မုံရွာသင်္ကြန်အကြိုနေ့ဖွင့်ပွဲ ရန်အောင်၊ စိုးသူ၊ စိုးမြတ်နန္ဒာတို့ဖျော်ဖြေ

မုံရွာသင်္ကြန်အကြိုနေ့ဖွင့်ပွဲ ရန်အောင်၊ စိုးသူ၊ စိုးမြတ်နန္ဒာတို့ဖျော်ဖြေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကံသာဦးရပ်ကွက်မှာ ပြုလုပ်တဲ့ စစ်ကောင်စီသင်္ကြန်ပွဲမှာ အနုပညာရှင်တွေ ဖိတ်ခေါ်ထားပြီး ဧပြီလ ၁၃ ရက် ဒီကနေ့မနက်ပိုင်းမှာ တပ်မိသားစု ယိမ်းအဖွဲ့တွေနဲ့ ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ရန်အောင်၊ စိုးသူ၊ စိုးမြတ်နန္ဒာ၊ ခန့်စည်သူ၊ မေသဉ္ဇာဦးတို့ ဖွင့်ပွဲမှာ ဖျော်ဖြေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကန်သာယာ ပတ်ချာလည်မှာ လုံခြုံရေးတွေ ချထားတာ မနည်းဘူး။ သူတို့ဌာနဆိုင်ရာဝန်ထမ်းတွေကလွဲရင် ဘယ်သူမှ အဝင်မခံဘူး။ ပြောရရင် သူတို့လူတွေပဲ ရှိတာ။ ကျနော်တို့ ပြည်သူတွေ မရှိဘူး” လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။



အရှေ့ကန်သာယာနဲ့ အနောက်ကန်သာယာကြားမှာ ဗဟိုမဏ္ဍပ်တခု၊ ဘေးလျှောက်လမ်းတွေမှာတော့ စတုဒီသာမဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန် ဆောက်လုပ်ထားပြီး ကန်သာယာတဝိုက်ကိုလည်း ပိတ်ဆို့ထားကာ မဏ္ဍပ်ထဲကို အပြင်လူအဝင်မခံဘူးလို့လည်း သိရပါတယ်။

အခုနှစ် မုံရွာသင်္ကြန်မှာ ရန်အောင်၊ မေသန်းနု၊၊ စိုးသူ၊ စိုးမြတ်နန္ဒာ၊ ခန့်စည်သူ၊ မေသဉ္ဇာဦး၊ ခရစ္စတီးနားတို့အပြင် တခြားအနုပညာရှင်တွေလည်း ရောက်ရှိနေကြပြီး မဏ္ဍပ်ရှေ့က ဝင်းယူနတီဟိုတယ်မှာ တည်းခိုနေကြတယ်လို့ သိရပါတယ်။


မုံရွာအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်ကိုမသွားကြဖို့ သတိပေးထားပြီး မနေ့က ညပိုင်းကလည်း မုံရွာမြို့ပေါ်မှာ ပေါက်ကွဲသံကြားရပြီး ဘယ်အဖွဲ့စည်းက ပြုလုပ်တယ်ဆိုတာတော့ စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။


မုံရွာမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ သင်္ကြန်ကာလမှာ အခုလို သင်္ကြန်မဏ္ဍပ်ဆောက်ပြီး ရုပ်ရှင်သရုပ်ဆောင်တွေနဲ့အတူ ပျော်ပါးနိုင်ဖို့အတွက် မုံရွာမြို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက တဦးလျှင် ကျပ် ၃ သိန်းမှ ကျပ် ၅ သိန်းအထိ အလှူငွေထည့်ဝင်ခဲ့ရပါတယ်။

စာတည်း - လင်းဇေ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10