မင်းအောင်လှိုင် အိတ်မစိုက်ရတဲ့ စွမ်းရည်ဘွဲ့တံဆိပ်များ (အတွေးအမြင်)

မင်းအောင်လှိုင် အိတ်မစိုက်ရတဲ့ စွမ်းရည်ဘွဲ့တံဆိပ်များ (အတွေးအမြင်)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ၎င်းလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် စစ်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးမိသားစုဝင်များ၊ အကျဉ်းဦးစီးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများအနက် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့်သေဆုံးသွားသူများကို စွမ်းရည်ဘွဲ့တံဆိပ်များ ပေါပေါများများ ရက်ရက်ရောရောကြီး ပေးအပ်နေသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ မကြာခဏဆိုသလိုသေဆုံးနေသဖြင့် စစ်ခေါင်းဆောင်မှ ချွေးသိပ်ပေးအပ်သည့် ဘွဲ့တံဆိပ်များက အကြိမ်ကြိမ်ပင်။ 

ပေးအပ်ခံရသူများမှာ ကာကွယ်ရေးဝန်ကြီးဌာနအောက် တပ်အရာရှိ၊ စစ်သည်များဖြစ်ပါက တိုက်ပွဲစွမ်းရည်တံဆိပ်များဖြစ်သည့် သူရဘွဲ့ ၊ သူရဲကောင်းမှတ်တမ်းဝင်၊ ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် စသည့်ဘွဲ့တံဆိပ်များကို ပေးအပ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနအောက် ရဲတပ်ဖွဲ့ဝင်များ၊ အကျဉ်းဦးစီးဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် စစ်သား ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးများကို ရဲသူရ၊ ရဲဗလ စသည့်ဘွဲ့တံဆိပ်များ အသီးသီးပေးအပ်နေခြင်းဖြစ်သည်။ အခြားစစ်ဘက်၊ အရပ်ဘက်လူပုဂ္ဂိုလ်၊ ဘုန်းကြီးများကို ဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်ခြင်းဖြစ်သည်။

အဆိုပါဘွဲ့တံဆိပ်ပေးအပ်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီတပ်တွင်းတွင်လည်း ဆိုရိုးစကားတခုရှိလေသည်။ ယင်းဆိုရိုးစကားမှာ “စွမ်းရည်ဘွဲ့တံဆိပ်များ၊ ရာထူး/အဆင့်များသည် အိတ်ထဲက စိုက်ပေးရသည်မဟုတ်” ဟု ဆိုသည်။

အဓိပ္ပာယ်မှာ အဆိုပါဘွဲ့တံဆိပ်များ၊ ရာထူး/အဆင့်များသည်လည်းကောင်း၊ ဘွဲ့တံဆိပ်များအတွက် ပေးအပ်ရသည့် ဆုကြေးငွေများသည်လည်းကောင်း  စစ်ခေါင်းဆောင်အဆက်ဆက်က ၎င်းတို့ထံမှ စိုက်ထုတ်ပေးအပ်ရသည်မဟုတ်သဖြင့် လိုအပ်လျှင် လိုအပ်သလို ပေါပေါများများ ရက်ရက်ရောရောကြီး ပေးအပ်နိုင်ခြင်းဖြစ်သည်ကို ဆိုလိုခြင်းဖြစ်သည်။ 

အဆိုပါ စွမ်းရည်၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များနှင့်အတူ တလုံးတခဲတည်း ငွေသားဆုကြေး၊ လစဉ်ငွေသားဆုကြေးရရှိမှုတချို့လည်း ပါဝင်ပြီး ၎င်းတို့ကို နိုင်ငံ့ဘဏ္ဍာများမှ ပေးအပ်ရခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတာဝန်ယူချိန်မှစ၍ စွမ်းရည်ဘွဲ့နှင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ပေးအပ်မှုကို ၂၀၂၁ မှ လက်ရှိအထိ နှစ်စဉ်လွတ်လပ်ရေးနေ့နှင့် တပ်မတော်နေ့များအပါအဝင် ၇ ကြိမ်ထက်မနည်း ပေးအပ်ခဲ့ပြီး လူပေါင်း ၃,၀၀၀ ကျော် အထိပါဝင်သည်။ 

တကြိမ်၊ တကြိမ်လျှင် စစ်ကောင်စီမှပေးအပ်မှုကို ၎င်းတို့ထိန်းချုပ်ထားသည့် သတင်းစာများ၌ ဖော်ပြရာတွင်လည်း သတင်းစာမျက်နှာ ၅ မျက်နှာနှင့်အထက်ရှိသည်။

