မင်းအောင်လှိုင် ဆောက်ထားပေးသည့် မုဆိုးမအိမ်ရာ (ဆောင်းပါး)

မင်းအောင်လှိုင် ဆောက်ထားပေးသည့် မုဆိုးမအိမ်ရာ (ဆောင်းပါး)

ရန်ကုန်သူ မစိမ်းမို့(အမည်လွှဲ)သည် “မြန်မာ့သားကောင်း” ဟု အမည်ပေးထားသည့် စစ်မှုထမ်းဟောင်းအိမ်ရာသို့ ယခုနှစ်မှ ရောက်လာခဲ့ခြင်းဖြစ်သည်။ အိမ်ရာနာမည်ကို “မြန်မာ့သားကောင်း” ဟု အမည်ပေးထားသော်လည်း မစိမ်းမို့တို့လို ခင်ပွန်းဖြစ်သူ တိုက်ပွဲမှာကျသွားသည့် မုဆိုးမအများစု နေထိုင်သည့်အိမ်ရာဖြစ်သည့်အတွက် စစ်မှုထမ်းဟောင်းနှင့် စစ်ကောင်စီအသိုင်းအဝိုင်းကတော့ မုဆိုးမအိမ်ရာဟုသာ ခေါ်ကြသည်။

စစ်ကောင်စီတပ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ခင်ပွန်းဖြစ်သူသည် ယခုနှစ် အစောပိုင်းကာလက ကရင်နီ(ကယား)ပြည်နယ်တိုက်ပွဲတခုတွင် ကျဆုံးခဲ့သဖြင့် အသက် ၃၀ နှစ်ကျော်အရွယ် မစိမ်းမို့  ဤမုဆိုးမအိမ်ရာတွင် နေထိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ တိုက်ပွဲအတွင်းကျဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်အများအပြား လာရောက် နေထိုင်လျက်ရှိရာ တိုက်ခန်းပေါင်း ၂,၀၀၀ နီးပါးရှိသည့် မုဆိုးမအိမ်ရာတွင် အခန်းလွတ် မရှိသလောက်ဖြစ်သွားပြီဟု မစိမ်းမို့က ဆိုသည်။ 

အဆိုပါအိမ်ရာတွင် လူဦးရေများပြီး ကြီးမားပုံကို သူက ယခုလို ခိုင်းနှိုင်းပြသည်။

“စစ်မှုထမ်းဟောင်းနေရာက ရပ်ကွက်ကြီး ၂ ခုစာလောက်ကိုရှိတာ”

 

“မြန်မာ့သားကောင်း” အိမ်ရာ

မြန်မာ့သားကောင်းအိမ်ရာသည် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ လေးထောင့်ကန်တွင် တည်ရှိသည်။ ၂ ခန်းတွဲ ၆ ထပ်တိုက်၊ ၄ ခန်းတွဲ ၆ ထပ်တိုက် ပုံစံ ၂ မျိုးဖြင့် တည်ဆောက်ထားပြီး တိုက်အလုံးရေ စုစုပေါင်း ၈၄ လုံးရှိသည်။

အဆိုပါ စစ်မှုထမ်းဟောင်းအိမ်ရာကို ၂၀၁၇ က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ တွင် ၂ ခန်းတွဲ ၆ ထပ်တိုက် ၁၀ လုံးနှင့် ၄ ခန်းတွဲ ၆ တိုက်ထပ် ၅ လုံး တည်ဆောက်ပြီးစီးခဲ့ရာ စုစုပေါင်း တိုက်ခန်း ၂၄၀ ပြီးစီးခဲ့သည်။

ထို့နောက် ၂၀၁၉ တွင် ၂ ခန်းတွဲ ၆ ထပ်တိုက် ၃ လုံးနှင့် ၄ ခန်းတွဲ ၆ ထပ်တိုက် ၆၆ လုံး(တိုက်ခန်းပေါင်း ၁၆၂၀)ကို ထပ်မံတည်ဆောက်ခဲ့ရာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်ခဲ့သဖြင့် စုစုပေါင်း တိုက်အလုံးရေ ၈၄ လုံးတွင် တိုက်ခန်းပေါင်း ၂,၀၀၀ နီးပါး ဆောက်လုပ်ထားခဲ့သည်။ 

၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့က မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်စဉ်။
၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့က မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်စဉ်။

