ပြန်မဆုံနိုင်တော့တဲ့ မိသားစုတွေ

ပြန်မဆုံနိုင်တော့တဲ့ မိသားစုတွေ

တာလပတ်မိုး၊ ဝါးခြမ်းကာထားတဲ့ တဲတခုပေါ်မှာ အသားညိုညို ခပ်ပိန်ပိန်နဲ့ အသက် ၁၅နှစ်အရွယ် မိန်းကလေး တယောက်။ အပြာနုရောင် ချည်သားအကွက်အင်္ကျီဝတ်လို့။ သူ့လက်ထဲမှာ လက်တဝါးစာ ကတ်ထူစက္ကူ အစုတ်လေးတခုကို ကိုင်လို့ပါ။ 

အဲဒီစက္ကူ အစုတ်ပေါ်မှာ ၁ ကနေ ၃၁ ထိ ဂဏန်းတွေရေးထားတယ်။ သူဟာ ၂၃ ဆိုတဲ့ ဂဏန်းပေါ်မှာ ကြက်ခြေခတ်လေးခြစ်နေရင်း တဲခေါင်းရင်းမှာ အိပ်နေတဲ့ သူ့အမေကို-

“အမေ့ ကိုကြီးတို့သွားတာ ၁လကျော်နေပြီ။ အဆင်ပြေကြလားမသိဘူး။ ဘာသတင်းမှလည်း မကြားဘူး” လို့ လှမ်းမေးလိုက်တယ်။ 

“နင့်အကိုတွေ အဆင်ပြေမှာပါ မေတ္တာသာပို့” လို့ အမေက ပြန်ဖြေတယ်။

သူ့အမေစကားနားထောင်ပြီးနောက် မိန်းကလေးရဲ့ မျက်လုံးလေးတွေဟာ ကတ်ထူပြားပေါ်က ရက်စွဲတွေဆီ ပြန်ရောက်သွားတယ်။ 

ဒီကတ်ထူစက္ကူစုတ်လေးနဲ့ ကိုယ်တိုင်လုပ်ထားတဲ့ပြက္ခဒိန်လေးဟာ တောစခန်းမှာ ရောက်နေတဲ့ သူတို့သားအမိ အတွက် ဘဝမျှော်လင့်ချက်။ လက်နက်သွားသယ်မယ်ဆိုပြီး ထွက်သွားတဲ့ အစ်ကိုဖြစ်သူ အိမ်ပြန်လာမယ့်ရက်။ ပြီးတော့ ဒီကတ်ထူစက္ကူစုတ်လေးဟာ သူတို့မိသားစုပြန်ဆုံကြမယ့်နေ့ဆိုလည်း မမှားပါဘူး။ 

ရှေးဦးသူနာပြုစုနည်း သင်ကြားနေတဲ့ ကလေးတွေ။ 



သူတို့သားအမိဟာ အောင်လံဘက် ‌ရွာလေးတရွာက စစ်ရှောင်တွေပါ။ အစ်ကိုအလတ်က လက်နက်သယ်ဖို့ ခရီးထွက်သွားတာမို့ သူထွက်သွားတဲ့နေ့တွေကို စာရွက်နဲ့မှတ်ပြီး ရေတွက်ကာ အစ်ကိုလတ် ပြန်လာမယ့်ရက်ကို ဒီလိုပဲ စောင့်မျှော်နေခဲ့တာပါ။

လက်ရှိနေရတဲ့နေရာက မြို့ရွာတွေနဲ့ ဝေးလံခေါင်ဖျားပြီး စာရွက်ရဖို့တောင် ခက်တဲ့နေရာဖြစ်လို့ ရိက္ခာသယ်ချိန်ပါလာတဲ့ ကတ်ထူစက္ကူပုံးကနေ လက်တဝါးစာလောက်လေး ညှပ်ယူထားပြီး ပြက္ခဒိန်လိုသုံးနေရတာပါ။

ဒီတောတွင်း PDF စခန်းငယ်လေးဟာ ပဲခူးရိုးမအနောက်ခြမ်းနဲ့ ရခိုင်ရိုးမအစပ်မှာပါ။ အဲဒီစခန်းမှာ စစ်ဘေးရှောင် ၂‌၃ ယောက်လောက်ရှိပြီး မိသားစု ၇ စု ရှိပါတယ်။ သူတို့သားအမိကလည်း အဲဒီမိသားစုတွေထဲက တစုပါ။

