မန္တလေးမြို့ ပတ်စ်ပို့ရုံးရှေ့မှာ လူအုပ်ပိပြီး အမျိုးသမီး ၂ ဦးသေဆုံး

မန္တလေးမြို့ ပတ်စ်ပို့ရုံးရှေ့မှာ လူအုပ်ပိပြီး အမျိုးသမီး ၂ ဦးသေဆုံး

 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၆၆လမ်းနဲ့ ၁၂လမ်းထောင့်မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးမှာ လူအုပ်ပြိုကျပြီး အမျိုးသမီး ၂ ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် ဒီနေ့ မနက် ၂ နာရီခွဲမှာ နိုင်ငံကူးလက်မှတ်တိုကင်ယူဖို့ လူတိုးချိန်မှာ လူပိပြီး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်မှ အသက် ၅၂ နှစ်အရွယ် မခင်မျိုးအေးနဲ့ အသက် ၃၉ နှစ်အရွယ် မခိုင်ဝေတို့ သေဆုံးခဲ့ပြီး အသက် ၅၃ နှစ်အရွယ် မဌေးဌေးဝင်းမှာ ခြေကျိုးဒဏ်ရာရရှိခဲ့တယ်လို့ နန်းတော်ရှေ့ နယ်လုံးဆိုင်ရာလူမှုကူညီရေးအသင်းကလည်း ထုတ်ပြန်ထားပါတယ်။

"အသက်ရှုကြပ်ပြီး သတိလစ်တာ။ ဆေးရုံရောက်တော့ ၂ ယောက်ဆုံးလို့ သိရတယ်။ လူကရာနဲ့ချီ တိုးနေကြတာလေ။ ခဏခဏဒဏ်ရာရတာတွေက ဖြစ်နေတာ"လို့ လူမှုကူညီရေးပြုလုပ်နေသူတဦးကလည်း ပြောပါတယ်။

မန္တလေးနိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးရှေ့မှာ ညစဥ် လူဦးရေ ၁၀၀ ဝန်းကျင်အထိ ညအိပ်စောင့်ကြပြီး ဒီလို လူတိုးတာတွေကြောင့် ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်က စစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြီးတဲ့နောက်မှာ ဒီရုံးတွေမှာ လူပိုများလာပြီး နေရာတိုးပေးတဲ့ပွဲစားတွေလည်းရှိလာကာ တနေရာကို ၁၅၀,၀၀၀ ကျပ်အထိ စျေးပေါက်တယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးမြို့ #အောင်မြေသာစံမြို့နယ်ရုံး #ပတ်စ်ပို့ရုံး #လူအုပ်ပိ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10