ယခုအခါမှာတော့ အဆိုပါတိုက်ခန်းများအားလုံး လူပြည့်နေပြီဖြစ်ကြောင်း အဆိုပါ စစ်မှုထမ်းဟောင်းအိမ်ရာတွင် ၁ နှစ်ကျော်ကြာ နေထိုင်နေသည့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတဦးက ပြောသည်။

“ အများကြီးပဲ၊ အများကြီးပဲ တဖွဲဖွဲဝင်လာတာ။ တိုက်ပွဲကျနဲ့ အတို၊ အပြတ်တွေများတယ်။ သက်ပြည့်တွေ နည်းတယ်။ သက်ပြည့်က တော်ရုံလူကြီးနဲ့ပိုင်မှ ရတာများတယ်။“ ဟု သူက ဆက်ပြောပြသည်။ 

 

မုဆိုးမ အိမ်ရာမှာ ဘယ်သူတွေ နေကြသလဲ

အဆိုပါ မုဆိုးမအိမ်ရာခေါ်  စစ်မှုထမ်းဟောင်းအိမ်ရာတွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်( ဇနီး)များကို ပထမဦးစားပေးအဖြစ်ထားသည်။ 

ဒုတိယအဖြစ် စစ်ကောင်စီတပ်အတွင်း EA 1/2 (Enemy Action)ဟု ခေါ်ဆိုသည့် တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးသူများနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးမှု မရှိသော်လည်း ဆက်လက်တာဝန် မထမ်းဆောင်နိုင်သည်အထိ ဒဏ်ရာပြင်းထန်မှုရှိသည့် ဆေးအဆင့်နိမ့်ဖြင့် ထွက်ခွာလာရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေထိုင်ခွင့်ရှိသည်ဟု စစ်ကောင်စီက သတ်မှတ်ပေးထားသည်။ 

တတိယဦးစားပေးအဖြစ် သက်ပြည့်ပင်စင်ဖြင့်ထွက်လာသည့် စစ်မှုထမ်းဟောင်းများကို လျှောက်ထားခွင့် ပြုထားသည်။ 

ယခုနှစ် ဇူလိုင်လ ၁၀ ရက်က ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းမှ​ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ ၉ ကြိမ်မြောက် အိမ်ခန်းလွှဲပြောင်းပေးပွဲ ပြုလုပ်စဉ်။
ယခုနှစ် ဇူလိုင်လ ၁၀ ရက်က ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းမှ​ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ ၉ ကြိမ်မြောက် အိမ်ခန်းလွှဲပြောင်းပေးပွဲ ပြုလုပ်စဉ်။

မုဆိုးမအိမ်ရာတွင် နေထိုင်ခွင့်ရရန်မှာ အထက်ပါ ၃ ချက်နှင့် ကိုက်ညီသည့်သူများကိုသာ နေထိုင်ခွင့်ပြုပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်(စစ်ထောက်ဌာန)နှင့် စစ်ထောက်ချုပ်ရုံး၏ အတည်ပြုချက်ရယူကာ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်များထံက သိရသည်။

သို့သော် တိုက်ပွဲတွင် သေဆုံးသွားသူနှင့် ဒဏ်ရာပြင်းထန်၍ ဆေးအဆင့်နိမ့်ဖြင့် ထွက်ခွာလာရသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဂရိတ်ဂျူတီနှင့် ပင်စင်(အငြိမ်းစားလစာ၊ ဆုကြေး) ရရှိမှုနည်းသည့်အတွက် တပ်ကထွက်သည့်အခါ နေစရာအခက်အခဲရှိနိုင်တာကြောင့် ၎င်းတို့ကို မုဆိုးမအိမ်ရာတွင် ဦးစာပေးအနေဖြင့် ထားကြသည်။

“သက်ပြည့်တွေက အပတ်အသက်၊ ပိုင်ရာဆိုင်ရာနဲ့ လိုက်နိုင်မှ ရကြတာ။ ရတာနည်းတယ်” ဟု ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်ဆဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ရှင်းပြသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က  မန္တလေးအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာတွင် လပခ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနဲ့အဖွဲ့မှ ၅ ကြိမ်မြောက်အိမ်ခန်း လွှဲပြောင်းပေးပွဲ ပြုလုပ်စဉ်။
၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က  မန္တလေးအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာတွင် လပခ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနဲ့အဖွဲ့မှ ၅ ကြိမ်မြောက်အိမ်ခန်း လွှဲပြောင်းပေးပွဲ ပြုလုပ်စဉ်။