ဒီစခန်းလေးဟာ တောတွင်း PDF စခန်းဆိုတာထက် စစ်ဘေးဒုက္ခသည်တွေစုနေတဲ့ နေရာလို့ပြောရင်တောင် ပိုမှန်မယ်ထင်ပါတယ်။


ဘာလို့ဆို စခန်းမှာ မိုးရေဝင်ပြီး ပျက်နေတဲ့ တူမီး ၃လက်နဲ့ ဝါးခုတ်ဓားမတွေပဲတွေ့ပြီး ကျန်တာက မိသားစုတွေ၊ ကလေးတွေနဲ့ စားစရာတချို့ပါပဲ။

ဒီမိသားစုတွေဟာ တခြားစခန်းတခုကနေ စစ်ကြောင်းထိုးခံရလို့ ကျည်ဆန်တွေကြား အသက်လုပြေးလွှားရင်း ဒီနေရာကို ရောက်လာကြတာပါ။ အရင်နေရာမှာတုန်းက မိသားစု ၆ ယောက် တူတူရှိပေမယ့် အခုစခန်းမှာတော့ သမီးနဲ့ အမေ ၂ယောက်ပဲ ကျန်ပါတော့တယ်။



ပထမတုန်းကတော့ သူတို့မိသားစုလေးမှာ အဖေ၊ အမေ၊ ညီမလေးနဲ့ အစ်ကို ၂ ယောက်ရှိတာပါ။ ပြီးတော့ အစ်ကိုငယ်ရဲ့ မိန်းမ။  သူတို့ ပထမဦးဆုံးနေခဲ့ကြတဲ့ ယာတဲစခန်း ဝင်စီးခံရတော့ သူ့အဖေအပါအဝင် အသက်အရွယ်ကြီးသူ ၃ ဦး အဖမ်းခံလိုက်ရပါတယ်။ 

သူတို့မိသားစု ၅ ဦးထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် အဖေကတော့ အဖမ်းခံရပြီး ထောင်ကျခဲ့ရပါတယ်။

သူတို့မိသာစုလေး တောထဲကိုပြေးလာကြတဲ့အခါ အိမ်ထောင်ကျနေတဲ့ အစ်ကိုငယ်က ရှေ့တန်းစခန်းတခုမှာ ကျန်ခဲ့ပြီး အစ်ကိုလတ်ကတော့ လက်နက်သယ်ဖို့ဆိုပြီး တခြားရဲဘော်တွေနဲ့အတူ ခရီးထွက်သွားတာ တလကျော် ကြာခဲ့ပါပြီ။

ဒီသားအမိနှစ်ယောက်ရှိရာ တောစခန်းလေးကို ကျမက အလုပ်ကိစ္စတခုနဲ့ ရောက်လာခဲ့တာပါ။ သူတို့သားအမိနေတဲ့ တဲလေးမှာ နေရတဲ့ ဧည့်သည်တယောက်ပေါ့။ PDF ရဲဘော်တွေက ကျမကို ရှေ့တန်းစခန်းမှာ မထားလိုတဲ့ အတွက် ဒီဘေးကင်းတဲ့တောစခန်းလေးကို ကျမရောက်လာခဲ့တာပါ။ 

သူတို့သားအမိနဲ့ စကားစမြည်ပြော၊ မိတ်ဆက်ပြီးတဲ့အခါ သတိထားမိတာတခုက ကျမ ခရီးတထောက်နားခဲ့တဲ့ ရှေ့တန်းစခန်းမှာ လက်ဒဏ်ရာရထားတဲ့ အမျိုးသားတယောက်ဟာ သူ့ရဲ့ အစ်ကိုငယ်ဖြစ်ပြီး အမျိုးသမီး တယောက်ကတော့ သူ့ရဲ့ ယောက်မ ဆိုတာပါပဲ။

ရှေ့တန်းအောက်စခန်းမှာ ကျမတွေ့ခဲ့တဲ့ သူ့အစ်ကိုဟာ တူမီးထဲထည့်ပစ်တဲ့ ယမ်းဘူးပေါက်ကွဲလို့ လက်ချောင်းတွေ ပြတ်ပြီး ဒဏ်ရာရခဲ့တာပါ။  

ဒါပေမဲ့ သူတို့သားအမိဟာ အစ်ကိုငယ်ရဲ့ ဒဏ်ရာအခြေနေအမှန်ကို သိထားပုံမရဘူး။ စခန်းမှာရှိတဲ့သူတွေက အမေဖြစ်သူက အသက်အရွယ်ကြီးနေတော့ စိတ်ထိခိုက်မှာစိုးလို့ အမှန်တိုင်းမပြောကြဘဲ လျှော့ပေါ့ပြောထားကြဟန်ရှိပါတယ်။ 

