သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
မြန်မာနိုင်ငံမှာ လျှပ်စစ်မီတာခတွေကို ယခင်နှုန်းထားထက် ပိုမိုတိုးကောက်ဖို့ ဩဂုတ် ၃၀ ရက်မှာ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။
ဒီထုတ်ပြန်မှုဟာ စက်တင်ဘာ ၁ ရက်က စတင်အသက်ဝင်မှာဖြစ်ပြီး နှုန်းထားအသစ်တွေဖြစ်တဲ့ အိမ်သုံး အမျိုးအစားအတွက် ဓာတ်အားခ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့အထက် ၃၀၀ ကျပ် တိုးမြှင့် ကောက်ခံမယ်လို့ဆိုပါတယ်။
ဒါ့အပြင် လုပ်ငန်းသုံးအမျိုးအစားအတွက် တိုးမြှင့်ကောက်ခံမယ့် လျှပ်စစ်မီတာခမှာ ၁ ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅၀၀၁ ယူနစ်မှ ၂၀,၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀,၀၀၁ ယူနစ်နဲ့အထက် ၅၀၀ ကျပ် တိုးမြှင့်ကောက်ခံမယ်လို့ ထုတ်ပြန်ထားပါတယ်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ်တွေ နှစ်အလိုက်မြင့်မားလာတာကြောင့် ဓာတ်အားခနှုန်းထားတွေကို တိုးမြှင့်ကောက်ခံရတာဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက ပြောဆိုထားသည်။
"ကျနော်တို့လုပ်ငန်းက လျှပ်စစ်နဲ့ကောစက်သုံးဆီနဲ့ပါသုံးပြီး တွဲလုပ်နေရတာ။ အရင်ကတောင် တလ ၃ သိန်းလောက်မီတာခ ပေးနေရတာ။ အခုဆို ၆ သိန်း ၇ သိန်းလောက် ကျတော့မယ်။ စက်သုံးဆီစျေး တက်တာ၊ ပဲစျေးတက်တာတွေကြောင့် လုပ်ငန်းကအခြေနေမကောင်းရတဲ့အထဲ အခုဆိုပိုဆိုးပြီ"လို့ တောင်ငူမြို့က တနိုင်တပိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ယခင်က အိမ်သုံးမီတာကို ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၉၀ ကျပ်၊ ၁၀၁ ယူစနစ်မှ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၂၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့အထက် ၁၂၅ ကျပ်နဲ့ ကောက်ခံခဲ့တာပါ။
ဒါ့အပြင် လုပ်ငန်းမီတာခမှာလည်း အနည်းဆုံး ၁ ယူနစ် မှ ၅၀၀ ယူနစ်အထိ ၁၂၅ ကျပ်မှ အများဆုံး ၁၀၀၀ ယူနစ်နဲ့ အထက်ကို ၁ ယူနစ် ၁၈၀ ကျပ်သာ ကောက်ခံခဲ့တာဖြစ်ပါတယ်။
"အရင်ကတည်းက တလကိုမီတာခက တသိန်းကျော်နေတာ။ အခုထပ်တိုးကောက်မယ်ဆို ပိုဆိုးပြီပေါ့။ ကိုယ်တွေပြည်သူက အခံဘက်ကချည်းပဲဆိုတော့ အရင်ကထက်တော့ ချွေတာသုံးရတော့မှာပေါ့။"လို့ ပဲခူးဒေသခံတဦးကလည်း ပြောပါတယ်။
ပဲခူးတိုင်းအတွင်းက စစ်ကောင်စီထိန်းချုပ်တဲ့ မြို့နယ်တွေမှာတော့ တရက်လျှင် လျှပ်စစ်မီးအနည်းဆုံး ၆ နာရီမှ အများဆုံး ၁၀ နာရီခန့်သာ မီးရပြီး တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဘက်မှာတော့ လျှပ်စစ်မီးမလာတဲ့ရက်က များတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မီတာခ #တိုးကောက် #စစ်ကောင်စီ #သတင်း
Share Share Share