စစ်ကောင်စီတပ်အတွင်း နှစ် ၂၀ နီးပါးတာဝန်ထမ်းဆောင်ခဲ့သည့် CDM တပ်မတော်သားအရာရှိ ဗိုလ်ကြီး ဇင်ယော်ကလည်း စစ်မှုထမ်းဟောင်းအိမ်ရာများတွင် နေထိုင်မှုအခြေအနေအား ယခုလို ပြောသည်။

“တိုက်ပွဲကျတွေက အရာရှိကတော်တွေ ရကြတာများတယ်။ ဒီ ကကပြန်(ပြန်လည်နေရာချထားရေး)အောက်က အပတ(အင်အားဖြည့်တင်းရေးနဲ့ ပြန်လည်နေရာချထားရေး )တပ်တွေနဲ့ အဆက်အသွယ်ကောင်းမှ မြန်တာ။ EA တွေကတော့ အရမြန်တယ်၊ မုဆိုးမအိမ်ရာ ဆိုတာက တပ်အသိုင်းအဝိုင်းက အလွယ်နာမည်ပေးပြီး ခေါ်ကြတာ” ဟု သူကရှင်းပြသည်။

ယခုနှစ် ဇူလိုင် ၁၀ ရက်က ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းသည် အဆိုပါ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာတွင် ၉ ကြိမ်မြောက် အသစ်ရောက်ရှိနေထိုင်မည့် စစ်မှုထမ်းဟောင်းများ အတွက် အိမ်ခန်းလွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်ပေးခဲ့သေးသည်။

ယခုနှစ် ဇူလိုင်လ ၁၀ ရက်က ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းမှ​ မြန်မာ့သားကောင် စစ်မှုထမ်းဟောင်းအိမ်ရာ ၉ ကြိမ်မြောက် အိမ်ခန်းလွှဲပြောင်းပေးပွဲ ပြုလုပ်စဉ်။
ယခုနှစ် ဇူလိုင်လ ၁၀ ရက်က ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းမှ​ မြန်မာ့သားကောင် စစ်မှုထမ်းဟောင်းအိမ်ရာ ၉ ကြိမ်မြောက် အိမ်ခန်းလွှဲပြောင်းပေးပွဲ ပြုလုပ်စဉ်။

 

နိုင်ငံအနှံ့က မုဆိုးမအိမ်ရာများ

စစ်ကောင်စီတပ်က ၎င်းတို့၏ စစ်မှုထမ်းဟောင်းများနေထိုင်ရန် တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ်များ တည်ရှိသည့် မြို့ကြီးများဖြစ်သော နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပြည်၊ မုံရွာ အပါအဝင် မြို့ကြီး အတော်များများတွင် စစ်မှုထမ်းဟောင်းအိမ်ရာများကို ဆောက်လုပ်ပေးထားကြောင်း တပ်သတင်းရင်းမြစ်များက ပြောသည်။

မည်သည့်နေရာဒေသတွင် တိုက်ပွဲကျသေဆုံးခဲ့သည်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရ၍ ဆေးအဆင့်နိမ့်ဖြင့် စစ်တပ်မှ ထွက်ခွာလာရသည်ဖြစ်စေ မိမိအခြေချနေထိုင်လိုသည့်ဒေသနှင့် အနီးဆုံးရှိ စစ်မှုထမ်းဟောင်းအိမ်ရာကို လျှောက်ထားနေထိုင်ခွင့်ရှိကြောင်း စစ်တပ်အရင်းအမြစ်များက ဆိုသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က  မန္တလေးအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာတွင် လပခ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနဲ့အဖွဲ့မှ ၅ ကြိမ်မြောက်အိမ်ခန်း လွှဲ ပြောင်းပေးပွဲ ပြုလုပ်စဉ်။
၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က  မန္တလေးအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာတွင် လပခ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနဲ့အဖွဲ့မှ ၅ ကြိမ်မြောက်အိမ်ခန်း လွှဲ ပြောင်းပေးပွဲ ပြုလုပ်စဉ်။

စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲကျမိသားစုများနှင့် ဆေးအဆင့်နိမ့်စစ်မှုထမ်းဟောင်းမိသားစုများ လာရောက် နေထိုင်မှုများပြားနေခြင်းမှာ ရန်ကုန်မြို့၊ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ တခုတည်းမှာတင် မဟုတ်ဘဲ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာအနီးရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)တွင်လည်း အသစ်ရောက်လာသူ များပြားနေကြောင်း အဆိုပါ အိမ်ရာစစ်မှုထမ်းဟောင်း အသိုင်းအဝိုင်းထံက သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ဩဂုတ် ၂၄ ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး (လက်ရှိ အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့၊ ကစထ ၁ မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး)က မန္တလေး အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာတွင် အသစ်ရောက်ရှိနေထိုင်မည့် စစ်မှုထမ်းဟောင်းမိသားစုဝင်များအတွက် အိမ်ခန်းလွှဲပြောင်းပေးအပ်ပွဲကို အဆိုပါအိမ်ရာ၌ပင် ပြုလုပ်ခဲ့သေးသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က  မန္တလေးအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာတွင် လပခ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနဲ့အဖွဲ့မှ ၅ ကြိမ်မြောက်အိမ်ခန်း လွှဲ ပြောင်းပေးပွဲ ပြုလုပ်စဉ်။
၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က  မန္တလေးအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာတွင် လပခ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနဲ့အဖွဲ့မှ ၅ ကြိမ်မြောက်အိမ်ခန်း လွှဲ ပြောင်းပေးပွဲ ပြုလုပ်စဉ်။

 

အိမ်ရာထဲက ခွဲခြားမှု

ယင်းကဲ့သို့ အိမ်ရာများပေးအပ်ရာတွင် တိုက်ပွဲကျသေဆုံးခြင်းအတူတူ လက်ရှိစစ်ခေါင်းဆောင် အဆင့်ဆင့်နှင့် နီးစပ်ပတ်သက်သူများက ဦးစားပေးနေထိုင်ခွင့်ရရှိကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတခုမှ တိုက်ပွဲကျသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၏ မိသားစု၀င်တဦးက ပြောသည်။

"တိုက်ပွဲကျကိုတောင် အရာရှိအဆင့်ပဲ ပေးတယ်။ အောက်ခြေစစ်သည်ကတော့ မရကြတာများတယ်။ အရာရှိထဲတောင် မျက်နှာရတဲ့သူပဲ အိမ်ရာရတာ။ သေတာတောင်  ခွဲခြားခံနေရတုန်းပဲ။” ဟု သူက ဆက်ပြောသည်။ 

စစ်မှုထမ်းဟောင်းအိမ်ရာ တိုက်ခန်းရရှိထားသူများသည် အဆိုပါတိုက်ခန်းများကို ပြန်လည်ရောင်းချခွင့် မရှိသော်လည်း သားစဉ်မြေးဆက်နေထိုင်ခွင့်ရှိသည်။ ထို့အပြင် စစ်ကောင်စီကို လစဉ်ငွေကျပ် သောင်းဂဏန်းလောက်သာ ပေးချေရလို့ ရန်ကုန်မြို့၏ အိမ်ငှားခဈေးနှုန်းထက် များစွာသက်သာနေသည်။

အိမ်လခအတွက်စိတ်မပူရသော်လည်း စစ်တပ်ထဲက ထွက်ခွာလာရပြီး မြန်မာ့သားကောင်း စစ်မှုထမ်း ဟောင်းအိမ်ရာမှာ နေထိုင်ရခြင်းသည် သူ့အတွက်အဆင်မပြေကြောင်း မစိမ်းမို့က ပြောသည်။ 

“ ခု တပ်ကထွက်တဲ့အထိ အထက်ကပြောသမျှ လိုက်လုပ်ရတာတွေ၊ အသွားအလာ အနေအထိုင် ကန့် သတ်ပိတ်ပင်တာ စတဲ့ ဖိနှိပ်ခံရတာတွေကို မကျေနပ်ပေမယ့် ငြင်းဆန်းရဲတာမျိုးမရှိတော့ စစ်တပ်မှာ နေရင် ဒီအတိုင်းပဲလို့ မှတ်ယူထားလိုက်တော့တယ်“ ဟု သူက ရှင်းပြသည်။

ထို့အပြင် မုဆိုးမအိမ်ရာတွင် အရာရှိကြီးများ၊ အရာရှိငယ်များနှင့် အခြားအဆင့်ဟု ၃ မျိုးခွဲခြားထားသည်။ တိုက်ခန်းအရောင်ကိုလည်း စစ်အစိမ်းရောင်နှင့် ခရမ်းရောင်ဟု ခွဲခြားထားကာ အခန်းအဖွဲ့စည်းပုံကိုလည်း ၂ ခန်းတွဲနှင့် ၄ ခန်းတွဲ ၆ ထပ်တိုက် အိမ်ခန်းများအဖြစ် ခွဲခြားထားသည်။