ဒါကြောင့် သားအငယ်ကိုတွေ့ခဲ့လား၊ ဒဏ်ရာအခြေနေဘယ်လိုရှိလဲမေးရင် ကျမလည်း အလိုက်တသိနဲ့ မသိချင် ယောင်ဆောင်ပြီး ဘာ‌ပြန်ပြောရမလဲဆိုတာပဲ တွေးမိနေတယ်။

ဒါပေမဲ့ စခန်းကို ကျမရောက်ပြီး ၃ရက်အကြာမှာတော့ အန်တီနဲ့ ညီမလေးက အကိုဖြစ်သူရဲ့ ဒဏ်ရာအခြေနေကို မေးပါတယ်။ သူ‌တို့မေးနေချိန် မျက်နှာထားကိုကြည့်ရတာ သူတို့ကို အမှန်တိုင်းမပြောဘဲ ထားကြတယ်ဆိုတာကို ရိပ်မိနေတဲ့ပုံပါပဲ။ ကျမလည်းအမှန်တိုင်းမပြောရဲလို့ ဒဏ်ရာအဆင်ပြေကြောင်း၊ သေချာမဆုံခဲ့ရကြောင်း လှည့်ပတ်ပြောပြီး ရှောင်ထွက်ခဲ့လိုက်တယ်။

ကျမ နေရတဲ့ တဲလေးလေးဟာ တာလပတ်အပါးလေးတခြမ်းကို မိုးထားပြီး၊ တောထဲက အလွယ်ခုတ်လို့ရတဲ့ ဝါးတွေကိုခြမ်း၊ အကာကာ၊ ဝါးလုံးကိုတော့ အခင်းခင်းထားပြီး အဆက်တခုနဲ့ တခုကိုလည်း ဝါးနှီးနဲ့သာချည်ထားတဲ့ လေကာနိုင်ရုံ မခိုင်မခန့် တဲအိမ်လေးပါပဲ။

အဲဒီတဲလေးကို ကျမရောက်ပြီး နောက်ရက် မနက်ခင်းမှာ တောင်အောက်ကနေ ခပ်ထားတဲ့ရေအနည်းငယ်ကို ဝါးဆစ်ဘူးလေးထဲထည့် ကိုယ်လက်သန့်စင်ပြီး ထမင်းစားဖို့အတွက် ဝါးတပြန်လောက်အဝေးမှာရှိတဲ့ စားဖိုဆောင်ဆီ ကျမရယ်၊ တဲက ညီမလေးရယ် ထွက်လာခဲ့ပါတယ်။

အန်တီကတော့ အသက်ကြီးတာကတကြောင်း၊ ကျန်းမာရေးမကောင်းတာကတကြောင်းမို့ စားဖိုဆောင်ကို တခါတလေမှသာ လာနိုင်ပြီး အများအားဖြင့် သမီးဖြစ်သူကပဲ စားသောက်ပြီးရင် အမေဖြစ်သူအတွက် ယူသွားပေးရပါတယ်။

ကျမတို့ စားဖိုဆောင်ကိုရောက်တော့ ရိက္ခာချွေတာတဲ့အနေနဲ့ မနက်စာကို ဆန်ပြုတ် တပန်းကန်စီ သောက်ရပါတယ်။ လူ ၂၃ယောက်ပဲရှိပေမယ့် စခန်းက နွမ်းပါးတာရော၊ သယ်ယူရခက်ခဲတာရောကြောင့် ခုလိုချွေတာနေရတာလို့လည်း ပြောပြကြပါတယ်။

ရှေးဦးသူနာပြုစုနည်း သင်ကြားနေတဲ့ ကလေးတွေ။

မနက်စာ စားသောက်ပြီး ၉ နာရီလောက်ရောက်တော့ စခန်းမှာရှိတဲ့ မိန်းကလေးတွေအကုန် ရေပုံး တယောက် တပုံးသယ်ကာ တောင်အောက်ကိုဆင်းသွားရပါတယ်။ ရေခပ်ရတဲ့နေရာက ဝေးတယ်လို့ မပြောသာပေမယ့် တောင်ကမတ်စောက်လို့ အတက်အဆင်းလုပ်ရတဲ့ မိန်းကလေးတွေအတွက် ပင်ပန်းလွန်းပါတယ်။

