မိစ္ဆာတို့အတွက် အနုပညာရှင်းတမ်း (အတွေးအမြင်ဆောင်းပါး)

မိစ္ဆာတို့အတွက် အနုပညာရှင်းတမ်း (အတွေးအမြင်ဆောင်းပါး)

မျက်မှောက် မြန်မာ့ခေတ်သည် ရောမမြို့မီးလောင်စဉ် တယောထိုးနေသည့်ပုံစံဖြစ်သည်။
ခွဲခြမ်းစိတ်ဖြာအံ့ ... မျက်မှောက်မြန်မာ့ခေတ်ဟူသည် ရောမမြို့မီးလောင်သကဲ့သို့ တိုင်းပြည်အနှံ့မီးလောင်တိုက်သွင်းထားခံရချိန်ဖြစ်သည်။
 
ကန့်ဘလူအပါအဝင် အထိုထိုသောဖြစ်စဉ်များသည် နေ့စဉ်မပြတ် ...
 
စစ်ဘီလူးတို့လက်ချက်ဖြင့် သေဆုံးသူ အရေအတွက်အတိအကျမသိနိုင်သော်လည်း စောင့်ကြည့်တွက်ချက်သောအဖွဲ့တချို့က ၃၃၀၀ နီးပါးရှိနေပြီဟုဆိုကြပြီး မီးလောင်တိုက်သွင်းခံရသည့် အိုးအိမ်မှာ ၆၀၀၀၀ ကျော်ရှိလာနေပြီ။
 
ဤကား ရောမမြို့မီးလောင်သည်ထက်ဆိုးရွားသည့်အခြေအနေဖြစ်ပြီး နီရိုးထက် ရက်စက်ယုတ်မာသည့် ဘုရင်များသည် မြန်မာ့နွေဦးတွင် ပေါ်ထွန်းလာသည်။
 
တယောထိုးကြသည့် ခေတ်သစ်နီရိုးများသည် မည်သူများနည်း။ ခေတ်စနစ်ကြောင့် စဉ်းစားဆင်ခြင်ဉာဏ်နည်းပါးလှသည့် မြန်မာပြည်တွင် အများခေါ်ကြသည့် အနုပညာရှင်ဟူသော နီရိုးများသာဖြစ်သည်။
 
သို့သော် ... အနုပညာရှင်းတမ်းသည် လိုအပ်လာသည်။
 
အနုပညာရှင်းတမ်း
 
အနုပညာအား တီထွင်ကြံဆမှုတရပ်ဟု သတ်မှတ်တတ်ကြသော်လည်း အနုပညာသည် တီထွင်ကြံဆမှုနှင့် လားလားမျှမဆိုင်သည့် လွတ်မြောက်ရာတခုသာ ဖြစ်သည်။
 
ခံစားချက်တခု၊ အခြေအနေ၊ အချိန်အခါတခုခုနှင့် ကြုံတွေ့မိသည့်အခါ ဖြစ်ပေါ်လာသည့် စိတ်တခုမှ အရင်းခံကာ ထုတ်ဟခြင်းသာဖြစ်သည်။
 
အနုပညာ၏ အဓိကမြစ်ဖျားသည် အမှန်တရားဖြစ်သည်။
 
အမှန်တရားမရှိလျှင် အနုပညာမရှိချေ၊ အမှန်တရားကို မသိလျှင် အနုပညာခံစားမှုမှာ အချည်းအနှီးသာဖြစ်သည်။
အမှန်တရားကို သိရှိခံစားတတ်သော လူတစ်ယောက်က အနုပညာဆိုင်ရာပစ္စည်းတခုခုအား အသုံးပြုလိုက်စဉ် အနုပညာဆန်သော သံစဉ်များ၊ ကဗျာများ၊ စုတ်ချက်များ၊ စာပိုဒ်များ၊ ကချိုးကဟန်များထွက်ပေါ်လာရသည်။
ထိုသို့အနုပညာဆန်ရန် ရင်ဘတ်အတွင်းမှ တင်းကျပ်နေသော ခံစားချက်များလိုသည်။ မျက်ရည်များလိုသလို ချစ်ခြင်းမေတ္တာအစစ်များလိုသည်။
 
