မတ္တရာမှာ လက်နက်ကြီးထိလို့ သက်ကြီးပိုင်းအမျိုးသမီးတဦး သေဆုံး

မတ္တရာမှာ လက်နက်ကြီးထိလို့ သက်ကြီးပိုင်းအမျိုးသမီးတဦး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တံငါကျေးရွာ(တောင်ရွာ)မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် သက်ကြီးပိုင်းအမျိုးသမီးတဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ ရောင်နီနွေဦးအဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။ 

စစ်ကောင်စီဘက်က ဇန်နဝါရီလ ၁၅ ရက် မနေ့ညနေ ၄ နာရီလောက်မှာ ၈၁ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ၃ မိုင်အကွာရှိ အုန်းကုန်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ကြတာပါ။

 

အသက် ၆၆ နှစ်အရွယ် ဒေါ်ရင်မြသေဆုံးပြီး ကိုလင်းလင်း ၃၇ နှစ်၊ မတော ၃၄ နှစ်၊ မောင်ကောင်းမြတ်လင်း ၁၄ နှစ်၊ မောင်ဟိန်းသက်အောင် ၁၃ နှစ်၊ မဂျူးဂျူး ၁၀ နှစ်တို့ ထိခိုက် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။  

"တယောက်ကတော့ ဒဏ်ရာစိုးရိမ်ရလို့ မန္တလေးကို ပို့လိုက်တယ်လို့သိရတယ်" လို့ ရောင်နီနွေဦးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

အလားတူ နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပြီး အသေးစိတ်အခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ်အတွင်းမှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဒေသခံတွေကို အကြောင်းမဲ့သတ်ဖြတ်တာတွေကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အမျိုးသမီးတဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တွေ အပါအဝင် ပြည်သူ ၁၁ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၄ ရက်မနက်ပိုင်းကလည်း မတ္တရာမြို့နယ်အနောက်ခြမ်း၊ ရွှေဘောင်ကျေးရွာကို စစ်ကြောင်းထိုးဝင်လာတဲ့ စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်လို့ သေနတ်ကုန်းကျေးရွာက အသက် ၄၀ အရွယ်အမျိုးသမီးတဦး သေဆုံးခဲ့ပြီး နေအိမ်နဲ့အဆောက်အဦအချို့လည်း ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်ထိ နိုင်ငံတဝှမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ လက်ပါးစေတွေကြောင့် ပြည်သူစုစုပေါင်း ၄၃၆၃ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #သေဆုံး #အမျိုးသမီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10