စခန်းမှာ ကျမအပါအဝင် အမျိုးသမီး ၁၁ယောက်ရှိပြီး တဦးကတော့ အသက် ၈ နှစ်ဝန်းကျင် ကလေးမလေးပါ။ တခြားမိသားစု  ၂ စုက သားအမိ ၂ယောက်စီရယ်၊ ကျမနေတဲ့တဲက ညီမလေးရယ်၊ ကျမရယ် မနက်ခင်းရေခပ်ဖို့ အဝါရောင်ဆီပုံးအခွံကြီးတွေကို ပုဆိုးနဲ့ကျောမှာ သိုင်းပြီး ဆင်းခဲ့ကြပါတယ်။

တောင်က မတ်လွန်းတော့ အဆင်းကလည်း စောက်လွန်းလို့ ရေခပ်ဆင်းရာလမ်းတဖက်စီမှာရှိတဲ့ ဝါးပင်၊ သစ်ပင် အကုန်ကိုင်ထိန်းရင်း ပြုတ်မကျအောင် ဆင်းခဲ့ကြရတယ်။

ရေခပ်ရတဲ့နေရာကလည်း တောင်ကျရေစီးနေတဲ့ အကျယ် တတောင်လောက်ရှိတဲ့ ချောင်းငယ်လေးကို ရေအိုင်ဖြစ်အောင် တူးထားပြီး ဘေးပတ်လည်ကို ကျောက်တုံးတွေနဲ့ကာရံတဲ့ ရေကန်ငယ်လေး တခုပါ။ အဲဒီကန်ထဲက ရေကို ထမင်းစားဇလုံနဲ့ တခွက်ခြင်း ပုံးထဲကို ခပ်ထည့်ရတာပါ။ 

ကျမတို့အားလုံး ရေချိုးပြီး ရေပုံးတွေနဲ့ ‌စခန်းကို ပြန်တက်ချိန်ကတော့ အပင်ပန်းဆုံးအချိန်တွေပါပဲ။ ရေအပြည့်ပါတဲ့ပုံးကြီးကို ပုဆိုးနဲ့သိုင်းကာ ကျောပေါ်မှာထမ်း၊ ဝန်သက်သာစေဖို့ ခေါင်းမှာလည်း ပုဆိုးကွင်းစွပ်ပြီး တောင်ပေါ်ကို ဖြည်းဖြည်းချင်းပြန်တက်ရပါတယ်။

မြေပြန့်မဟုတ်ဘဲ တောင်ပေါ်ကို တက်ရတာဖြစ်လို့ ပုံမှန်ထက် ဒူးကိုခပ်မြင့်မြင့်မြှောက်ရပြီး ခေါင်းနဲ့ ကျောပေါ်မှာပါတဲ့ အလေးချိန်ကြောင့် ခြေတလှမ်း လှမ်းဖို့ကို အားအတော်သုံးရတယ်။ ခြေလှမ်း ၁၀လှမ်းလောက် လှမ်းပြီးချိန်မှာတော့ ချွေးတွေပျံကာ မျက်စိတွေပြာတဲ့ထိဖြစ်ရတယ်။ 


လူက မောလာလို့ ပြုတ်မကျမယ့် နေရာရှာပြီး မတ်တပ်ရပ်၊ အမောဖြေရင်း ခဏတာနားရပါတယ်။ ထိုင်ပြီးနားရင် ရေပုံးနဲ့ ပြန်ထရတာခက်တဲ့ အတွက် မထိုင်ရဲဘဲ မတ်တတ်သာ နားကြရတာပါ။

ကျမကတော့ ၃ ခေါက်လောက်နားပြီးမှ စခန်းကို ပြန်ရောက်ခဲ့ပါတယ်။ စခန်းမှာရှိတဲ့ တခြားမိန်းမပျိုလေးတွေ ကတော့ ရယ်မောပြီး တခေါက်ပဲနားကာ တက်သွားကြပါတယ်။ မိဘအိမ်မှာတော့ အသက်ငယ်သေးတဲ့အပြင် သမီးပျိုလေးတွေမို့ အိမ်အလုပ်တောင် ခိုင်းပုံမရပေမယ့် ဒီစခန်းမှာတော့ ၁၀ ပိဿာလောက်လေးတဲ့ ရေပုံးကြီး တွေကို တာဝန်တခုအနေနဲ့ မငြီးမငြူဘဲသယ်နေကြတာကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။

