မိုးလုံးဟိန်းတဲ့ ဂျိုးသိန်း

မိုးလုံးဟိန်းတဲ့ ဂျိုးသိန်း

 

ထိန်ထိန်ဝါနေတဲ့ ရွှေဝါရောင်ဝမ်းဆက်ဝတ်ဆင်ထားတဲ့ အမျိုးသမီးကြီးတယောက်ဟာ ဝေါယာဉ်စီးလျက် ခန်းမကြီးတခုထဲသို့ဝင်လာပါတယ်။ ဝေါယာဉ်ကို အဖြူရောင်အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက သယ်မလာတာပါ။ 

ဝေါယာဉ်ပေါ်မှာ ထိုင်လျက်သားစီးနင်းလိုက်ပါလာတဲ့ အမျိုးသမီးကြီးရဲ့ ကိုယ်ပေါ်မှာ ရွှေပုဝါလွှာကို ခြုံထားသလို လည်ပင်းမှာလည်း မြဘယက်နဲ့ စိန်ဘယက်ကြီးကို ဆွဲလို့ပါ။ သူ့ရဲ့ခေါင်းမှာ သဇင်ပန်းတွေကလည်း ဝေဝေဆာဆာ ပန်ထားပါသေးတယ်။

ဝေါယာဉ်စီးလာတဲ့ အခုမြင်ကွင်းဟာ ကျောက်ခေတ်၊ ကျွန်ခေတ်၊ ပဒေသရာဇ်ခေတ်တွေမှာ မြင်ရတဲ့ မြင်ကွင်းတော့ မဟုတ်ပါဘူး။ အခု ၂၁ ရာစု၊ တိတိကျကျပြောရမယ်ဆိုရင် ၂၀၂၃ မတ်လ ၁၄ ရက်နေ့က မြင်ကွင်း တခုပါ။ အမျိုးသမီးကြီးဟာ သူ့ရဲ့အသက် ၉၀ နှစ်ပြည့်မွေးနေ့ပွဲ အခမ်းအနားမှာ ဘုရင်မကြီးသဖွယ်၊ ကျွန်များရဲ့အရှင်သခင်သဖွယ် ပြင်ဆင်ဖန်တီးထားမူဟာ သူ့ရဲ့အတွင်းစိတ်ကို လှစ်ဟပြနေသလိုပါ။ 

သူ့နာမည်က ဒေါ်လှသိန်းပါ။ စာဖတ်ပရိသတ်အနေနဲ့ ဒေါ်လှသိန်းဆိုတာကို မသိပေမယ့် ‘မိုးလုံးဟိန်းတဲ့ ဂျိုးသိန်း’၊ ‘ဂျိုးသိန်းဆိုတဲ့ ဆေးပေ့ါလိပ်ဟာ မြန်မာပြည်မှာ အကောင်းဆုံးပါဗျာ’ ဆိုတဲ့ ရေဒီယိုကြော်ငြာသံ တွေကိုတော့ ကြားဖူးကြမှာပါ။ 

အခုမွေးနေ့ရှင်ကြီးဒေါ်လှသိန်းဟာ အဲဒီဂျိုးသိန်းဆေးပေါ့လိပ်လုပ်ငန်းရဲ့ ပိုင်ရှင်ကြီးပါပဲ။

မွေးနေ့ရှင်ဒေါ်လှသိန်းရဲ့ မွေးနေ့ပွဲအခမ်းအနားက ပုံတွေကို အရင်ဆုံး ဆိုရှယ်မီဒီယာတခုဖြစ်တဲ့ Facebook ပေါ်ရောက်လာတဲ့အခါ လူတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ အဲဒီလိုဖြစ်တာကလည်း စိန်ရွှေရတနာတွေဆင်မြန်းထားတဲ့ အသက် ၉၀ အရွယ်အဘွားကြီးက ချောမောလှပတဲ့ မြေးအရွယ်အမျိုးသားတွေကို ခြံရံပြီး ဓာတ်ပုံတွေ ရိုက်ထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တချို့သော ဆိုရှယ်မီဒီယာအသုံးပြုသူတွေကတော့ ဒေါ်လှသိန်းနဲ့ မော်ဒယ်အမျိုးသားလေးတွေတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး “ဒါကြောင့်လဲ ဂျိုးသိန်းလို့ခေါ်တာကိုး” လို့ အသက်အရွယ်နဲ့မလိုက်အောင် အမြင်မတင့်တယ်တဲ့ အပြုအမူအပေါ် လှောင်ပြောင်ကြတာတွေလည်း ရှိပါတယ်။ 

