ပြည်နဲ့ ပေါင်းတည်ထောင်က လွတ်လာသူ ၇၀ ဦးမှာ နိုင်ကျဉ်း ၁ ဦးသာပါဝင်

ပြည်နဲ့ ပေါင်းတည်ထောင်က လွတ်လာသူ ၇၀ ဦးမှာ နိုင်ကျဉ်း ၁ ဦးသာပါဝင်

စစ်ကောင်စီရဲ့လွတ်ငြိမ်းခွင့်နဲ့ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်နဲ့ ပေါင်းတည်အကျဉ်းထောင်ကနေ ပြန်လွတ်လာသူ ၇၀ ဦးရှိပြီး အဲဒီထဲမှာနိုင်ကျဥ်းအမျိုးသမီး ၁ ဦးသာပါဝင်တယ်လို့  နိုင်ငံရေး အကျဉ်းသားတွေနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်)ဒီနေ့မှာ ပြည်အကျဉ်းထောင်ကနေ ရာဇဝတ်မှုနဲ့ထောင်ကျနေတဲ့ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ နိုင်ကျဥ်းအမျိုးသမီး ၁ ဦး စုစုပေါင်း ၄၀ ဦးပြန်လွတ်လာခဲ့ပါတယ်။ 

အလားတူ ပေါင်းတည်အကျဥ်းထောင်ကနေ အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃၀ ဦးပြန်လွတ်ခဲ့ပေမယ့် အားလုံးက ရာဇဝတ်အကျဉ်းသားတွေဖြစ်ပြီး နိုင်ငံရေးအကျဥ်းသားတွေ မပါဘူးလို့ ဆိုပါတယ်။

“နိုင်ကျဉ်းတွေ ဒီထက်ပိုပြီးပါဝင်စေချင်တယ်။ ပြည်ထောင်မှာ ၅၀၅ တွေလည်းရှိနေတာကို ၁ ဦးတည်းပဲလွတ်တာဆိုတော့ အမည်ခံလွှတ်ပေးတဲ့ သဘောပဲ” လို့ ပြည်မြို့ရှိ  နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ပြောပါတယ်။

ဒါ့အပြင် ပေါင်းတည်မြို့ခံ အမျိုးသမီးတဦးကလည်း “လွှတ်မယ်ဆိုကတည်းက ရာဇဝတ်သားတွေသာပါမယ်ဆိုတာ သိပြီးသားပါ။ တကယ်လွှတ်ချင်ရင် အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း ရှိနေတယ်။ ဒီမနက်ကတော့ အရင်လို ထောင်ရှေ့မှာ အုံနဲ့ကျင်းနဲ့ လာစောင့်နေတာမျိုး မတွေ့ရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝန်းရှိ အကျဉ်းထောင်နဲ့အချုပ်ထောင်အသီးသီးက အကျဉ်းသား၊ အကျဉ်းသူ ၃,၃၀၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ နဲ့ လွှတ်ခဲ့တာလို့ ထုတ်ပြန်ကြေညာ ထားပါတယ်။ 

အဲ့ဒီ ဥပဒေပုဒ်မတွေဟာ နောက်တကြိမ်ပြစ်ဒဏ်ကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပုံစာ - ပေါင်းတည်အကျဉ်းထောင်မှ ပြန်လွှတ်လာသည့် နိုင်ငံရေး အကျဉ်းသားအချို့။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပြည် #ပေါင်းတည် #လွတ်ငြိမ်း #နိုင်ကျဥ်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10