ဖဲဝိုင်းလိုင်းကြေးမရလို့ အုပ်ချုပ်ရေးမှူးက သေနတ်နဲ့ပစ်ခတ် ၁ ဦးသေဆုံး၊ ငွေ သိန်း ၇၀ ပေးပြီး ခြိမ်းခြောက်ကျေအေးခိုင်း

ဖဲဝိုင်းလိုင်းကြေးမရလို့ အုပ်ချုပ်ရေးမှူးက သေနတ်နဲ့ပစ်ခတ် ၁ ဦးသေဆုံး၊ ငွေ သိန်း ၇၀ ပေးပြီး ခြိမ်းခြောက်ကျေအေးခိုင်း

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်၊ ကျောက်အိုင်ရွာမှာ မေလ ၂၅ ရက် ညနေပိုင်းက ဖဲဝိုင်းအတွင်း ပစ်ခတ်မှုဖြစ်လို့ အမျိုးသား ၁ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သုံးဆယ်ဆည်ဘောင်အနီးရှိ ကျောက်အိုင်ရွာမှာ ပြုလုပ်တဲ့ဖဲဝိုင်းကို စစ်ကောင်စီလက်အောက်ခံ ကျောက်အိုင်ရွာအုပ်ချုပ်ရေးမှူး သန်းဝင်းက လိုင်းကြေးလာတောင်းရာ မပေးဆောင်တာကြောင့် အချင်းများရာကနေ အုပ်ချုပ်ရေးမှူးက သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“အုပ်ကြီး သန်းဝင်းက သေနတ်ကိုင်ခွင့်ရထားတာ။ ဖဲဝိုင်းလုပ်ရင် လိုင်းကြေးလာလာကောက်တယ်။ အရင်ကတော့ပေးနေကျ။ ခဏခဏတောင်းတော့ လူပါးဝလို့ဆိုပြီး ခုတခေါက်မပေးဘူး ပြောတော့ ပြသနာတက်ကြပြီး အုပ်ကြီးက သေနတ်နဲ့ပစ်တာ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဖဲဝိုင်းဦးဆောင်ပြုလုပ်သူ အသရော်ကျေးရွာသား ဇော်သက် ဆိုသူသေဆုံးပြီး အငယ်လေးဆိုသူမှာလည်း သေနတ်ဒဏ်ရာအများအပြား ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားပြီးတဲ့နောက် သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ကျောက်အိုင်ရွာအုပ်ချုပ်ရေးမှူးကို သာယာဝတီအခြေစိုက် အမှတ် ၁၀၁၀ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း (လကတ ၁၀၁၀) တပ်က ခေါ်ဆောင် စစ်ဆေးခဲ့ပေမယ့် ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

သေဆုံး၊ဒဏ်ရာရရှိခဲ့သူတွေနဲ့ပတ်သက်လို့ နစ်နာသူမိသားစုဝင်တွေကိုတော့ ငွေကျပ် သိန်း ၇၀ နဲ့ အမှုပိတ်ကျေအေးခိုင်းခဲ့ပြီး အမှုမပိတ်ပေးရင် PDF လို့စွပ်စွဲကာ ဖမ်းဆီးအမှုပိတ်မယ်လို့ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပါတယ်။

“အဲ့ဒီအုပ်ကြီးက သာယာဝတီ ခလရ ၃၅ တပ်နဲ့က လင်မယားလိုနေတာ။ လူသေတဲ့အထိဖြစ်တာတောင် သူတို့လျော်ကြေးပေးတဲ့အတိုင်းအမှုပိတ်ခိုင်းတယ်။ အမှုမပိတ်ပေးရင် PDF ဆိုပြီးဖမ်းမယ် ပြောပြီးပိတ်ခိုင်းတာ။ ဒီဖြစ်စဉ်ကိုလည်း သတင်းလိုက်အုပ်နေတယ်” လို့ ဆိုပါတယ်။

သာယာဝတီမြို့နယ်အတွင်း သုံးဆယ်ဆည်ဘောင်အနီးရှိ ကျေးရွာတွေမှာ လိုင်းကြေးပေးလုပ်ဆောင်နေတဲ့ လောင်းကစားဝိုင်းတွေအများအပြားရှိနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း အဲ့ဒီ လောင်းကစားဝိုင်းတွေကို သတိပေးတားမြစ်ထားပေမယ့် ဆက်လက်လုပ်ဆောင်နေတာတွေ ရှိတယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #လောင်းကစားဝိုင်း #ပစ်ခတ်မှု #လူသေဆုံး #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10