ဗန်းမောက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးသေပြီး သေနတ် ၃ လက်ရ

ဗန်းမောက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးသေပြီး သေနတ် ၃ လက်ရ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ပင်ဟင်းခါးကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေကာ သေနတ် ၃ လက်ရခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် မနက် ၅ နာရီလောက်က စစ်ကောင်စီနဲ့ SNA အင်အား ၁၀၀ နီးပါးရှိတဲ့ အထိုင်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိတွေ့မှု ၂ နာရီကျော် ကြာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပင်ဟင်းခါးရွာနဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ မြစ်သေးချင်းရွာက ထွက်လာတဲ့ စစ်ကူစစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ပင်ဟင်းခါးကို ဗန်းမောက်ကနေ စစ်ကူလာနေတဲ့အချိန် လမ်းမှာက တွယ်(တိုက်ခိုက်)လိုက်သေးတယ်၊ တချိန်တည်းမှာ ၂ နေရာဖြစ်သွားတာပေါ့၊ **တွေက ၅ ယောက်ကျတယ်၊ သေနတ် ၃ လက်ရတယ်၊ ကိုယ့်ဘက်က ၁ ယောက်ကျ၊ ၁ ယောက်လက်မောင်းထိတယ်။” လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်သား ၄ ဦး၊ လမ်းပြဒလန် ၁ ဦး သေဆုံးခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ရဲဘော် ၁ ဦးလည်း သေဆုံးခဲ့ကာ ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပင်ဟင်းခါးကျေးရွာဟာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အခြေချခဲ့ဖူးတဲ့ နေရာတခုဖြစ်ပြီး ဖေဖော်ဝါရီ ပထမပတ်ထဲမှာ စစ်ကောင်စီနဲ့ ရှမ်းနီတပ်တွေက ဝင်ရောက်သိမ်းပိုက်ပြီး တပ်ပြန်စွဲထားခဲ့တာလည်း ဖြစ်ပါတယ်။

“ပင်ဟင်းခါးက အရင်က တော်လှန်ရေးဘက်က ရထားတဲ့နေရာ၊ အခုဖေဖော်ဝါရီလမှာ **တွေက ပြန်ရသွားတာ၊ အဲ့ဂိတ်မှာ အရင်က ကိုယ့်ဘက်ကလူတွေထိုင်တာ၊ နောက်တော့ **တွေက ဂိတ်တွေကို ဖြတ်တိုက်ပြီး သူတို့ပြန်တပ်စွဲပြီး နေလိုက်တော့တာ။”လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း အင်းတော်မြို့နယ်၊ နဘားလမ်းဆုံမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ၁ နာရီကျော်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲဘော် ၁ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ပုံစာ - တိုက်ပွဲထွက်ရန် ပြင်ဆင်နေသည့် ဗန်းမောက်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဗန်းမောက် #စစ်ကောင်စီ #SNA #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10