ကိုယ်စီတာဝန်တွေပြီးတော့ ခဏတဖြုတ်အနားယူကြရင်း နေ့လယ်စာ စားဖို့ စားဖိုဆောင်မှာ လူပြန်စုကြပါတယ်။ နေ့လယ်စာကိုတော့ ထမင်းတဇလုံ၊ ဆီမပါဘဲကြော်ထားတဲ့ လက်သန်းအရွယ် ငါးနီတူခြောက် ၅ကောင်စီနဲ့ စားကြရပါတယ်။ ညနေစာကိုလည်း ထိုနည်းလည်း‌ကောင်းပဲ ဝေပုံကျနဲ့စားကြရပါတယ်။

တောခေါင်တဲ့အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် သရေစာမုန့်ဆိုတာ မြင်တွေ့ခွင့်မရဘဲ တခါတရံ ရိက္ခာလမ်းကြောင်းပါလာရင် ကော်ဖီတယောက်တထုပ်ဆီလောက် ရကြတယ်။ ကော်ဖီမှုန့်ကို လက်ထဲအနည်းငယ်ထည့် လျှာနဲ့လျှက် အရသာခံပြီး ကျန်တာကို ပြန်ထုတ်ပိုးကာ ခြိုးခြံ စားကြပါတယ်။

တခြားသရေစာ စားချင်ရင်တော့ တောထဲမှာရှိတဲ့ ရှဉ့်တွေ၊ မျောက်တွေ စားတဲ့အသီးတွေကို လိုက်ရှာပြီး စားသောက်ကြပါတယ်။

စားဖိုဆောင်နဲ့ ကျမတို့နေရတဲ့ အဆောင်ကြားက ကမ်းပါးအစပ်မှာရှိတဲ့ တောဥသျှစ်သီးလို့ခေါ်တဲ့ အပင်ကတော့ စခန်းကလူတွေအတွက် ရတနာပင်ကြီးပါပဲ။

အသီးက ကွမ်းသီးလုံးလောက်ပဲရှိမယ်၊ မှည့်ရင် ချိုချိုမွှေးမွှေးလေးနဲ့မို့ စားလို့ကောင်းတဲ့အတွက် အသီးမှည့်တွေ ကြွေကျတာကို စောင့်ပြီး အလုယက်ကောက်စားကြလေ့ရှိပါတယ်။ ဒီအပင်ကိုရှာတွေ့တာကလည်း မျောက်တွေ စားနေတာကိုတွေ့လို့ လိုက်ကြည့်ကြရင်း တွေ့ခဲ့ရတဲ့ တောတွင်းရတနာလေးပါ။



‌နွေရာသီဖြစ်ပေမယ့် တောတောင်ထူထပ်တဲ့အတွက် အပူဒဏ်မခံစားရဘဲ နေထိုင်ရကောင်းပေမယ့် မုန်တိုင်းရှိလို့ မိုးဝင်တဲ့ရက်ကတော့ ငရဲပါပဲ။ စခန်းမှာ ရိက္ခာထားတဲ့ တဲတလုံးရယ်၊ လူနေတဲ့ တဲ ၆တဲရယ်ရှိပြီး ဘယ်တဲမှ မိုးဒဏ်မခံနိုင်၊ မိုးမလုံပါဘူး။

အရပ်ဒေသက မြို့ရွာတွေနဲ့ ဝေးလံလေတော့ ရေဒီယိုရော၊ ဖုန်းလိုင်းပါ သုံးမရတဲ့အတွက် မိုးလေဝသသတင်း၊ ပြင်ပလောကသတင်းဆိုတာ ဘာမှ မကြားရဘဲ တကယ့်ကို သီးသန့်တောတွင်းကမ္ဘာပုံစံဖြစ်နေကြတာပါ။

ကျမ စခန်းကိုရောက်ပြီး ၁ ပတ်ခန့်ကြာတော့ ‌မုန်တိုင်းရှိတယ်ထင်ပါတယ်။ မိုးတွေ ၃ ရက် ဆက်တိုက်ရွာချတယ်။ တဲတွေက မိုးမလုံတော့ ညဆို မိုးလွတ်ရာနေရာလေးမှာ လူချင်းပူးအိပ်ရတယ်။ တချို့တဲတွေဆို တညလုံးငုတ်တုတ်အိပ်ကြရပါတယ်။ 

