မတ္တရာနယ်က ကျောက်မှုန့်စက်ကို စစ်တပ်ကဝင်စီးပြီး ပစ်သတ်လို့ သက်ကြီးပိုင်းအမျိုးသမီးအပါအဝင် ၇ ဦး သေဆုံး

မတ္တရာနယ်က ကျောက်မှုန့်စက်ကို စစ်တပ်ကဝင်စီးပြီး ပစ်သတ်လို့ သက်ကြီးပိုင်းအမျိုးသမီးအပါအဝင် ၇ ဦး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရှမ်းမြောင်းကျေးရွာရှိ BE ကျောက်မှုန့်စက်ရုံကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပစ်ခတ်သတ်ဖြတ်သွားလို့ ကျောက်မှုန့်စက်အတွင်းနေထိုင်သူ သက်ကြီးပိုင်းအမျိုးသမီးအပါအဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ဒီဇင်ဘာလ ၃၀ ရက် မနက် ၁၀ နာရီလောက်က မတ္တရာမြို့ဘက်ကနေလာတဲ့ အင်အား ၁၀ ဦး ဝန်းကျင်ပါ စစ်တပ်ဟိုင်းလပ်ယာဉ်တစီးဟာ မန္တလေး-မိုးကုတ်ကားလမ်းမပေါ်ရှိ ရှမ်းမြောင်းကျေးရွာက BE ကျောက်မှုန့်စက်ရုံကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

" ဒီလိုပဲ စကစတပ်က မတ္တရာမြို့ကို ကားနဲ့ပတ်ပြီး ကင်းလှည့်လေ့ရှိတယ်။ အဲ့ဒီနေ့ကမှ စက်ရုံထဲကို ဆက်ကြေးလာတောင်းတာနေမှာပေါ့။ စစ်ကားတွေကဒီလိုပဲ သွားလာနေကျဆိုတော့ ဘယ်သူမှသေချာသတိမထားမိလိုက်ဘူး။ သေနတ်သံတွေကြားတော့မှ အကုန်လန့်ကုန်ကြတာ" လို့ မတ္တရာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူတွေဟာ ကျောက်မှုန့်စက်အတွင်းနေထိုင်သူ ကျောက်စက်မန်နေဂျာရဲ့မိခင် အသက် ၇၀ ဝန်းကျင်ရှိ အမျိုးသမီး၊  ကျောက်စက်ကိုရောက်ရှိနေသူ အမျိုးသား ၁ ဦး၊ ကျောက်မှုန့်စက် အလုပ်သမားအမျိုးသား ၄ ဦးနဲ့ ရှမ်းမြောင်းကျေးရွာလမ်းဘေးမှ စိတ်မနှံ့သူအမျိုးသား ၁ ဦးတို့ ဖြစ်ပြီး နာမည်၊ အသက် အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ 

“ အဲ့ဒီအချိန်က ကျောက်လုပ်ငန်းလုပ်တဲ့ တရုတ်က ဝန်ထမ်းတွေကို လစာပေးနေတဲ့အချိန်လို့ သိရတယ် ။ အဲ့ဒီကို အစပိုင်းစကစက ငွေတောင်းတယ်ပေါ့။ အဲ့ဒီနောက် ဘယ်လိုဖြစ်လဲမသိဘူး။ သိပ်မကြာဘူး၊ သေနတ်သံတွေ ကြားရတယ်။ စက်ရုံက လက်ဝတ်၊လက်စားတွေရော ငွေတွေကိုရောယူပြီး စစ်ကားက ပြန်ထွက်သွားတယ်လို့ သိရတယ်"လို့ မတ္တရာမြို့နယ်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သေဆုံးခဲ့သူတွေအနက်က ကျောက်စက်ကိုရောက်ရှိနေသူအမျိုးသားဟာ မတ္တရာမြို့မှာ ကျောက်ထုတ်လုပ်ငန်းတွေလုပ်တဲ့ Good Brother ကုမ္ပဏီပိုင် ရှင်ရဲ့ညီတော်စပ်သူ ဖြစ်တယ်လို့ ပကဖတာဝန်ခံက ပြောပါတယ်။

BE ကျောက်မှုန့်စက်ဟာ မန္တလေး-မိုးကုတ်ကားလမ်းပေါ်မှာပဲ တည်ရှိပြီး စက်ရုံဟာလည်း အဲ့ဒီလမ်းဘေးက မြေ ၁ ဧကခန့်အကျယ်အဝန်း ဆောက်လုပ်ထားတဲ့ စက်ရုံအသေးတခုဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားပြီးနောက် သေဆုံးသူတွေရဲ့အလောင်းတွေကို ဒေသခံတွေက မကောက်ရဲတာကြောင့် ဒီဇင်ဘာ ၃၁ ရက် မနေ့ မနက်အစောပိုင်းမှာပဲ စစ်တပ်က စစ်ကားတွေနဲ့လာကောက်သွားကာ မတ္တရာမြို့ကို သယ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

၂၀၂၃ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်းမှာ စစ်ကောင်စီတပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ယခုဖြစ်စဉ် အပါအဝင် သေဆုံးသူ အရပ်သားပြည်သူ ၂၇ ဦးအထိရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #ကျောက်မှုန့်စက် #စီးနင်းခံရ #စစ်ကောင်စီတပ် #သတ်ဖြတ်မှု #အရပ်သား၇ဦး #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10