မကွေးစစ်ဆေးရုံကို ရဟတ်ယာဉ်နဲ့လာပို့တဲ့ ဒဏ်ရာရစစ်သားတွေ များပြားနေပြီး သေဆုံးသူတွေလည်းရှိ

မကွေးစစ်ဆေးရုံကို ရဟတ်ယာဉ်နဲ့လာပို့တဲ့ ဒဏ်ရာရစစ်သားတွေ များပြားနေပြီး သေဆုံးသူတွေလည်းရှိ

မကွေးမြို့၊ နတ်မောက်လမ်းမှာရှိတဲ့ အမှတ် ၁၆ တပ်မတော်ဆေးရုံ၊ ကုတင် ၁၀၀ (၁၆/၁၀၀) စစ်ဆေးရုံကို ဒဏ်ရာရစစ်ကောင်စီတပ်သားတွေ လာရောက်ပို့ဆောင်မှုများပြားနေပြီး အဲ့ဒီထဲက သေဆုံးသူတွေလည်း ရှိနေတယ်လို့ မကွေးတပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒဏ်ရာရစစ်ကောင်စီတပ်သားတွေကို ဇူလိုင်လ ၁၆ ရက် ညနေ ၃ နာရီအချိန်ခန့်မှာ  ရဟတ်ယာဉ်နဲ့ လာရောက်ပို့ဆောင်တာဖြစ်ပြီး မကွေးလေတပ်ကနေတဆင့် ကုတင် ၁၀၀ စစ်ဆေးရုံကို လူနာတင်ယာဉ်တွေနဲ့ ပို့ဆောင်နေတာဖြစ်ကာ အဲ့ဒီလိုပို့ဆောင်နေတာဟာ ဇူလိုင်လဒုတိယပတ်အတွင်းမှာပင် ၃ ရက်ထက်မနည်းရှိတယ်လို့ ဆိုပါတယ်။

“ဒီ ယောနယ်နဲ့ ပခုက္ကူ၊ပေါက်ဘက်က ဒဏ်ရာပြင်းထန်စစ်သားတွေလို့ သိရတယ်။ ဘယ်တိုက်ပွဲတွေလည်းတော့ မသိဘူး။ ရဟတ်ယာဉ်နဲ့ လေတပ်မှလာချတယ်။ လေတပ်ထဲကို Ambulance ၃၊ ၄ စီးခေါ်တယ်။ ပြီးရင် ၁၆၊ ၁၀၀ (စစ်ဆေးရုံ)ထဲ ပို့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာဘဲ ၃၊ ၄ ရက်ဆက်တိုက်ရှိနေပြီ” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ မကွေးတပ်သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဒဏ်ရာနဲ့လာရောက်ပို့ဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက သေဆုံးသူတွေလည်းရှိနေပြီး စစ်ဆေးရုံအတွင်းမှာဘဲ နာရေးကိစ္စတွေဆောင်ရွက်နေကြတယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် ယမန်နေ့မနက်အစောပိုင်းက မကွေးလေတပ် ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မနက်ပိုင်းမှာဘဲ မကွေးလေတပ်အတွင်း ရဟတ်ယာဉ်အတက်၊အဆင်းတွေလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဇူလိုင်လဒုတိယပတ်အတွင်းမှာ ပေါက်မြို့နယ်၊ တပ်ကုန်း-ရွာသစ်ရွာနဲ့ ဆောမြို့နယ်၊ ရင်းကဲကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူတွေရှိသလို ဒဏ်ရာရသူတွေလည်း များပြားတယ်လို့ PDF တွေဘက်က ပြောဆိုထားပါတယ်။

ဇူလိုင်လ ၁၇ ရက် ယမန်နေ့ မနက် ၁ နာရီခန့်မှာလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လေယာဉ်ဆီဂိုဒေါင်နဲ့ ကင်းတဲတွေကိုထိမှန်ကာ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိခဲ့တယ်လို့ PDF တွေကဆိုပါတယ်။

#မြေလတ်အသံ

#မကွေး #စစ်ဆေးရုံ #ဒဏ်ရာရ #စစ်ကောင်စီတပ်သား #ပို့ဆောင်မှု #တိုက်ပွဲ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10