မနက်ဆိုလည်း အပြင်ထွက်တဲ့အချိန် မြေကြီးက ရွံရေတွေနဲ့ချောပြီး လမ်းကောင်းကောင်းလျှောက်မရပါဘူး။ စားဖိုဆောင်မှာလဲ မိုးမလုံတဲ့အတွက် ချက်ရပြုတ်ရတာနောက်ကျပြီး မိုးရွာတဲ့ရက်ဆို ထမင်းစားဖို့ နောက်ကျ တတ်ပါတယ်။ အဲဒီလိုရက်တွေဆို တောင်အောက်ကို ရေဆင်းသယ်ဖို့က အန္တရာယ်များလို့ ယောက်ျားလေးတွေပဲ ဆင်းကြပါတယ်။ မိုးရွာတဲ့ရက်ဆို ဘယ်သူမှ ရေချိုးဆင်းလို့ မရကြပါဘူး။

ဒီစခန်းမှာ နေနေတဲ့ကာလပတ်လုံး ကျမသိခဲ့ရတာကတော့ စခန်းမှာရှိတဲ့သူ အကုန်လုံးက အိမ်ပြန်ဖို့ရက်ကိုပဲ မျှော်နေကြပေမယ့် အန်တီကြီးနဲ့ ညမလေးကတော့ အိမ်ပြန်ဖို့ထက် သားဖြစ်သူ၊ အကိုဖြစ်သူ အန္တရာယ်ကင်းကင်းနဲ့ လက်နက်တွေထမ်းပြီး ပြန်လာတာကိုပဲ မျှော်နေကြတာပါ။

တခါသား လက်နက်သယ်တဲ့အဖွဲ့ ပြန်လာနေပြီ၊ လမ်းတဝက်ကိုရောက်နေပြီ၊ အကုန်အဆင်ပြေတယ် ကြားကြတုန်းက စခန်းတခုလုံး ထခုန်လုမတတ် ဝမ်းသာခဲ့ရပါသေးတယ်။

“တော်သေးတာပေါ့၊ တော်သေးတာပေါ့” ဆိုတဲ့ စကားကိုပဲ ထပ်ခါတလဲလဲပြောရင်း အန်တီကြီးကတော့ သူ့သားအတွက် မေတ္တာတွေပို့၊ ဘုရားစာတွေ ပိုရွတ်နေတော့တာပါပဲ။

နေ့လယ်ဘက် အားချိန်တွေဆိုရင် သူတို့အရင်စခန်းတုန်းက အသက်လုပြေးခဲ့ရပုံတွေ၊ စစ်ကြောင်းတွေနဲ့တိုးလို့ ရေတောင်မသောက်ရဘဲ ‌လျှိုတွေထဲမှာ တယောက်တကွဲစီနေခဲ့ရတာတွေကို ပြန်ပြောပြကြနဲ့ သူတို့ကြုံခဲ့ရတဲ့ အသက်နဲ့မမျှတဲ့ စွန့်စားခန်းကြီးတွေကိုလည်း နားထောင်ပြီး ရင်မောရပါသေးတယ်။

ကျမဟာ ဒီစခန်းလေးမှာ ရက် ၂၀နီးပါးနေပြီးနောက်မှာတော့ အလုပ်ကိစ္စတွေပြီးလို့ ရှေ့တန်းစခန်းကို ပြန်ဆင်းခဲ့ရပါတယ်။ ရှေ့တန်းစခန်းကိုရောက်တော့ အန်တီကြီးရဲ့ ချွေးမဖြစ်သူက ချက်ပြုတ်ကျွေးပြီး လက်ဒဏ်ရာရထားတဲ့ သားဖြစ်သူက ဖော်ဖော်ရွေရွေနဲ့ ဧည့်ခံပါတယ်။

လက်ဒဏ်ရာနဲ့ သားဖြစ်သူကိုတွေ့တော့ အပေါ်စခန်းမှာ အန်တီကြီးကို အမှန်အတိုင်းမဖြေခဲ့မိတာကို သတိရမိပါတယ်။ 

အခု အဲဒီရှေ့တန်းစခန်းကို ပြန်ရောက်ချိန်မှာတော့ လက်ဒဏ်ရာအခြေနေကို သေချာကြည့်ဖြစ်ခဲ့တယ်။ လက်က ပုံမှန်ဆို အနာသက်သာသင့်နေပြီဖြစ်ပေမယ့် ဆေးသေချာကုခွင့်မရလို့ လက်တခုလုံး ညိုပုတ်ပြီး ရောင်နေတယ်။ ယမ်းကွဲချိန် လန်ထွက်သွားတဲ့ အသားစအမျှင်တွေကလည်း ခြောက်ကပ်လာပြီး ဖြတ်စရာညှပ်စရာတွေလည်း မရှိလေတော့ တွဲလောင်းတွေဖြစ်တဲ့ဟာဖြစ်၊ အဖတ်တွေလန်ပြီး ကျုံ့တဲ့ဟာကျုံ့နဲ့။ လက်မနဲ့ လက်သန်းကတော့ အပေါ်တဆစ်ပဲပြတ်သွားပေမယ့် ကျန် ၃ချောင်းကတော့ နောက်ဆုံးအဆစ်ထိကို ကွဲထွက်ပြီး ပြတ်သွားတာပါ။ အနာဒဏ်ကြောင့် လူကလည်း အစားသေချာမဝင်တော့ တဖြည်းဖြည်း ပိန်လာပြီး ဇနီးဖြစ်သူကသာ အစစအရာရာလုပ်ပေး‌နေရပါတယ်။

