ပြာပုံထဲက မြင်ကွင်းတွေဟာ တော်လှန်ရေးစိတ်ကို ပိုပြီး ပြင်းပြစေတယ်( ရုပ်/သံ)

နွေဦးတော်လှန်ရေးအတွက် နိုင်တဲ့နေရာကနေ ပါဝင်မယ်ဆိုပြီး သပိတ်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့ အညာပစ်တိုင်းတောင်လေးများအဖွဲ့ဟာ ၂၀၂၂ နှစ်ကုန်ပိုင်းလောက်ကစလို့ အညာဒေသတခွင်က လမ်းမတွေပေါ်မှာ လူထုသပိတ်တွေကို မငြိမ်သက်တဲ့ကြားကနေ ရရင်ရသလို သပိတ်တွေဖော်ဆောင်ခဲ့ကြပါတယ်။

နွေဦးတော်လှန်ရေးကာလ ၁ နှစ်ဝန်းကျင်ကနေစလို့ မြန်မာနိုင်ငံမှာ လူထုဆန္ဒပြပွဲတွေ သိသိသာသာ အားနည်းသွားတယ်လို့ ပြောနိုင်ပေမယ့် အညာတခွင်မှာတော့ ဆန္ဒပြပွဲတွေကို အရှိန်မပြတ်ဘဲ နေ့တိုင်းလိုလို ဟိုတစု ဒီတစု တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ 

သူတို့အဖွဲ့က လမ်းပေါ်ထွက် လူထုဆန္ဒပြပွဲတွေ လုပ်ဆောင်နေတာတင်  မကသေးပါဘူး။ ပုလဲ၊ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး မြို့နယ်တွေအပါအဝင် အညာဒေသတွေထဲက စစ်ရှောင်ပြည်သူတွေနဲ့ အိမ်တွေမီးရှို့ခံရတဲ့ မီးဘေးသင့်ပြည်သူတွေအတွက် ပြည်တွင်းပြည်ပ အလှူငွေတွေရှာပေးပြီး ပြန်လည်ကူညီတာတွေလည်းတဖက်တလမ်းကနေ ကူညီပေးနေကြတာပါ။

ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ရွာတွေကို ရောက်သွားချိန် အဲဒီက ပြည်သူတွေရဲ့ စစ်ကောင်စီကို နာကျည်းမှု၊ သူတို့ရဲ့ ခံပြင်းမှုတွေနဲ့ ပြာပုံထဲက မြင်ကွင်းမျိုးတွေဟာ ကျွန်တော်တို့ရဲ့ တော်လှန်ရေးစိတ်ကို ပြင်းပြစေခဲ့သလို အခုအချိန်ထိ တောင့်ခံထားနိုင်တာ ဖြစ်တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက မဖူးပွင့်ဝေက ဆိုပါတယ်။

မီးလောင်ပျက်စီးသွားတဲ့ အိမ်တွေကို ပြန်လည်ဆောက်လုပ်ပေးဖို့အထိ သူတို့အဖွဲ့မှာ ငွေကြေး မတောင့်တင်းလို့ အတိဒုက္ခရောက်နေသူတွေ မရှိမဖြစ် အရေးကြီးလိုအပ်တဲ့ စားစရာနဲ့ လူအသုံးဆောင်ပစ္စည်း အသေးအဖွဲလေးတွေကို ကူညီရတဲ့အတွက် ပြည်သူထဲက ပြည်သူတွေပဲမို့လို့ ပိတီဖြစ်ရတယ်လို့ ခံယူထားကြတာပါ။

အညာပစ်တိုင်းထောင်လို့ အမည်ပေးထားတဲ့အတိုင်း ပစ်လိုက်တိုင်း ထောင်နေရမယ်၊ ငါတို့တွေ ဘယ်တော့မှ လဲကျလို့ မဖြစ်ဘူး၊ မီးဘေးသင့် ပြည်သူတွေရဲ့အနောက်မှာ ငါတို့မားမားမတ်မတ် ရှိရမယ်လို့ ခံယူထားကြတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ သက်လုံကောင်းကောင်းနဲ့ တော်လှန်ရေးအောင်တဲ့အထိ ရှေ့ဆက်သွားမယ်လို့လည်း ဆိုပါတယ်။

 

သတင်း - ဇို၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ #အမျိုးသမီးကဏ္ဍ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10