ဗိုလ်မှူး မောင်မောင်သွင်ကို လက်နက်အလွဲသုံးစားမှုနဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေ

ဗိုလ်မှူး မောင်မောင်သွင်ကို လက်နက်အလွဲသုံးစားမှုနဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အခြေစိုက် တပ်မတော်သိပ္ပံနဲ့ သုတေသနနည်းပညာဌာနချုပ်(သသန)တပ်မှ ဗိုလ်မှူး မောင်မောင်သွင်ကို လက်နက်အလွဲသုံးစားလုပ်တယ်လို့ဆိုကာ ဧပြီလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဗိုလ်မှူး မောင်မောင်သွင်ဟာ ရုရှားနိုင်ငံကိုပညာသင်သွားမယ့် စစ်ကောင်စီတပ်အရာရှိငယ်တွေကို စာသင်ကြားပေးရသူဖြစ်ပြီး၊ သူ့ကိုဖမ်းဆီးတာဟာ လက်နက်အလွဲသုံးစားမှုလို့သာသိရကာ လက်ရှိမှာ သူ့ကို မန္တလေးလပခနန်းတွင်းစစ်ကြောရေးမှာ စစ်ဆေးနေဆဲဖြစ်ပြီး အမှုအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူနဲ့နီးစပ်သူတဦးက မြေလတ်အသံကိုပြောပါတယ်။


“ဒီကောင်က သသနမှာ ရုရှားသွားမယ့်ကောင်တွေကို စာသင်တာ။ သူကိုယ်တိုင်လည်း ရုရှားပြန်။ ဖမ်းခံရတာက ဧပြီ ၁ ရက်နေ့ကတည်းက။ အမှုက ကြားရတာက လက်နက်နဲ့ပတ်သက်တဲ့ အလွဲသုံးစားမှုလို့တော့သိရတယ်။ လက်နက်ဘဲရောင်းစားတာလား၊ ကြားထဲကပွဲစားလုပ်ပေးတာလား သေချာမသိဘူး။ လောလောဆယ် နန်းတွင်းစစ်ကြောရေးမှာ စစ်နေတုန်း” လို့ ပြောပါတယ်။

ဗိုလ်မှူး မောင်မောင်သွင်ဟာ စစ်တက္ကသိုလ်အပတ်စဉ် ၄၆ ဆင်းဖြစ်ပြီး ပြင်ဦးလွင်တပ်တွေကနေ မပြောင်းရွှေ့လိုတဲ့အတွက် “ရာထူးတိုးမယူ” ဟုဆိုကာ စစ်ကောင်စီတပ်ဆီမှာ လက်မှတ်ထိုးထားသူ ဖြစ် တယ်လို့သိရပါတယ်။

“ဒီကောင်က မေဂျာ(ဗိုလ်မှူး)ဖြစ်ပြီးကတည်းက တပ်ရင်းမှူးဖြစ်ရင် ခြေလျင်တပ်တွေပြောင်းရမှာစိုးလို့ ရာထူးတိုးမယူဘူးဆိုပြီး ဘွန်း(Bond)ထိုးထားတာ။ အရင်က DSA စာပေ ၂ က နည်းပြအရာရှိ။ DSA လို စစ်ကျောင်းတွေမှာက စာပေနဲ့လေ့ကျင့်ရေး ၂ ခုခွဲထားတာ။ စာပေဘက်ရောက်သွားရင် ရာထူးတိုးမယူဘဲ စာသင်တဲ့နည်းပြအနေနဲ့ဘဲ ဆက်နေသွားမယ်ဆိုပြီး ဆန္ဒပြုလက်မှတ်ထိုးလို့ရတယ်။ အိုဗာဝိတ်(over weight)ဖြစ်နေတာလည်း ပါတယ်။ သသန တပ်က စာပေ ၂ နဲ့ကပ်လျက်၊ ကပ်ပြီးပြောင်းသွားတာ။ ပြင်ဦးလွင်မှာ သူ့စီးပွားရေးလုပ်ငန်းတွေရှိတော့ မပြောင်းချင်လို့ ရာထူးတိုးမယူဘဲ သသန ကနေ ရုရှားသွားမယ့်ကောင်တွေကို စာသင်ပြီး ဌာနမှူးလုပ်နေတာ” လို့ သူကပြောပါတယ်။

ဗိုလ်မှူး မောင်မောင်သွင်ဟာ မကွေးတိုင်း၊ စလင်းမြို့ဇာတိဖြစ်ပြီး သူ့ဇနီးဟာ ဒေါ်မျိုးမြတ်မြတ်ထွန်း ဆိုသူဖြစ်ကာ အဖမ်းခံရပြီးကတည်းက စလင်းမြို့က သူ့မိဘတွေက ပြင်ဦးလွင်ကိုလိုက်သွားခဲ့ပြီး လက်ရှိအချိန်ထိတော့ နေရပ်ကိုပြန်မရောက်သေးဘူးလို့ ဆိုပါတယ်။

“သူ့မိန်းမနဲ့မိဘတွေကို ဖမ်းတာတော့မကြားသေးဘူး။ စဖမ်းတဲ့နေ့ကတည်းက ပြင်ဦးလွင်ကအိမ်ကို သူ့မိဘတွေလိုက်သွားတာ၊ စစ်ကြောရေးမပြီးသေးလို့ထင်တယ် ခုထိပြန်ရောက်မလာသေးဘူး” လို့ သူက ဆက်ပြောပါတယ်။

ဗိုလ်မှူး မောင်မောင်သွင်ဟာ ပြင်ဦးလွင်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတချို့ ထူထောင်ထားပြီး တပ်ပိုင်မြေကွက်တွေကို အကွက်ရိုက်ရောင်းစားကာ ကြီးပွားနေသူတဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကလည်း ကော့ကရိတ်အခြေစိုက် အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂) က စစ်ဦးစီးမှူး(ဒုတိယတန်း) G-2 ဗိုလ်မှူး ၁ ဦးနဲ့ သင်္ကန်းညီနောင်အခြေစိုက် စကခ ၁၂ လက်အောက်ခံ ခမရ ၃၅၇ လက်အောက်ခံ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး ၁ ဦးတို့ဟာ ကော့ကရိတ်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်းကို လက်နက်သေတ္တာ ၁၂ လုံး စစ်ယာဉ်တန်းနဲ့သယ်ယူပို့ဆောင်ပေးတယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါ သေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10