ဆေးဝါးမပြည့်မစုံနဲ့ နာကျင်မှုကို ဘယ်လိုတောင့်ခံခဲ့လဲ မသိပေမယ့် ကျမကတော့ ဒဏ်ရာမြင်တိုင်း ကျမလက်ချောင်းတွေပါ နာလာသလို၊ ကိုက်လာသလိုကို ခံစားနေရတော့တာပါပဲ။

အဲဒီစခန်းမှာနေစဉ်ကာလအတွင်း ကျမသိလာတာကလည်း ဒီကလူတွေကလည်း လက်နက်သယ် သွားတဲ့သူတွေကို မျှော်နေကြတယ်ဆိုတာပါပဲ။ တခါတလေ ထမင်းစားနေရင်း၊ တခါတလေ မနက်မိုးလင်းတာနဲ့ -

“ကိုကြီးတို့ ခရီးသွားတာကလည်း ကြာလိုက်တာ။ ကိုကြီးတို့သာပြန်ရောက်လာရင် ခွေးတွေသေပြီသာမှတ်။ အကုန်လုပ်ပစ်မှာ၊ ငါ့ကိုကြီးတို့က လက်နက်တွေပါလာမှာ တွေ့ကြတာပေါ့။ ဒီကောင်တွေ အဆင်ရောပြေကြလားမသိဘူး။ ဘာမှလည်း မကြားရဘူး”လို့ အစ်ကိုလေးဖြစ်သူက မကြာခဏဆိုသလို ရေရွတ်နေတတ်တယ်။

အန်တီပြောပြတာ နားထောင်ရသလောက် သူတို့မိသားစုက အချင်းချင်း ချစ်ချစ်ခင်ခင်ရှိကြပြီး တော်လှန်ရေးအတွက်လုပ်ကြတော့လည်း မိသားစုလိုက် တတ်ညီလက်ညီလှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။

စခန်း ၂ ခုလုံးမှာ ‌၁လနီးပါးနေလာတဲ့ ကာလအတွင်း ကျမသိလာတာကတော့လွတ်မြောက်နယ်မြေဘက်ကို ခရီးထွက်သွားတဲ့ သားလတ်ဖြစ်သူကို မိသားစုဝင်တွေက နေ့တိုင်းမျှော်နေကြတာပါပဲ။ တောင်အောက်ကနေ ရိက္ခာလာပို့တဲ့သူဆီက သတင်းကိုပဲ သူတို့ နေ့တိုင်းမျှော်နေကြတယ်။

ရှေ့တန်းစခန်းမှာ တပတ်လောက်ကြာလာတော့ ကြိုမယ့်သူရောက်လာတာနဲ့ ကျမ အိမ်ပြန်ခဲ့ပါတယ်။ မြေပြန့်ပြန်ရောက်ပြီး မကြာခင်မှာပဲ အန်တီကြီးတို့ သားအမကို ကျန်းမာရေးအခြေနေကြောင့် တောင်ပေါ်စခန်းမှာ မထားတော့ဘဲ ရိပ်သာတခုဆီ ရွေ့ပေးလိုက်တယ်လို့ သတင်းရတယ်။ အသက် ၆၀ကျော် အမေအိုကြီး အဆင်ပြေတော့မယ်ကြားလို့ ဝမ်းသာခဲ့ရပါသေးတယ်။

ဒါပေမဲ့  ၂လအကြာ ဇွန် ၂၂ရက်မှာတော့ မဲဇလီတံတားမှာ လက်နက်သယ်ပြီးပြန်လာတဲ့ ရဲဘော်တွေ သတင်းပေါက်ပြီး တိုက်ခိုက်ခံရလို့ အားလုံး ကျဆုံးသွားကြတယ်ဆိုတဲ့ သတင်း ကျမကြားခဲ့ရတယ်။ စကြားကြားချင်း စိတ်မကောင်းဖြစ်မိပေမယ့် သရက်၊ ကံမဘက်က ရဲဘော်တွေလို့ ထပ်ကြားရချိန်မှာတော့ စိတ်မကောင်းတာအပြင် စိုးရိမ်စိတ်တွေပါ ဝင်လာခဲ့ပါတယ်။

