ပြည်မြို့မှာ စစ်မှုမထမ်းမနေရဥပဒေ ထောက်ခံပွဲလုပ်

ပြည်မြို့မှာ စစ်မှုမထမ်းမနေရဥပဒေ ထောက်ခံပွဲလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ ကမ်းနားလမ်းက သစ်ထုတ်လုပ်ရေးရုံးရှေ့မှာ စစ်တပ်ထောက်ခံသူတွေ စုပေါင်းပြီး စစ်မှုမထမ်းမနေရဥပဒေ ထောက်ခံကြိုဆိုပွဲလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဖေဖော်ဝါရီ ၁၈ ရက် ဒီကနေ့ မနက် ၉ နာရီဝန်းကျင်ကစပြီး နာရီဝက်နီးပါးကြာ စစ်ကောင်စီ ထောက်ခံသူတွေ၊ ဝန်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စုပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။

သူတို့(စစ်ကောင်စီ) ဝန်ထမ်းတွေက မပါမနေရ ပါရတယ်။ အဓိက အုပ်ကြီးတွေနဲ့ သူတို့ဝန်ထမ်းတွေ ပဲပါတာ၊ သိပ်တော့ အင်အားမများဘူး၊ ခုတခါပွဲက မြို့ပေါ်က တပ်ထောက်ခံတဲ့ သူတွေတောင် မပါဘူး၊ ခါတိုင်းဆို ပေါ်တော်မူထဲက လူတွေပါတယ်။လို့ ပြည်မြို့ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်မှုမထမ်းမနေရ ဥပဒေကြေငြာပြီး ရက်ပိုင်းအတွင်းမှာပဲ ထောက်ခံပွဲတွေ ပြုလုပ်လာကြတာဖြစ်ပြီး  မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းထဲ က မြို့နယ်တွေမှာ ဆက်တိုက်ဆိုသလို ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

သူတို့ဘာသာလုပ်လည်း ပြည်သူလူထုကတော့ ကျီးလန့်စာစားပဲ၊ တခုခုအသံကြားတာနဲ့ ဘယ်သူမှ အပြင်မထွက်တော့ဘူး။လို့ ဒေသခံတဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်(၅) ဘောလုံးကွင်းမှာ စစ်မှုထမ်းဥပဒေ ထောက်ခံပွဲကို ကြံခိုင်ရေးပါတီဝင်၊ အမျိုးသားရေးသမားတွေနဲ့ စစ်တပ်ထောက်ခံသူ စုစုပေါင်း အင်အား ၄၀၀ လောက်နဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း  

#မြေလတ်အသံ
#ပဲခူး #ပြည် #စစ်မှုမထမ်းမနေရဥပဒေ #ထောက်ခံပွဲ #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10