မတ္တရာမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၁ ဗိုလ်မှူး သက်နိုင်စိုး လက်ဖက်ရည်ဆိုင်မှာ သေနတ် ၄ ချက်ပစ်ခံရပြီး သေဆုံး

မတ္တရာမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၁ ဗိုလ်မှူး သက်နိုင်စိုး လက်ဖက်ရည်ဆိုင်မှာ သေနတ် ၄ ချက်ပစ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၁ စစ်ကောင်စီတပ်ဗိုလ်မှူး ၁ ဦး ဧပြီ ၂၄ ရက် ဒီကနေ့ မနက်ပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသတ်ခံရသူဟာ မတ္တရာမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၁ ဗိုလ်မှူး သက်နိုင်စိုး ဆိုသူဖြစ်ပြီး ၎င်းဟာ မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်သွားကားလမ်းမဘေး ကန်သာကျေးရွာအနီးရှိ “စု” လက်ဖက်ရည်ဆိုင်(SUU Café)မှာ တဦးတည်းထိုင်နေစဉ် အမည်မသိသေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ ပစ်ခံရတာက မြို့နယ်ကောင်စီဝင်ဗိုလ်မှူးလို့ သိရတယ်။ လက်ဖက်ရည်ဆိုင်ကို တယောက်ထဲလာတာ” လို့ မတ္တရာမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူး သက်နိုင်စိုးဟာ သပိတ်ကျင်းအခြေစိုက် အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃ ) တပ်က ဖြစ်ပြီး ၎င်းကို ပုဂံ-ညောင်ဦးဘက်ကို ပူးတွဲတာဝန် ပြောင်းရွှေ့ချထားလို့ ညောင်ဦးနဲ့မတ္တရာကို အသွားအပြန်လုပ်နေသူဖြစ်တယ်လို့ သိရပါတယ်။

“ လက်ဖက်ရည်ဆိုင်မှာ သူတစ်ယောက်တည်းထိုင်နေချိန် ပစ်ခတ်ခံရတာ၊ သူ့ကားပေါ်မှာလည်း လက်နက်တွေပါတယ်။ အခုအလောင်းက သူ့အိမ်မှာ ထားထားတယ်” လို့ နောက်ထပ်မတ္တရာမြို့ခံတဦးက အတည်ပြုပြောပါတယ်။

ဒီပစ်ခတ်မှုကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဘက်က တစုံတရာသတင်းထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် မတ္တရာမြို့တွင်းနဲ့ မြို့အဝင် အထွက်နေရာကို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေတယ်လို့ မြို့ခံတွေထံကသိရပါတယ်။

ပုံစာ - သေဆုံးသူဗိုလ်မှူးအား ယခုလ ၆ ရက်က မတ္တရာစစ်ကောင်စီအစည်းအဝေးတခုတွင် တွေ့ရစဉ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မတ္တရာ #စစ်ကောင်စီအဖွဲ့ဝင် #ဗိုလ်မှူး #ပစ်သတ်ခံရ #တတက၁၃ #စုကဖီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10