နီးစပ်ရာ အသိတွေဆီ လိုက်စုံစမ်းရင်း ကိုယ်စိုးရိမ်နေသလို မဟုတ်ပါစေနဲ့ပဲ ဆုတောင်းနေမိပါတော့တယ်။ သတင်းတွေထွက်ပြီး မကြာခင်မှာတော့ သေဆုံးရဲဘော်တွေကို တစနဲ့တစ သိလာရပါပြီ။ ၁၀ တန်းအောင် စာရင်းထွက်သလိုပါပဲ။ ရှေ့ဆက်မစုံစမ်းရဲဘဲ ရပ်နေမိတာလဲ ခဏခဏပါပဲ။ 

တပတ်လောက်ကြာလို့ စခန်းက လူတချို့နဲ့ အဆက်သွယ်ရလို့ မေးကြည့်မိတဲ့နေ့ဟာ ရင်အမောရဆုံးနေ့တနေ့ ဖြစ်ခဲ့ပါတယ်။

ပစ်ခတ်ခံရလို့ ကျဆုံးခဲ့တဲ့ ရဲဘော် ၁၂ ဦးထဲမှာ နေ့နေ့ညည မျှော်နေခဲ့ရတဲ့ အန်တီကြီးရဲ့ သားဖြစ်သူလည်း ပါသွားခဲ့ပါတယ်။ သိသိချင်း မျက်လုံးထဲပြေးမြင်မိတာက ကတ်ထူစက္ကူပေါ်မှာ အကိုဖြစ်သူပြန်လာမယ့်ရက်ကို ချရေးပြီးတွက်နေတဲ့ ညီမငယ်လေးပါ။ 

ပြီးတော့ သားဖြစ်သူအတွက် မိုးလင်းမိုးချုပ် ဘုရားစာရွတ်နေတဲ့ အမေအိုကြီး၊ အကိုဖြစ်သူပြန်လာရင် စစ်သားတွေကို အကောင်းတိုင်းကျန်နေတဲ့ လက်တဖက်နဲ့ ရအောင်တိုက် မယ်ဆိုပြီး အားခဲထားတဲ့ ညီဖြစ်သူရဲ့မျက်နှာ။ သူတို့ရဲ့ မျက်နှာတွေကို ပြေးမြင်ပြီး ကျမ တနေ့လုံး ငိုနေမိတယ်။

သူတို့သားအမိရဲ့ ဖုန်းနံပါတ် ကျမမှာရှိပေမယ့် ဖုန်းမဆက်ရဲဘူး။ သူတို့အဆင်ပြေပါစေလို့ပဲ ဆုတောင်းရင်း သူတို့သားအမိသတင်းတွေကို နားစွင့်နေမိတယ်။ 

အခုနောက်ပိုင်း ပြန်ကြားရတာကတော့ အန်တီကြီးက သားဖြစ်သူအကြောင်းသိသွားပြီး တရားနဲ့ဖြေနေလို့ အဆင်ပြေတယ်။ ညီမငယ်လေးကတော့ မယ်သီလရှင်ဝတ်သွားပြီး သာသနာ့ဘောင်မှာ ပျော်နေလို့ အပြီးဝတ်ဖို့တောင် ရည်စူးထားတယ်လို့ သိရတယ်။ ဒါပေမဲ့ သူဟာ အစ်ကိုဖြစ်သူကိစ္စကိုတော့ အခုထိမသိသေးပါဘူး။

တောဓလေ့အရ စည်းစည်းလုံးလုံးနဲ့ ချစ်ဖို့ကောင်းတဲ့မိသား‌စုလေးဟာ စစ်ဒဏ်တွေကြောင့် အဖေက ထောင်ထဲမှာ၊ အမေနဲ့သမီးက သာသနာ့ဘောင်မှာ၊ အစ်ကိုကြီးက တိုက်ပွဲမှာကျပြီး အစ်ကိုငယ်က မသန်စွမ်းဖြစ်လို့ တယောက်တနေရာ တစစီ ဖြစ်သွားခဲ့ရတယ်။ 

 

#မြေလတ်အသံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10