အာဏာသိမ်းစစ်တပ်နဲ့ အကျိုးစီးပွားနွယ်နေတဲ့ Lotte Hotel အရှေ့က Rolls-Royce ကားရှေ့မှာ သူ့မြေးအရွယ်လူငယ်အမျိုးသား ၃ ယောက်နဲ့အတူ ရိုက်ထားတဲ့ပုံ၊ မြေးအရွယ်နောက်ထပ် လူငယ်အမျိုးသား ၄ ယောက်က သူ့ကို ဝေါယာဉ်နဲ့သယ်ဆောင်ကာ ခန်းမကြီးထဲ ဝင်လာတဲ့ပုံ၊ ပြီးတော့ စတိတ်စင်ပေါ်မှာ မိသားစု၊ ပရိသတ်တွေနဲ့အတူ ဝိုင်ယမကာကို ပျော်ပျော်ပါးပါးသောက်နေတဲ့ပုံ စတာတွေ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။ 

အဲ့ဒီဓါတ်ပုံတွေတက်လာတော့ လူတွေအားကျကြတယ် လေးစားကြတယ်၊ အထူးအဖြင့် အမျိုးသမီးအများစုက သူတို့လူမှုကွန်ယက်မှာ အမျိုးမျိုးရေးသားပြီး မျှဝေခဲ့ကြပါတယ်။

“ငါလည်းအဲ့လို အဆင်တသိုက်နဲ့ မွေးနေ့ပွဲကျင်းပနိုင်ရမယ်”၊ “ငါပိုက်ဆံဒီထက်ပိုရှာနိုင်ရမယ်” ဆိုတဲ့ အားကျတဲ့ ပုံစံတွေနဲ့မှတ်ချက်ပြုကြသလို “ကောင်လေးဂျိုးငယ်ငယ်တွေနဲ့ အားယူနေသော အဖွားကြီး” ဆိုတဲ့ လှောင်ပြောင်မှုတွေနဲ့အတူ ဒီပုံရိပ်တွေဟာ လူတွေကြားထဲမှာ ပျံ့နှံ့ခဲ့ပါတယ်။

ဦးကျင်ဝမ်နဲ့ ဒေါ်လှသိန်းတို့ လင်မယား ၂ယောက် ငယ်ငယ်က ပဲခူးဈေးထဲမှာ ဆေးလိပ်ဗန်းလေးနဲ့ ဆေးလိပ် လိပ်ရောင်းခဲ့ရာက ဂျိုးသိန်း ဆေးပေါ့လိပ်ဆိုပြီး အောင်မြင်ကြီးပွါးလာခဲ့တာပါ။

ပဲခူးမြို့မှာ ဂျိုးသိန်းဆိုတဲ့ နာမည်တလုံးနဲ့ ပိုင်ဆိုင်မှုတွေဟာ ဂျိုးသိန်းအိမ်ဆောက်ပစ္စည်း၊ ဂျိုးသိန်းအထူးကုဆေးခန်း၊ ဂျိုးသိန်းဆေးရုံ၊ ဂျိုးသိန်းအိမ်သုံးပစ္စည်းဆိုင်၊ မူလအစဖြစ်တဲ့ ဂျိုးသိန်းဆေးလိပ်ရုံနဲ့ ဂျိုးသိန်းဆေးဂိုဒေါင်တွေအပြင် စိုက်ပျိုးရေးခြံတွေလည်း ရှိပါတယ်။

တချို့ကတော့ ဂျိုးသိန်းရဲ့ပိုင်ဆိုင်မှုဟာ ပဲခူးမြို့ရဲ့ ၃ ပုံ ၁ ပုံလောက်ရှိတယ်လို့ ဆိုတာကြောင့် ဆိုရှယ်မီဒီယာ ပရိသတ်ကြီးကြားမှာတော့ သူတို့ရဲ့ အပေါ်ယံချမ်းသာ ကြွယ်ဝမှုတွေကို မျိုးစုံလေးစားအားကျခဲ့ကြပါတယ်။

