မစ်ရှင်လုပ်ဖို့တိုင်ပင်နေချိန် လေယာဥ်ဗုံးကြဲခံရလို့ PDF ၁ ဦးကျဆုံး

မစ်ရှင်လုပ်ဖို့တိုင်ပင်နေချိန် လေယာဥ်ဗုံးကြဲခံရလို့ PDF ၁ ဦးကျဆုံး

မန္တလေးတိုင်း၊ မတ္တရာမြိုနယ်၊ အိုင့်ဒိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော်တဦးကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဧပြီလ ၂၅ ရက် ဒီနေ့မနက် ၅ နာရီကျော်မှာ တံတားဦးလေတပ်ကနေလာတဲ့ ဂျက်ဖိုက်တာတစီးက ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ အိုင့်ဒိုင်ရွာဘုန်းကြီးကျောင်းပေါ်ကို ပစ်ခတ်ခဲ့ရာဘုန်းကြီးကျောင်းမှာရှိနေတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ 

“ရွာသားတွက ဘေးလွတ်ရာရွှေ့ခိုင်းထားတော့ လူထိခိုက်တာတွေမရှိဘူး။ နေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားတာမျိုးတော့ မရှိဘူး။ သူတို့(စစ်ကောင်စီ)က ရွာအနောက်ဘက် ဘုန်းကြီးကျောင်းပေါ်ကို လာပစ်တာ။ Location (တည်နေရာ)အတိအကျနဲ့ကို ပစ်သွားတာ” လို့ မတ္တရာဒေသခံတဦးက ပြောပါတယ်။

မစ်ရှင်လုပ်ဖို့အတွက် ဘုန်းကြီးကျာင်းတဝိုက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေခဏလူစုနေချိန် ခုလို ပစ်ခတ်ခံရတာဖြစ်ပြီး PDF ရဲဘော်တဦးကတော့ ကျည်ထိမှန်ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ ကျဆုံးရဲဘော်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ လုံခြုံရေးအရ ထည့်သွင်းပြောကြားတာ မရှိပါဘူး။ 

ပစ်ခတ်ပြီးနောက် မတ္တရာမြို့‌ပေါ် စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ လယ်တောရွာက စစ်ကောင်စီတပ်သားတွေဟာ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။ 

ဧပြီ ၂၄ ရက်မှာ မန္တလေးဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ထုံးဘို‌ကျေးရွာတောင်ဘက်အရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အခုလိုလေယာဉ် နဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပါတယ်။ 

စစ်ကောင်စီဘက်က လေကြောင်းရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တာကြောင့် ဧရာဝတီမြစ် အနောက်ဘက်ရှိ အိုင့်ဒိုင်ကျေးရွာအပါအဝင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

ဧပြီ ၂၅ ရက် ဒီမနက်ပိုင်းမှာလည်း စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ရိုးပေါ်ကနေ နောက်ထပ်စစ်ကောင်စီ တပ်သားတွေက အုပ်စုခွဲပြီးစစ်ကြောင်းထိုးလာတဲ့အတွက် မတ္တရာမြို့နယ်မှာ စစ်ရေးအခြေနေ တင်းမာတဲ့အနေအထားဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

ပုံစာ - စစ်ကောင်စီတပ်သုံး ဂျက်ဖိုက်တာတစီး (ဓါတ်ပုံ - အင်တာနက်)။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #အိုင့်ဒိုင်ကျေးရွာ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #PDF #သေဆုံး #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10