မတ္တရာမှာ စစ်တပ်က နေ့စဥ်နီးပါး စစ်ကြောင်းထိုးပြီး ပစ်ခတ်ဖမ်းဆီးတာတွေလုပ်နေ

မတ္တရာမှာ စစ်တပ်က နေ့စဥ်နီးပါး စစ်ကြောင်းထိုးပြီး ပစ်ခတ်ဖမ်းဆီးတာတွေလုပ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ ဒေသခံတွေကိုဖမ်းဆီးနေပြီး လက်နက်ကြီးတွေနဲ့လည်းပစ်ခတ်နေတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိထားတယ်လို့  ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ဇန်နဝါရီ ၁ ရက်နဲ့  ၂ ရက်မှာ မတ္တရာမြို့ဘက်ကနေပြီး စစ်ကောင်စီတပ်တွေက ကားနဲ့ဆင်းလာပြီး မတ္တရာမြို့နယ်အနောက်ခြမ်းကကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။ 

ဇန်နဝါရီ ၁ ရက် နေ့လယ် ၂ နာရီကျော်မှာ မတ္တရာမြို့ဘက်ကနေ စစ်ကား ၃ စီးဆင်းလာပြီး အောက်ကင်းရွာ၊ အလည်ရွာ၊ ကိုးပင်ကျေးရွာတွေထဲကို စစ်ကြောင်းထိုးကာ အနီးဝန်းကျင်တွေကို လက်နက်ကြီးနဲ့ပစ်တာကြောင့် စဉ့်ကုန်းရွာက အသက် ၅၀ အရွယ်အမျိုးသားတဦး ကျည်ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။ 

အဲ့ဒီနောက် ညနေ ၄ နာရီလောက်မှာ မတ္တရာမြို့ဘက်ကို ပြန်ထွက်သွားခဲ့ပြီး ဇန်နဝါရီ ၂ ရက် မနေ့က နေ့လယ်ပိုင်းမှာ စစ်ကားတွေပြန်လာကာ အလည်ရွာ၊ တောပုရွာနဲ့ အောက်ကင်းရွာတွေဘက်ကို ထပ်မံစစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။ 

အဲ့ဒီအချိန်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရာ စဉ့်ကုန်းရွာက အသက် ၁၀ နှစ်အရွယ် ယောကျာ်းလေးတဦး ထိမှန်ဒဏ်ရာရခဲ့ပါတယ်။ 

ဒါ့အပြင် တောပုရွာကအသက် ၆၀ ဝန်းကျင်အမျိုးသမီးတဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး လူငယ်အမျိုးသားတဦးကိုလည်း ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ပြည်ဦးလွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ 

၂ ရက်တာ စစ်ကြောင်းထိုးချိန်အတွင်း ဖမ်းဆီးခံရသူ ၁ ဦးထက်မက ရှိခဲ့ပေမယ့် အတည်မပြုနိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။ လက်ရှိမှာ စစ်ကြောင်းက မတ္တရာမြို့ပေါ်ကို ပြန်ရောက်နေပြီလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်က မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကြောင်းထိုးနေတဲ့ အဆိုပါ စစ်အုပ်စုကိုကာကွယ်ရေးတပ်တွေက မိုင်းဆွဲခဲ့ပြီးနောက်မှာ ခုလိုနေ့စဥ်နီးပါးစစ်တပ်က စစ်ကြောင်းထိုးပစ်ခတ်တာတွေ လုပ်နေတာလို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဖမ်းဆီး #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10