ဒါပေမဲ့ ဒါတွေဟာ ဒေါ်လှသိန်းအကြောင်းအတွင်းကျကျ မသိကြဘဲ မွေးနေ့ပွဲအခမ်းအနားက ဓါတ်ပုံတွေကိုသာ အပေါ်ယံကြည့်ပြီး အမျိုးမျိုးလှောင်ပြောင်၊ အားကျနေကြတာပါ။

ရက်သတ္တပတ်နီးပါးအထိ ဒေါ်လှသိန်းရဲ့ မွေးနေ့ပွဲဓါတ်ပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ နေရာယူထားပြီး သူ့အကြောင်းကို အတွင်းတွင်းကျကျသိသူတွေရဲ့ ပြောဆိုသံတွေထွက်လာပြီးနောက်ပိုင်းမှာတော့ အဲ့ဒီရယ်စရာတွေ အားကျစရာ အခြေအနေတွေဟာ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပါတယ်။

ဒါကတော့ ဂျိုးသိန်းဆေးလိပ်ရုံမှာ ငယ်ငယ်က အလုပ်လုပ်ခဲ့ဖူးတဲ့ အမျိုးသမီးတဦးရဲ့ ခေါင်းပုံဖြတ်ခံရမှုတွေအကြောင်း ဖွင့်ချလာတာပဲဖြစ်ပါတယ်။ ဂျိုးသိန်းဆေးလိပ်ခုံမှာ အလုပ်လုပ်ခဲ့စဉ်က တရက်ကို လုပ်အားခ ၇၀၀ လောက်ရပေမယ့်  သူတို့ခြံထဲကထွက်တဲ့ အုန်းသီး၊ ငှက်ပျောသီး၊ သရက်သီး စတာတွေကို မဖြစ်မနေဝယ်ခိုင်းလို့ ဝယ်ရတဲ့နေ့မျိုးဆိုရင် စိတ်ညစ်ရတဲ့ပုံကို အစချီလို့ သူက ရင်ဖွင့်လာတာပါ။

ပြီးတဲ့အခါ ဆေးလိပ်ရုံမှာလုပ်နေတဲ့ ဝန်ထမ်းတွေကို ရုံရှေ့မှာထွက်ပြီး သူတို့ထုတ်တဲ့ အရက်တွေရောင်းခိုင်းပြီး သူ့ကိုရောင်းခိုင်းတဲ့အခါမှာတော့ ဒီကိစ္စဟာ အလုပ်သမားတွေအပေါ် သပ်သပ်ခေါင်းပုံဖြတ်တယ်ဆိုတဲ့ အတွေးနဲ့အလုပ်ထွက်ခဲ့ရပုံကို သူကရင်ဖွင့်ရင်း “ငယ်ငယ်က ရေဒီယိုကနေကြားရတဲ့ ‘မိုးလုံးဟိန်းတဲ့ဂျိုးသိန်း’ ဆိုတာကြားရရင် လက်သီးက ဆုပ်မိလျက်သား” လို့တောင် ရေးထားပါသေးတယ်။

ဖေ့ဘွတ်ပေါ်မှာ အဖိုးတန်လက်ဝတ်ရတနာတွေဝတ်ထားတဲ့ ဒေါ်လှသိန်းရဲ့ပုံတွေကို မြင်လိုက်ရတဲ့အခါမှာ အလုပ်သမားတွေရဲ့ ချွေးစက်တွေနဲ့ မျက်ရည်တွေပဲ မြင်မိပြီး အားကျရမယ့်အစား ရွံမိတယ်လို့သာ ရင်ဖွင့်ထားပါတယ်။  

ဒေါ်လှသိန်းကိစ္စဟာ ဒီမှာတင် မပြီးသေးပါဘူး။ ဂျိုးသိန်းပိုင်ရှင် ဒေါ်လှသိန်းတို့မိသားစုတွေဟာ အစဉ်အဆက် စစ်အစိုးရကို ထောက်ခံခဲ့သူတွေဖြစ်နေတယ်ဆိုတာပါပဲ။

၈၈ အရေးအခင်းတုန်းက ပဲခူးမြို့မှာ ဆန္ဒပြသူတွေကို စစ်တပ်ကဖမ်းလို့ ဂျိုးသိန်းဆေးလိပ်ခုံအိမ်ထဲ ဝင်ပုန်းမိကြပါတယ်။ ဒီအခါမှာတော့ သူတို့အိမ်ထဲ ဝင်ပုန်းသူတွေအကုန်လုံးကို ဂျိုးသိန်းက စစ်တပ်လက်ထဲ အပ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ဂျိုးသိန်းကောင်းမှုကြောင့် ထောင်ကျသွားသူတွေရှိပါတယ်။ 