ဖွင့်ဟချင်သော ရဲရင့်သည့် သွေးရည်များသည် လူ့ခန္ဓာကိုယ်တွင်း ပွက်ပွက်ဆူလာသည်မှာ အမှန်တရားကပေးမည့် အနုပညာသာ ဖြစ်သည်။
 
ဆိုလိုသည်မှာ အနုပညာဟူသည် အမှန်တရားအား ကျောခိုင်းလေ့မရှိ။ အနုပညာသည်မှန်လျှင် ဓါးမိုးထားသော်လည်း အမှန်တရားအား အရှက်၊ အသက်နှင့် ခုခံကာကွယ်၏။
 
စီးပွားဖြစ်ထုတ်ကုန်နှင့် အနုပညာ
 
မြန်မာပြည်၏ အနုပညာအရည်အသွေးတခန်းရပ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ စီးပွားဖြစ်လုပ်ငန်းသာ အစဉ်အဆက်တည်ရှိခဲ့သည့် အနုပညာဆိုင်ရာပစ္စည်းအသုံးချသူတို့အား ပရိတ်သတ်တို့က အနုပညာရှင်ဟု သတ်မှတ်လာကြသည်မှာလည်း ကြာမြင့်ခဲ့ပြီ။
 
အနုပညာသည် ရောင်းကုန်မဟုတ်သလို လဲလှယ်သည့်ကုန်ပစ္စည်းလည်းမဟုတ်ပေ။
ထို့အပြင် ယှဉ်ပြိုင်စရာလည်းမဟုတ်။
 
အသက်ထက်အရေးကြီးသော ... တခုသာဖြစ်ပါသည်။
ဝမ်းစာဟူသည်မှာ အနုပညာဆိုင်ရာလိုအပ်ချက်တခုဟုမပြောဘဲ ငွေကြေးဟု ပြောဆိုကာ တလွဲလမ်းကြောင်းလွှဲခဲ့သူများမှာ အဆိုပါ အနုပညာရှင်ဟု မိမိကိုယ်ကိုယ် သတ်မှတ်ကြသူများသာဖြစ်သည်။
 
ဝမ်းစာဟူသည်မှာ ငွေကြေးမဟုတ်၊ ဝမ်းစာဟူသည်မှာ ရင့်ကျတ်မှု၊ အနုပညာဆိုင်ရာစကားပြောမှုသာဖြစ်သည်။ ထမင်းငတ်မည်စိုးသဖြင့် အနုပညာလုပ်ရသည်ဆိုသည်မှာ လီဆယ်သော စီးပွားရေးလုပ်ငန်းသာဖြစ်သည်။ အနုပညာသည်ဆိုသည်မှာ ထမင်းတလုပ်အတွက် အမှန်တရားအား ချမရောင်းသည့်လူစားမျိုးသာ ဖြစ်သည်။
 
တော်လှန်ရေးနှင့် အနုပညာ
 
ကျပ်တည်းလာသော ခေတ်စနစ်များမှစတင်ကာ ခေတ်အဆက်ဆက်တော်လှန်လာသော လူထုတော်လှန်ရေးများသည် အမှန်တရားက အခြေခံသည့် အနုပညာစစ်စစ်ဖြစ်သည်။
 
ယနေ့ခေတ် နွေဦးတော်လှန်ရေး ... ကျပ်တည်းမှုတခုတည်းသာမကဘဲ တရားမဲ့မှု၊ ရမ်းကားမှု၊ လူသတ်မှု၊ အိုးအိမ်များဖျက်ဆီးမှု၊ မုဒိန်းကျင့်မှုများဖြင့် ပြည့်လျှံနေသည့် စစ်တပ်အား တော်လှန်နေမှုသည် အနုပညာစစ်စစ်ဖြစ်သည်။ အမှန်တရားအား သာမာန်လူများထက် ပိုမြင်တတ်သော အနုပညာသည်များသည် လူထု၏ရှေ့တွင် ဦးဆောင်တတ်ကြသည်။
 
