မတ္တရာမှာ ပြည်သူ ၂ ဦးကိုသတ်သွားတဲ့ စစ်ကြောင်းကို PDF တွေက မိုင်းဆွဲတိုက်ခိုက်

မတ္တရာမှာ ပြည်သူ ၂ ဦးကိုသတ်သွားတဲ့ စစ်ကြောင်းကို PDF တွေက မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အင်းကုန်းကျေးရွာနဲ့ ဆိပ်သာကျေးရွာက ဒေသခံအမျိုးသား ၂ ဦးကို သတ်ဖြတ်သွားတယ်လို့ မတ္တရာမြို့နယ် တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့ မနက် ၂ နာရီလောက်မှာ မတ္တရာမြို့က စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်၊ အရှေ့ခြမ်းက ကျောက်တံတားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ပူးပေါင်းကာ ဖောကား ၃ စီးနဲ့ ၄ မိုင် အကွာက ဆိပ်သာရွာနဲ့ အင်းကုန်းကျေးရွာတွေကို ဝင်ရောက်စီးနင်းခဲ့တာလို့ ပြင်ဦးလွင်ခရိုင်ပကဖ ပြန်ကြားရေးကနေသိရပါတယ်။

 "မတ္တရာအရှေ့ခြမ်းကို စစ်တပ်ကဝင်စီးပြီး ဒေသခံတွေကိုအကြောင်းမဲ့ သတ်ဖြတ်သွားတာ" လို့ ပြင်ဦးလွင်ခရိုင်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အင်အား ၇၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အင်းကုန်းကျေးရွာက ဒေသခံပြည်သူ ၂ ဦးကို ဖမ်းဆီးခဲ့ပြီး ဓာတ်ဆီတွေလောင်းကာ မီးရှို့ဖို့ကြိုးစားစဥ် တဦးထွက်ပြေးလွတ်မြောက်လာတာကြောင့် ကျန်ရှိသည့် အသက် ၃၅ နှစ်အရွယ် ကိုနှင်းကိုရဲ့ မျက်နှာကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ထံက သိရပါတယ်။

ဒါ့အပြင် ဆိပ်သာကျေးရွာကို ဆက်လက်ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၂၈ နှစ်အရွယ် ကိုနှင်းဆိုသူကို လည်း တကိုယ်လုံးဓားနဲ့ မွှန်းကာ ဗိုက်ဖောက်ပြီး သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ ဆိပ်သာကျေးရွာကနေ အိမ် ၅ လုံးခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ကျောက်တံတားကျေးရွာဘက်ကို ပြန်လာချိန် ငါးလုံးပြွန်ကျေးရွာနဲ့ ကျောက်တံတား ကျေးရွာကြားမှာ မတ္တရာမျိုးမှန်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသေဆုံးမှုတွေရှိခဲ့တယ်လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့က စစ်ရေးတာဝန်ခံ ကိုဒေါင်းလမ်းက ပြောပါတယ်။

"မိုင်းကဖောကားရဲ့ ညာဘက်ခြမ်းက ပေါက်ကွဲတယ်။ မိုင်းပေါက်ကွဲချိန်မှာ မတ်တပ်ရပ်လိုက်လာတဲ့ စခ(စစ်သား)တွေ ကားထဲမှာ လဲကျသွားတာကို မြင်လိုက်ရတဲ့ ပြည်သူတွေရှိတယ်။ ထိခိုက်မှုအသေးစိတ်တော့ မသိရသေးဘူး "လို့ ကိုဒေါင်းလမ်းကပြောပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်က မကြာခဏစစ်ကြောင်းထိုးမွှေနှောက်လေ့ရှိပြီး ဖမ်းမိတဲ့ဒေသခံတွေကိုလည်း သတ်ဖြတ်တာတွေ လုပ်လေ့ရှိပါတယ်။

ပုံစာ - စစ်တပ်က သတ်ဖြတ်ခဲ့သည့် ဒေသခံ ၂ ဦး။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #စစ်ကောင်စီ #အရပ်သား #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10