ဂျိုးသိန်းဇာတ်လမ်းက ဒီတင်ရပ်သွားတာမဟုတ်ပါဘူး။ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်ပဲ ဆေးလိပ်ငတ်နေ၊ ငတ်နေ ဂျိုးသိန်းဆေးလိပ်ကို မသောက်ကြဘဲ ဆန္ဒပြထားတဲ့ ဇာတ်လမ်းလည်းရှိပါသေးတယ်။ 

ဒါကတော့ အကျဉ်းသားတွေကို ချုပ်နှောင်ဖို့အတွက် ဂျိုးသိန်းလုပ်ငန်းက အင်းစိန်အကျဉ်းထောင်မှာ သံခြေကျင်း၊ ထောက်ခြေကျင်းတွေ လှူဒါန်းတဲ့ကိစ္စပါ။ 

ဒီကိစ္စတွေကို ခြေကျင်းဝတ်တွေက အသိဆုံးပါလို့ အကျဉ်းထောင်ထဲမှာ ဂျိုးသိန်းဒေါ်လှသိန်းရဲ့ အလှူကောင်းမှုကို ခံစားခဲ့ရတဲ့ တချိန်က နိုင်ငံရေးသမားတွေကလည်း ရင်ဖွင့်လာပါတယ်။ 

ဒါဟာ လုံးဝငြင်းမရတဲ့ အမှန်တရားတခုဖြစ်တယ်ဆိုတာ အဲ့ဒီသံခြေကျင်းတွေနဲ့ နေခဲ့ဖူးသူရဲ့ ပြောပြမှုကြောင့် သိခဲ့ရပါတယ်။ 

အဲ့ဒီအချိန်က ထောင်တွင်းကို ဆေးလိပ်ပို့ဖို့ လေလံတင်ယူရတာဖြစ်ပြီး ဂျိုးသိန်းတမျိုးတည်းသာ ထောင်တွင်းဆေးလိပ်ပို့ခွင့်ရခဲ့တာပါ။

အဲ့ဒီလိုနဲ့ ဂျိုးသိန်းဆေးလိပ်ကို အင်းစိန်ထောင်မှာ သပိတ်မှောက်ခဲ့ကြပြီး ယနေ့အချိန်အထိ ဂျိုးသိန်းဆေးလိပ်ကို မသောက်ဘဲ နေသူတွေလည်းရှိပါတယ်။

 

နိုင်ငံခြားတိုင်းပြည်ရောက်နေချိန် ဆေးပေါ့လိပ်သောက်ချင်လို့ ငြီးတွားမိတဲ့အခါ သူငယ်ချင်းဖြစ်သူက ဂျိုးသိန်းဆေးလိပ်ပို့ပေးလိုက်ရမလားပြောလာလို့ “ဂျိုးသိန်းဆို လုံးဝမသောက်” တဲ့အကြောင်းပြန်ပြောဖြစ်ခဲ့တယ်လို့ ဒီနေ့ဒီချိန်အထိ ဂျိုးသိန်းကို သပိတ်မှောက်နေဆဲ နိုင်ငံရေးအကျဉ်းသားတဦး ဆိုလာပါတယ်။

ဆေးလိပ်ပဲအငတ်ခံလိုက်မယ် ဂျိုးသိန်းဆိုလုံးဝမသောက်ဘူးဆိုတဲ့ ခံယူချက်ဟာ နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပါပြီ။ ဒီနေ့အချိန်ထိ သပိတ်မှောက်နေဆဲပါ။ သံခြေကျင်းဝတ်ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးရဲ့ နားကျည်းချက်ကို အတိုင်းသားမြင်တွေ့ရပါတယ်။

ဂျိုးသိန်းနဲ့ပတ်သက်ပြီး နောက်ထပ်သိခဲ့ရတဲ့ အချက်တခုက ဆေးလိပ်သွင်းခွင့်တင်မဟုတ်ဘဲ ထောင်အာဏာပိုင်တွေနဲ့ပေါင်းပြီး အကျဉ်းသားတွေကို သတ်မှတ်အလိပ်ရေပြည့်မီအောင် ဆေးလိပ်တွေ လိပ်ခိုင်းတာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် အကျဉ်းသားတွေဟာ ဘာအကျိုးခံစားခွင့်မှမရဘဲ အရေအတွက်ပြည့်မီအောင် မလိပ်နိုင်သူတွေကတော့ ထောင်ဝန်ထမ်းတွေရဲ့ ရိုက်နှက်နှိပ်စက်တာကိုပါ ခံရပါသေးတယ်။