ထိုသည်လည်း အနုပညာပင်ဖြစ်သည်။ ဆိုလိုရင်းမှာ အနုပညာသည်မှန်လျှင် အမှန်တရားအား ရဲရင့်ပြတ်သားစွာ ကိုးကွယ်သိမြင်ရမည်။ အမှန်တရားအား သိမြင်ဖော်ထုတ်သော အနုပညာသည်အား တရားမဲ့ပြုကျင့်သူတို့ ကြောက်ကြသည်။
 
ထိုအချိန်တွင် တော်လှန်ရေးအပေါ်ထောက်ခံနေသည့် လူထုအား လမ်းလွဲစေရန်၊ သွေးကွဲစေရန်၊ ဝေဝါးစေရန် စစ်ဘီလူးတို့က မာယာဖြင့် စည်းရုံးသိမ်းသွင်းသည့်အပေါ် မသိ၊ မမြင်သည့် အနုပညာသည် ဟူသည်မရှိဟု သတ်မှတ်နိုင်သည်။
 
ပြည်သူ့ထံက ရရှိခဲ့သည့် အားပေးမှုများဖြင့် စားခဲ့ဖူးသော ထမင်းများအား ကျေးဇူးမပြုသော်တကား အနုပညာအား သစ္စာဖောက်ကာ ပြည်သူအားဓါးထောက် အကြမ်းဖက်နေသော စစ်မုဒိန်းကောင်တို့၏ ဇာတ်စင်ထက်တွင် ဖျော်ဖြေနေသူတို့၏ အသံ၊ ဟန်ပန်များသည် ‌ကျိန်စာသင့်မည့်သွေးစက်များသာဖြစ်မည်။
 
အဘယ်ကြောင့်ဆိုသော် အနုပညာကို သစ္စာဖောက်ခြင်းသည် အမှန်တရားအား သစ္စာဖောက်ခြင်းသာဖြစ်သောကြောင့်ဖြစ်သည်။
 
လူ့ဘဝသည် ခရီးတိုပြီး ရှင်သန်၊ ရင့်ကျတ်ရခြင်းသည် အသက် = သိက္ခာဖြစ်သည်။
 
နတ်ကြီးသော နွေဦး
 
အနုပညာသည်ကြီးတို့ ...
ခေတ်အဆက်ဆက်‌မှသည် ဆက်လက်ထမ်းပိုးလာသော နွေဦးတော်လှန်ရေးဆိုသည်မှာ မိခင်မေတ္တာတို့ဖြင့် လွှမ်းခြုံထားသော သားကောင်း၊ သမီးကောင်းတို့၏ အသက်များဖြင့် တည်ဆောက်ထားသည်။
 
မိခင်မေတ္တာဟူသည် လူမျိုးမရွေး၊ ဘာသာမရွေး အဆင့်အတန်းမြင့်မားသည်။ နတ်ကြီးသည်။
ထို့ကြောင့် နွေဦးတော်လှန်ရေးသည် နတ်အကြီးဆုံး တော်လှန်ရေးတရပ်ဟု အသိပေးလိုသည်။
 
ယနေ့ သစ္စာဖောက်လျှင် သံသရာအဆုံးထိမလိုဘဲ ယနေ့ပင် ပျက်ယွင်းရသည်။ စစ်ဘီလူးတို့၏ မိစ္ဆာဘုန်းကံကို အားကိုးကာ ပြည်သူအား ကျောခိုင်း၊ အချိန်တန် အလှူအတန်းပြ၊ ကျေအေးရသည့် ခေတ်သည် အနာဂတ်တွင် အလုပ်မဖြစ်တော့ပေ။
 
မိုက်ရဲမည့်သူ ဆက်မိုက်နိုင်သည်။
သို့သော် အနုပညာသည်မဟုတ်တော့ပေ ... မိစ္ဆာများသာ ဖြစ်ပေလိမ့်မည်။
 
ရေးသားသူ - ရာဇမင်းနိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10