မတ္တရာမှာ စစ်တပ်က တရက်တည်း ရွာ ၄ ရွာကို မီးရှို့ပြီး လက်နက်ကြီးနဲ့ပစ်လို့ ထိခိုက်သူတွေရှိ

မတ္တရာမှာ စစ်တပ်က တရက်တည်း ရွာ ၄ ရွာကို မီးရှို့ပြီး လက်နက်ကြီးနဲ့ပစ်လို့ ထိခိုက်သူတွေရှိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းကကျေးရွာ ၄ ရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁ ရက် မနက် ၅ နာရီလောက်မှာ မတ္တရာမြို့နယ်၊ တံငါရွာကနေ အင်အား ၈၀ ကျော်ပါစစ်ကြောင်းဟာ အင်းတံခါးကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်ကြောင်းပြန်ဆုတ်ချိန်မှာ ကိန္နရာကျေးရွာကို ထပ်မံမီးရှို့ခဲ့ကာ ပျက်စီးသွားတဲ့ အိမ်ခြေအရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

အလားတူဒီမနက် ၅ နာရီလောက်မှာ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ရွာဘက်ကနေ အင်အား ၄၀ ကျော်ပါ စစ်ကြောင်းက မြစ်ကမ်းကျေးရွာနဲ့ ကိုင်းကြီးကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

ဒီကျေးရွာတွေရဲ့ မီးလောင်ပျက်စီးဆုံးရှုံးမှု အရေအတွက်ကို မသိရသေးဘူးလို့ မတ္တရာမြို့နယ်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကလည်း ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အုတ်တိုက်ကျေးရွာထဲကို လက်နက်ကြီးကျပြီး ဒေသခံအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက နေ့စဥ်နီးပါး စစ်ကြောင်းထိုးနေပြီး ဇန်နဝါရီ ၃၁ ရက်မနေ့ကလည်း အင်ကြင်းမြိုင်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက တံတားကုန်း ကျေးရွာဘက်ကို စစ်ကြောင်းထိုးပြီး အသက် ၁၈ နှစ်အရွယ် လူငယ်အမျိုးသား ၁ ဦးကို သေနတ်နဲ့ ပစ်သတ်သွားခဲ့ပါသေးတယ်။ 

ပုံစာ - စစ်ကောင်စီ၏ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့သည့် အုတ်တိုက်ကျေးရွာမှ ဒေသခံများ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #မီးရှို့ #လက်နက်ကြီးပစ် #ဒေသခံ #ထိခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10