ပေးအပ်ရာတွင် စစ်ခေါင်းဆောင်မှ ၎င်း၏ဇနီး ဒေါ်ကြူကြူလှမှအစ ရပ်ကွက်ဆယ်အိမ်မှူးအထိ အကုန်ပေးသည်။ ၎င်းတို့ စစ်ခေါင်းဆောင်အချင်းချင်း ပေးသည်၊ ဘုန်းကြီးကို ပေးသည်၊ ခရိုနီပေးသည်၊ ရုပ်ရှင်၊ အဆိုတော်၊ သဘင်၊ ဂီတ၊ လူရွှင်တော် အစုံပါသည်။ ဂျပန်ကို ပေးသည်၊ ရုရှားကို ပေးသည်၊ ယုတ်စွအဆုံး သေဆုံးပြီးဖြစ်သည့် မြန်မာသံစဉ်အဆိုတော်များကိုလည်း ပေးသည်။

ထို့ပြင် ၎င်းထံငြိမ်းချမ်းရေးဆွေးနွေးပွဲလာရောက်သည့် တိုင်းရင်းသားတပ်ဖွဲ့(EAO)ခေါင်းဆောင်များကိုလည်း ပေးအပ်သလို မြေပြင်တွင် ၎င်းတို့စစ်ကောင်စီတပ်နှင့် တိုက်ခိုက်နေသည့် EAO တပ်ဖွဲ့မှ ခေါင်းဆောင်တချို့ကိုလည်း ပေးသည်။

တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် အမျိုးသားနေ့တွင် စစ်ကောင်စီက အမျိုးသားနေ့အောင်ပွဲဟုဆိုကာ တိုက်ပွဲအတွင်းသေဆုံးခဲ့သူအများအပြားအပါအဝင် စစ်အုပ်စုအဖွဲ့ဝင် ၁၄၃ ဦးကို စစ်ကောင်စီက တိုက်ပွဲစွမ်းရည်ဘွဲ့တံဆိပ်များပေးခဲ့ကြောင်း ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ဗိုလ်မှူးကြီးနဲ့ ဒုဗိုလ်မှူးကြီး ၄ ဦးကို သူရဘွဲ့၊ ဗိုလ်ကြီးအဆင့် မှ ဒုဗိုလ်မှူးကြီးအဆင့်အထိ ၃၅ ဦးကို သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ ဒုတိယရဲမှူးကြီးအဆင့်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇၄ ဦး၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၊ တပ်နှင့် ရဲမိသားစုဝင်အပါအဝင် ၃၄ ဦးတို့ကို ရဲသူရနှင့် ရဲဗလဘွဲ့တံဆိပ်ပေးအပ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ဘွဲ့တံဆိပ်များရရှိခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် တိုက်ပွဲဝင်ခဲ့ရပြီး သေဆုံးခဲ့ရသည့် ရှမ်းမြောက်ဒေသ ရှေ့တန်းတပ်စခန်းများ၊ ရှမ်းမြောက်ဒေသ ရဲစခန်းများမှဖြစ်ကြောင်း စစ်ဘက်အသိုင်းအဝိုင်းထံက သိရသည်။

ထို့အပြင် ရဲဗလတံဆိပ်ရရှိသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုအမျိုးသမီးများမှာ ဒီဇင်ဘာ ပထမပတ်အတွင်းဖြစ်ပွားခဲ့သည့် မုန်းမြို့နယ်တိုက်ပွဲများအတွင်း သေဆုံးခဲ့သူများပါဝင်သည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်အလားတူဖြစ်စဉ်များ ၂၀၂၂ နိုဝင်ဘာလလအတွင်း ကရင်နီနှင့် ကရင်ပြည်နယ်အခြေစိုက် တပ်ရင်းများ တိုက်ခိုက်ခံရချိန်တွင်လည်း ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ၏ ဇနီးဖြစ်သူများ သေဆုံးခဲ့ကာ ၎င်းတို့ကို စစ်ခေါင်းဆောင်က ရဲဗလတံဆိပ်ပေးခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတတိယပတ်အတွင်း ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့အနီး စစ်ကောင်စီတပ်၏ ခမရ ၅၃၀ တပ်ရင်းနှင့် ဖယ်ခုံအခြေစိုက် ခမရ ၃၃၆ တပ်ရင်းတို့ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ရာ အဆိုပါတပ်ရင်းများရှိ စစ်ကောင်စီတပ်သာများ၏ ဇနီး ၆ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

