မင်းဘူးခရိုင်ထဲက ချောင်းတွေနဲ့ဆည်တွေမှာ ရေတိုးနေလို့ ရေကြီး၊ရေလျှံမှုတွေ ဖြစ်ပေါ်နေ

မင်းဘူးခရိုင်ထဲက ချောင်းတွေနဲ့ဆည်တွေမှာ ရေတိုးနေလို့ ရေကြီး၊ရေလျှံမှုတွေ ဖြစ်ပေါ်နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး(စကုမြို့နယ်)၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဒီကနေ့ မေလ ၁၄ ရက် ညနေပိုင်းကစလို့ ရေကြီး၊ရေလျှံတာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းလို့ မန်း‌ချောင်း၊ စလင်းချောင်းတွေမှာ ချောင်းရေကြီးနေတာကြောင့် အိုင်းမဆည်၊ စလင်းဆည်နဲ့ မဲဇလီဆည်တွေကို ရေအများအပြားဝင်ရောက်ကာ ရေကြီး၊ရေလျှံမှုတွေဖြစ်ပွားနေပြီး ကျေးရွာတွေနဲ့ လူနေအိမ်တွေထဲကိုရေတွေ ဝင်ရောက်နေတာဖြစ်ပါတယ်။

“ချောင်းရေများတော့ မဲဇလီဆည်က ရေလျှံတာမှာ မဲဇလီဆည်နားကစံပြရွာကို ရေတွေဝင်လာတာ။ မိုးကထပ်များဖို့ရှိတော့ ညပိုင်းပိုများနိုင်မယ်” လို့ ပွင့်ဖြူမြို့ခံတဦးက မြေလတ်အသံကိုပြောပါတယ်။

ဒါ့အပြင် မင်းဘူး(စကု)မြို့နယ်မှာ မန်းချောင်း၊နွားကူးချောင်းရေကြီးနေလို့ ကားလမ်းမတွေရေကျော်နေပြီး စလင်း၊ ဆင်ဖြူကျွန်းမြို့နယ်အတွင်းကရွာတွေမှာ စလင်းဆည်ရေလျှံတာကြောင့် နေအိမ်တွေထဲနဲ့ကားလမ်းတွေကို ရေတွေဝင်ရောက်နေတာပါ။

မန်းချောင်းရေကြီးနေတာကြောင့် အိုင်းမဆည်ကိုလည်း ရေဝင်ရောက်မှုဟာ အမြင့်ဆုံးရေမှတ်နီးပါးကိုရောက်ရှိနေပြီး ဆက်လက်များပြားလာရင် ဆည်နဲ့မန်းချောင်းအောက်ဘက်မှာရှိတဲ့ စကုမြို့နယ်အတွင်းက ကျေးရွာတွေမှာ အန္တရာယ်ရှိနိုင်တယ်လို့ မင်းဘူးခရိုင်အတွင်းရှိ ဆည်မြောင်းတာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။



“ဆည်ကရေကြီး၊ရေလျှံတယ်ဆိုတာ ပုံမှန်ဆိုမိုးရာသီမှာ ချောင်းရေကြီးပြီးရေလျှံတာ‌ပေါ့။ ခုက မုန်တိုင်းမိုးကြောင့် ဆွေပြီးရေကြီးတာ။ မန်းချောင်းကမ်းဘေးတလျှောက်က ရွာတွေကစိတ်ပူရပါတယ်။ အိမ်အလုံးလိုက်ပြုတ်ပါတာမျိုးတော့မဟုတ်ပေမယ့် ရွာထဲကိုရေဝင်မယ့်သဘောမျိုး” လို့ သူက‌ပြောပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းလာနိုင်တာကြောင့် မန်းချောင်းအောက်မှာရှိတဲ့ လက်ပံတော၊ ခွန်သာ၊မြောင်ဦး၊ မဲချောင်၊ ကတက်၊ ပေါင်းရွာတွေအပါအဝင် ဆည်အောက်မှာရှိတဲ့ ရွာ ၂၀ ခန့်က သတိထားရမယ် လို့ သူကဆိုပါတယ်။


လက်ရှိမှာ အလွန့်အလွန်အင်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ ဟာ ဒီကနေ့ မေလ ၁၄ ရက်မနက်ပိုင်းက ရခိုင်ကမ်းရိုးတန်းကနေစတင်တိုက်ခတ်လာပြီး စစ်ကိုင်း၊မကွေး၊ချင်း စတဲ့ တိုင်း/ပြည်နယ်တွေကို ဆက်လက်တိုက်ခတ်မည်ဖြစ်ကာ မုန်တိုင်းဖြတ်သန်းရာဒေသတွေအပါအဝင် နိုင်ငံတဝှမ်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊ရေလျှံမှုတွေဖြစ်ပေါ်နေပါတာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10