“အထဲမှာက ရာထူးအဆင့်လိုက် နေရာပေးတာရှိတယ်။ အဲဒီလိုနေရာအထိ အဆင့်ခွဲခြားထားတယ်။” ဟု မစိမ်းမို့က မှတ်ချက်ပြုသည်။

အိမ်ရာအုပ်ချုပ်မှုကို စစ်ကောင်စီတပ်၏ အုပ်ချုပ်ကွပ်ကဲမှုများအတိုင်း ဆောင်ရွက်ရပြီး အိမ်ရာတာဝန်ခံများ၏ ညွှန်ကြားချက်အတိုင်း သန့်ရှင်းရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးများလည်း မဖြစ်မနေ လုပ်ဆောင်နေရသည်ဟု ဆိုသည်။

 

လူအသစ်များတိုးလာနေသည့် မုဆိုးမအိမ်ရာ

မြေလတ်အသံက မေးမြန်းခွင့်ရသည့် မကွေးမြို့၊ မကွေး-ကံပြားလမ်းပေါ် မကွေးလေတပ် နောက်ကျောရှိ စစ်မှုထမ်းဟောင်းအိမ်ရာမှ သတင်းရင်းမြစ်နှင့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်(တပ်ပုဗ္ဗ)ရှိ စစ်မှုထမ်းဟောင်း အိမ်ရာမှ သတင်းရင်းမြစ်တချို့၏ ပြောဆိုချက်တွေအရ အဆိုပါ အိမ်ရာများတွင်လည်း တိုက်ပွဲကျမိသားစုဝင် အသစ်များ အများအပြားရောက်လာနေကြသည်ဟု ဆိုသည်။ 

“သေတာများလား၊ မများလားဆို အရာရှိတွေ အရများတာတောင် တန်းစီနေရတယ်" ဟု အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တပ်ရင်းတခုမှ တိုက်ပွဲကျသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၏ မိသားစု၀င်တဦးက ပြောသည်။

၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့က မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်စဉ်။
၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့က မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်စဉ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သည် ကချင်၊ ရှမ်း(မြောက်)၊ ကရင်နီ(ကယား)၊  ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး စသည့် တိုင်းနှင့်ပြည်နယ်များတွင် တိုက်ပွဲများပြင်းထန်နေသလို ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း စစ်မျက်နှာအနှံ့ ဖွင့်ထားရသည့် အခြေအနေဖြစ်သည်။

ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများပြားနေသလို ထိခိုက် ဒဏ်ရာရနှင့် အရှင်ဖမ်းဆီးရမိမှုများ များပြားကြောင်း သက်ဆိုင်ရာ EAO အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မကြာခဏထုတ်ပြန်သည့် တိုက်ပွဲသတင်းထုတ်ပြန်ချက်များအရ သိရသည်။

စစ်မှုထမ်းဟောင်းအိမ်ရာ တိုက်ခန်းများတွင် တိုက်ပွဲကျမိသားစုများနှင့် ဆေးအဆင့်နိမ့် စစ်မှုထမ်းဟောင်း မိသားစုများ အများအပြားဝင်ရောက်နေထိုင်နေခြင်းသည် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားနေခြင်းကို ထင်သာမြင်သာရှိစေကြောင်း ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

“ ခုနောက်ပိုင်းတိုက်ပွဲတွေမှာ စကစ က မုန့်ဟင်းခါးဖြစ်ရင်ဖြစ် မဖြစ်ရင် တို ၁ ရှည် ၁ အကျိုးအပြတ် ကများနေတာ။ အခန်း ၁၆၀၀ ကျော်ဆိုတာက နောက်မှာအပုံလိုက်တန်းစီစောင့်နေရဖို့။ အခုနောက်ပိုင်း လည်တဲ့ကောင်တွေက တိုက်ခန်းလည်းရ ရှေ့တန်းမှာလည်းအသေမခံတော့ဘဲ တိုက်ပွဲဖြစ်ရင်း ဒဏ်ရာရသလိုလိုနဲ့ လက်၊ ခြေထောက်တွေ ရင်းပစ်လိုက်တာမျိုးတောင်ရှိတယ်“ ဟု သူက ရယ်လျက် ပြောသည်။

စစ်အာဏာသိမ်းပြီးတဲ့နောက် လက်ရှိတိုက်ပွဲကျ မိသားစုဝင်များနှင့် ဆေးအဆင့်နိမ့် စစ်မှုထမ်းဟောင်းများ အများအပြားစုစည်းနေထိုင်နေရသည့် အခြေအနေကိုလည်း မစိမ်းမို့က ယခုလို ထပ်လောင်းပြောသည်။