ဒီကိစ္စတွေဟာ မေ့ပျောက်၊ ပျက်​ပြယ်သွားတာတော့ မဟုတ်ပါဘူး။ ခံစားရသူတွေရဲ့ ရင်ထဲမှာ နှစ်ဘယ်လောက်ကြာကြာ အမာရွတ်လို စွဲထင်ကျန်နေတာပါ။ ဂျိုးသိန်းရဲ့အကျင့်ဆိုး ဉာဉ်ဆိုးတွေဟာလည်း ဘယ်တော့မှ ပျောက်ပျက်မသွားဘူးဆိုတာ သံသရာတပတ်ပြန်လည်လာတဲ့အခါ ဗူးပေါ်သလိုပြန်ပေါ် လာခဲ့ပါပြီ။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့ဖျက်ဆီးလို့ အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းမှာ ၄၇,၇၇၈ လုံး၊ မကွေးတိုင်းမှာ ၉,၀၁၉ လုံး၊ ချင်းပြည်နယ်မှာ ၁,၄၈၅ လုံးနဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၂,၁၇၇ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဘေးရှောင်ရတာ၊ ရွာလုံးကျွတ်မီးရှို့ခံရတာ၊ အသတ်ခံရတာစတဲ့ ဒုက္ခမျိုးစုံနဲ့ အသက်လုနေရတဲ့အချိန်မှာ ဂျိုးသိန်းဆေးပေါ့လိပ်ပိုင်ရှင် ဒေါ်လှသိန်းဟာ သူ့ရဲ့အသက် ၉၀ ပြည့် မွေးနေ့ကို ရန်ကုန်မြို့မှာ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။

သူတို့တွေ အခုလို မွေးနေ့ပွဲကျင်းပပြီး ပျော်ပါးနေကြတာဟာ ရွာလုံးကျွတ်မီးရှို့ခံရလို့ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရပြီး စားဖို့မပြောနဲ့ သောက်စရာရေတောင် မရှိတဲ့ သူတွေကို အရွဲ့တိုက်ပြီး ပျော်ပါးနေကြသလား၊ စော်ကားနေကြသလားလို့တောင် ထင်ရပါတယ်။

ဒါပေမဲ့ အခုလိုလုပ်လိုက်တာဟာ အသက် ၉၀ အရွယ်ရောက်ပြီဖြစ်တဲ့ ဒေါ်လှသိန်းအတွက် ကြမ္မာငင်ဖို့ ဖြစ်လာတယ်ဆိုတာ သိပုံမရလိုက်ပါဘူး။

အရင်က သူတို့လုပ်ခဲ့သမျှအရာတွေကို သိထားသူတွေနဲ့ ခံစားခဲ့ရသူတွေဟာ ကာလတွေကြာညောင်းခဲ့လို့ မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့ကြပေမယ့် ဂျိုးသိန်းပိုင်ရှင် ဒေါ်လှသိန်းရဲ့မွေးနေ့က ဒဏ်ရာဟောင်းတွေကို ပြန်ဆွပေးလိုက်သလိုပါ။ ဂျိုးသိန်းအတွက်တော့ သမိုင်းတပတ်လည်ခဲ့တာလို့ ဆိုရမှာပါ။

အတိတ်က မတရားမှုတွေကို ဓနအင်အားတွေနဲ့ ဘယ်လိုပဲ ဖုံးဖို့ကြိုးစားကြိုးစား မကောင်းမှုလုပ်ခဲ့သမျှဟာ တချိန်မှာ တနည်းနည်းနဲ့ ပြန်ခံစားရမယ်ဆိုတာ ဘဝမကူးခင်၊ အသက် ၉၀ ပြည့်မွေးနေ့မှာ ဂျိုးသိန်းဆေးပေါ့လိပ်ပိုင်ရှင်ဒေါ်လှသိန်း ရလိုက်တဲ့ မွေးနေ့လက်ဆောင်ပဲလို့ ဆိုလိုက်ချင်ပါတယ်။

ဓါတ်ပုံ- MY DREAM One Stop Wedding Service & Event Planning 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10