အလားတူ အဆိုပါ နိုဝင်ဘာလဆန်းပိုင်းမှာပင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ ၂၈၃ နှင့် ၂၈၄ တပ်ရင်းများကို KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများမှ ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် ဖွဲ့ဝင်များ၏ ဇနီး ၈ ဦးသေဆုံးခဲ့ကာ ၎င်းအမျိုးသမီးများကို ရဲဗလတံဆိပ်ပေးအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ခေါင်းဆောင်များသည် ၎င်းတို့အတွက်အသေခံတိုက်ခိုက်ပေးပြီးနောက် သေဆုံးသွားတိုင်း ဘွဲ့တံဆိပ်ပေးအပ်မှာဖြစ်ပြီး အဆိုပါ ရဲဗလတံဆိပ်လောက် ပေးအပ်ရန် ၎င်းတို့အနေဖြင့် လက်တွန့်နေမည်မဟုတ်။  

၎င်းတို့ကို သစ္စာခံပြီး စခန်းမစွန့်ဘဲ သေသည်အထိသာ တိုက်ခိုက်ပေးပါက ရဲဗလတင်မက အောင်ဆန်းသူရိယဘွဲ့လည်း ပေးနိုင်သည်။ သို့သော် မင်းအောင်လှိုင်အတွက် အသေခံတိုက်ဖို့တော့လိုသည်။

လက်ရှိဖြစ်ပွားနေသည့် ၁၀၂၇၊ ၁၁၂၇ စစ်ဆင်ရေးတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်မိသားစုများ သေဆုံးမှုများပြားနေသလို တပ်ရင်းလိုက်လက်နက်ချအလင်းဝင်ခဲ့သဖြင့် တပ်ရင်းလိုက် လွတ်မြောက်သွားသူများလည်း ရှိသည်။

ညီနောင်မဟာမိတ်အပါအဝင် ဒေသအသီးသီးမှ တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ယင်းကဲ့သို့ လက်နက်ချအလင်းဝင်ကြရန် ထုတ်ပြန်ထားပြီး ကြိုတင်ချိတ်ဆက် လက်နက်ချအလင်းဝင်သူများကိုလည်း ကြိုဆိုကာ လိုအပ်သည့် ကူညီမှုများဆောင်ရွက်ပေးနေသည်။

စစ်အာဏာရှင်များအတွက်က ဆုတံဆိပ်၊ ဘွဲ့တံဆိပ်များသည် ၎င်းတို့အိတ်ထဲမှ စိုက်ထုတ်ပေးရသည် မဟုတ်သည့်အတွက် ၎င်းတို့အနေဖြင့် လက်အောက်စစ်အုပ်စုဝင်များကို ဘွဲတံဆိပ်များပေး၍ နှစ်သိမ့်ပြီး “ပျားရည်နှင့် ဝမ်းချ” ဆိုသလို ပေါပေါများများ ပေးအပ်နေဦးမည် ဖြစ်သည်။

 အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ လက်ရှိအခြေအနေအရ သူ၏နောက်လိုက်များကို ယခုကဲ့သို့ မျိုးစုံသောဘွဲ့တံဆိပ်များပေးကာ မြှောက်ပင့်စေခိုင်းခြင်းမှတပါး အခြားအားကိုးရာ မရှိတော့ချေ။

ထို့ကြောင့် အသက်ပေးတိုက်၍ သေပြီးနောက်မှရရှိသည့် ငွေရောင်ဘွဲ့တံဆိပ်တခုအတွက် စစ်အုပ်စုတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များအနေဖြင့် မည်ကဲ့သို့ဆက်လက်လုပ်ဆောင်သင့်သည်ကို အလေးအနက်စဉ်းစားရန်လိုအပ်မည် ဖြစ်သည်။

#မြေလတ်အသံ

#ဆောင်းပါး #အတွေးအမြင် #စွမ်းရည်ဘွဲ့တံဆိပ် #သူရဘွဲ့ #သူရဲကောင်းမှတ်တမ်းဝင် #ဂုဏ်ထူးဆောင်ဘွဲ့ #ရဲသူရ #ရဲဗလ #နှစ်သိမ့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10