ပြည်မြို့ ဇီးအုပ်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခံရလို့ သေဆုံး

ပြည်မြို့ ဇီးအုပ်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခံရလို့ သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဇီးအုပ်အုပ်စု၊ ရွှေမြောင်ကျေးရွာက စကစခန့်  အုပ်ချုပ်ရေးမှူးဦးဝင်းကြိုင်ကို သေနတ်နဲ့ ၃ ချက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ယနေ့ ဧပြီလ ၂၃ ရက် နံနက် ၁၀ နာရီခွဲအချိန်ခန့်က ဖောင်တင်ရွာအနီးမှာ ကျောကုန်း ၂ ချက်နဲ့ နားထင် ၁ ချက်တို့ကို ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

"ရှင်းလင်းမှုကတော့ ထုတ်ပြန်ချက်မှာပါတဲ့အတိုင်းပါပဲ။ ပြည်သူလူထုကို အသိပေးပါတယ်။ အခုလောလောဆယ် စကစဒေါက်တိုင်တွေကို စတင်ရှင်းလင်းနေပြီ။ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ထွေအုပ်စာရေးတွေ မိမိအသိနဲ့ ပြည်သူ့မေတ္တာခံယူဖို့ တိုက်တွန်းပါတယ် ကျန်တာကတော့ ကျနော်တို့လုပ်စရာရှိတာ ပြတ်ပြတ်သားသားဆောင်ရွက်သွားမှာဖြစ်တယ်။" လို့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ဦးဝင်းကြိုင်ဟာ အာဏာမသိမ်းမီက ကြံ့ခိုင်ရေးပါတီအမာခံဖြစ်ပြီး လက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးလုပ်ကာ ပြည်သူလူထုကို ဒုက္ခပေးတာ၊ စစ်မှုထမ်းဖို့အစည်းအဝေးခေါ်ယူတာနဲ့ စစ်ကောင်စီမြို့နယ်မှူး၊ စခန်းမှူး၊ နယ်ထိန်းတွေကို နေအိမ်မှာ ဧည့်ခံကျွေးမွေးတာတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

လက်ရှိမှာတော့ သေဆုံးသူ ဦးဝင်းကြိုင်ကို စစ်ကောင်စီတပ်ဖွဲ့က လာရောက်ယူဆောင်သွားပြီလို့သိရပါတယ်။

လက်ရှိအခြေအနေအရ ပြည်မြို့၊ ကိုးသောင်းမီးပွိုင့်မှာ စစ်ကောင်စီအဖွဲ့စုံနဲ့ တားဆီးစစ်ဆေးတာတွေ ပြုလုပ်နေပြီး လက်နက်သတင်းရထားတယ်လို့ မြို့ခံတွေကပြောပါတယ်။

မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအတွက် တပ်သားသစ်ရွေးချယ်တာ မဲပေါက်သူတွေကို နေအိမ်တွေကို အဓမ္မလိုက်လံခေါ်ဆောင်တာတွေလုပ်ဆောင်နေပြီး နယ်မြေခံ အုပ်ချုပ်ရေးမှူးတွေက ပူးပေါင်းပါဝင်နေကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10