိုးသမီးတွေအပါဝင် စစ်ဘေးရှောင်ပြည်သူ ၂၉ ဦးသေဆုံးကာ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ 

ပြည်တွင်းမှာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေပြီး နိုင်ငံတွင်း အုပ်ချုပ်နိုင်မှုလျော့ရဲနေတဲ့ အာဏာလုစစ်တပ်က အခုလိုထုတ်ပြန်တာက အပြောနဲ့ အလုပ်မညီတဲ့ ရှက်ရွံံ့ဖွယ်ကိစ္စဖြစ်တယ်လို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီ ဦးဆောင်သူ ကိုစိုးထွဋ်ဝင်းက ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့အချိန်ကစပြီး ၂၀၂၃ အောက်တိုဘာ ၁၀ ရက်အထိ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၄၀၀၀ ကျော်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီက သတ်ခဲ့တဲ့ ပြည်သူတွေထဲမှာ အတည်ပြုဖို့လိုအပ်နေတဲ့ နာမည်စုံစမ်းဆဲ လူဦးရေ ၅၀၀ ဝန်းကျင်ရှိတယ်လို့ ဖော်ပြထားပါတယ်။ 

အလားတူ ဖမ်းဆီးခံထားရသူ စုစုပေါင်း နှစ်သောင်းခွဲ ကျော်ရှိပြီး အဲဒီအထဲက နှစ်သောင်း  နီးပါး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၇ထောင့်ငါးရာကျော်ကတော့ ထောင်ဒဏ်ချခံထားရ တယ်လို့ ဖော်ပြထားပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံသတင်း #စစ်ကောင်စီ #အရှေ့အလယ်ပိုင်းဒေသ #တိုက်ခိုက်မှု #စိုးရိမ်ကြောင်း #ထုတ်ပြန် #ပြည်တွင်း #သတ်ဖြတ်မှု #ကျူးလွန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10