မီးရှို့ခံရတဲ့ရွာက ဆန်တွေကို တပ်ထောက်ခံသူတွေကို ဝေပေးနေ

မီးရှို့ခံရတဲ့ရွာက ဆန်တွေကို တပ်ထောက်ခံသူတွေကို ဝေပေးနေ

မီးရှို့ခံလိုက်ရတဲ့ ရွာက ဆန်တွေယူလာပြီး ဒီပဲယင်းမြို့ပေါ်က စာသင်ကျောင်းတခုမှာ တပ်ထောက်ခံသူ မိသားစုတွေကို စစ်ကောင်စီက ဝေပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက် ဒီကနေ့ မနက် ၁၀ နာရီလောက်က မြို့ထဲမှာရှိတဲ့ တပ်ထောက်ခံတဲ့သူတွေ၊ စစ်တပ်ဘက်တော်သားတွေကို ရွေးကောက်ပွဲအတွက် ဟောပြောရင်း မဲဆွယ်တဲ့သဘောမျိုးနဲ့ ပြည်သူတွေဆီက ယူသွားတဲ့ဆန်တွေကို ပြန်ဝေပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျတော်တို့ဆီက ယူသွားတဲ့ဟာတွေကို ဝေပေးတဲ့သဘော။  တအိမ်တယောက် လာယူရမယ် မလာရင် အရေးယူမယ်လို့ ခြိမ်းခြောက်တယ်။ ပြည်သူတွေကို ဆန်တွေဆီတွေ လှူပါတယ်ပေါ့။ ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်တယ်။ မြဝတီနဲ့ စစ်တပ်ပိုင်မီဒီယာတွေကတဆင့် ဝါဒဖြန့်ဖို့လုပ်နေတာ။ ဝေတာတောင်မှ လာယူကြပါမဟုတ်ဘူး။ မလာမနေရဆိုတော့ သူတို့ပေးတာကို လာမယူကြမှာ စိုးပုံရတယ်" လို့ ဒီပဲယင်းဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတချို့ကတော့ အခုလုပ်ရပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တမ်းကောက်ချက်တွေအရ စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းမြို့နယ်မှာ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးအဖြစ် မှတ်တမ်းတွေထွက်လာလို့ အဲ့တာကို ဖုံးဖိချင်လို့ လုပ်တာဖြစ်နိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

"ဒီပဲယင်းမှာက လက်ရှိဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်။ စစ်ကိုင်းတိုင်းမှာလည်း အများဆုံး မီးလောင်ပြာကျတဲ့မြို့နယ် ဖြစ်တယ်။ ပြီးတော့ လက်ယက်ကုန်းဖြစ်စဉ်လည်း ရှိတယ်။ ဒီလုပ်ရပ်ဆိုးတွေ ရှိခဲ့ဖူးတဲ့အတွက် ပြန်အဖက်ဆယ်တဲ့အနေနဲ့ ဆန်/ဆီလှူတယ်ဆိုတဲ့ ပုံစံမျိုးလုပ်တာလို့ ကျတော်တို့နယ်ခံတွေအနေနဲ့ တွက်ဆထားတယ်" လို့ စစ်ရှောင်တွေကူညီပေးနေတဲ့ ပြည်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကလည်း ဒီပဲယင်းပြည်သူတွေက စစ်တပ်ကို ကြိုဆိုနေတယ်ဆိုပြီး ထွေအုပ်ရုံးက ဝန်ထမ်းတွေနဲ့ စစ်ကောင်စီဘက်က ဝန်ထမ်းတွေကို ခေါ်ကာ ပန်းကုန်းစွပ် ကြိုဆိုပွဲအခမ်းအနား လုပ်ခဲ့ပါသေးတယ်။


#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10