“ ရှေ့တန်းမှာကျဆုံးတာတွေ ဟုတ်၊ မဟုတ်နဲ့ ဘယ်လောက်ကျဆုံးမှုများနေတယ်ဆိုတာ ဒီအိမ်ရာမှာ လာကြည့်ရင် သိနိုင်ပါတယ် " 

ရန်ကုန်တိုင်းတွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးကတော့ ယခုအခါ အိမ်ရာတွင် နေထိုင်ခွင့်ရရန် လျှောက်ထားသည့် စစ်မှုထမ်းဟောင်း အများအပြားရှိနေပြီး “တိုင်း(တိုင်းစစ်ဌာနချူပ်)မှာ ဖိုင်က တပုံကြီး” ဟု ပြောသည်။

“လျှောက်တဲ့အရေအတွက်နဲ့ ရတဲ့အရေအတွက်က မမျှဘူး။ ခုတသုတ်ရလည်း နောက်ကထပ်လျှောက်လာတာတွေက ဆက်တိုက်ပဲ“ ဟု သူက ဆက်ပြောသည်။ 

၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့က မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်စဉ်။
၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့က မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်စဉ်။

အဆောက်အဦများ ဆောက်လုပ်ပြီးစီးချိန် ၂၀၂၁ နှစ်ကုန်ပိုင်းနှင့် ၂၀၂၂ မေလ ၂၆ ရက်တွင် အဆိုပါ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ကြည့်ရှုခဲ့သည်။

အထက်ပါ မုဆိုးမအိမ်ရာများကို မြို့ပြစီမံကိန်းအသွင်ဖော်ဆောင်ရန်နှင့် ထပ်မံတိုးချဲ့ဆောက်လုပ်ရန်လည်း စစ်ထောက်ချုပ်၊ ဦးပိုင်ဥက္ကဌ၊ ရန်ကုန်တိုင်းစစ်ကောင်စီနှင့် တိုင်းမှူးအပါအဝင် ၎င်း၏ လက်အောက် စစ်ဗိုလ်ချုပ်များအား ပြောဆိုခဲ့သည်။

၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့က မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်စဉ်။
၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့က မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်စဉ်။

မုဆိုးမအိမ်ရာတွင် နေထိုင်ခွင့်ရသည့်သူများကို အိမ်ရာအပ်နှင်းပွဲများပြုလုပ်သည့်အခါတိုင်း သူမကဲ့သို့ တိုက်ပွဲကျမိသားစုဝင်လူသစ်များ ထပ်မံရောက်ရှိလာပါက အားတက်မိကြောင်း မစိမ်းမို့က ဆိုသည်။

စစ်တပ်အတွင်းနေထိုင်စဉ်က တပ်ရင်းတခုတည်းနေခဲ့ရပြီး ဖိနှိပ်ဆက်ခံမှုများပြုလုပ်ခဲ့သည့် အထက် အရာရှိ၏ ဇနီးဖြစ်သူကို မုဆိုးမအိမ်ရာတွင် သူမနှင့်ဘဝတူအဖြစ် လာရောက်နေထိုင်သည်ကို ကြည့်ပြီးလည်း ကျေနပ်မှုရှိသည်ဟု မစိမ်းမို့က ဆိုသည်။

မြန်မာ့သားကောင်းအိမ်ရာခေါ် မုဆိုးမအိမ်ရာတွင် အခန်းလွတ်မရှိ လူပြည့်နေပြီဖြစ်သည်။ နေထိုင်ခွင့် ရရန် လျှောက်ထားသည့်လူများလည်း တန်းစီနေကြသည်။ 

လက်ရှိတွင် နိုင်ငံအနှံ့တိုက်ပွဲများ ပြင်းထန်နေသည်ဖြစ်ရာ မုဆိုးမအိမ်ရာသို့ လူသစ်များထပ်မံရောက်ရှိလာမည်ကို ယုံကြည်သည့်အကြောင်း မစိမ်းမို့က ယခုလို အတည်ပြုသည်။

“နောက်ထပ်လည်း ရောက်လာကြဦးမှာ"

 

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #မင်းအောင်လှိုင် #မုဆိုးမအိမ်ရာ #မြန်မာ့သားကောင်း #စစ်မှုထမ်းဟောင်းအိမ်ရာ #အာဏာသိမ်း #စစ်တပ် #တိုက်ပွဲ #သေဆုံး #ဒဏ်ရာရ #တော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10