မော်လူးပြည်သူတွေဖမ်းထားတဲ့ သစ်ကားတွေ ပြန်လွှတ်ပေး၊ သင့်တင့်နှုန်းထားနဲ့ ပြည်သူတွေလည်း လုပ်ကိုင်ခွင့်ရမည်

မော်လူးပြည်သူတွေဖမ်းထားတဲ့ သစ်ကားတွေ ပြန်လွှတ်ပေး၊ သင့်တင့်နှုန်းထားနဲ့ ပြည်သူတွေလည်း လုပ်ကိုင်ခွင့်ရမည်

စစ်ကိုင်းတိုင်း၊ မော်လူးမြို့နယ်မှာ မတ် ၁၇ ရက်က သစ်ကုန်သွယ်မှုနဲ့ပတ်သက်ပြီး မြို့နယ်တာဝန်ရှိသူတွေနဲ့ ပြည်သူတွေကြား ဆန္ဒပြမှုဖြစ်ပွားကာ အခြေနေတင်းမာခဲ့ပြီး မတ် ၂၀ ရက် ညနေ ၃ နာရီမှာ ဖမ်းဆီးထားတဲ့ သစ်ကားတွေကို ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

မတ် ၁၉ ရက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs)တွေဘက်က လုပ်ငန်းရှင်ကိုယ်စားလှယ် ၇ ဦးနဲ့ မြို့နယ်တာဝန်ရှိတွေကိုခေါ် ပြီး ကြားဝင်ညှိနှိုင်းပေးခဲ့ရာမှာ ပြည်သူတွေကိုလည်း သင့်တင့်တဲ့ နှုန်းထားတခု သတ်မှတ်ကာ လုပ်ကိုင်ခွင့်ပေးမယ့်အနေအထားနဲ့ ပြေလည်ခဲ့တယ်လို့ ဆိုပါတယ်။

“EAosတွေဘက်က လုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုခေါ်ပြီး ညှိနှိုင်းပေးတယ်။ ဝန်ကြီးဌာနက မူဝါဒ မသတ်မှတ်မချင်း ဒေသခံတွေကိုလည်း ‌သင့်တင့်တဲ့နှုန်းထားတခုနဲ့ လုပ်ခွင့်ပြုလိုက်ပါပေါ့လေ။  ပြည်သူတွေ အဓိကတောင်းဆိုတဲ့အချက်က တရုတ်ဆိုဒ်တွေကို လုပ်ခွင့်ပြုသလို ဒေသခံတွေကိုလည်း တနိုင်တပိုင် လုပ်ခွင့်ပေးပါဆိုတဲ့ တောင်းဆိုချက်ရသွားတဲ့အခါ ကားတွေကို ပြန်လွှတ်ပေးလိုက်တယ်။” လို့ မော်လူးဒေသခံတဦးက ပြောပါတယ်။

မတ် ၁၈ ရက်က မော်လူးမြို့ပေါ်မှာ အင်းတော်မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံ၊ သယံဇာတာဝန်ခံ၊ မော်လူး တိုက်နယ် ပကဖတာဝန်ခံ၊ မော်လူးမြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၆ ဦးနဲ့ ပြည်သူ့ ကိုယ်စားလှယ် ၁၅ ဦး ပထမဆုံးအကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

တွေ့ဆုံညှိနှိုင်းပွဲမှာ ပြည်သူတွေဘက်က တနိုင်တပိုင်လုပ်ငန်း လုပ်ခွင့်ပြုဖို့၊ တိုက်နယ်ပကဖတာဝန်ခံ ကိုအိုက်ထွန်းနဲ့ တိုက်နယ် ပလဖတာဝန်ခံ ကိုအာနိုးကို ဖြုတ်ချပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် ကားလွှတ်ပေးရေးကိုသာ အဓိကထား ဆွေးနွေးဖြစ်ခဲ့တဲ့အတွက် ကြေလည်မှုမရခဲ့ဘဲ ပြည်သူ့ဆန္ဒကို မျက်ကွယ်မပြုချင်ဘူးဟုဆိုကာ မော်လူးမြို့ အုပ်ချုပ်ရေးမှူးအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ဦး ရာထူးက နုတ်ထွက်ပြီး ညှိနှိုင်းမှု ပြီးဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်သူတွေ တောင်းဆိုတဲ့အချက်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက နားမထောင်ဘူး။ သူတို့ သဘော မတူဘူး၊ သဘောမတူတာကြောင့် မြို့အုပ်ချုပ်ရေးနဲ့ ရပ်ကွက် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက  ပြည်သူရဲ့ ဆန္ဒကို မျက်ကွယ်ပြုတယ်ဆိုရင် ကျနော်တို့ ပြည်သူကိုပဲ မျက်နှာမူမယ်ဆိုပြီး နုတ်ထွက်လိုက်တယ်။” လို့ မော်လူးမြို့ခံတဦးက ပြောပါတယ်။

မော်လူးမြို့ခံတွေဟာ မတ် ၁၇ ရက်က သစ်ကား ၃ စီး၊ မတ် ၁၈ ရက်မှာ နောက်ထပ်သစ်ကား ၂ စီး စုစုပေါင်း သစ်ကား ၅ စီးကို ဖမ်းဆီးခဲ့ရာမှာ မတ် ၂၀ ရက် မနေ့ ညနေ ၃ နာရီမှာ သစ်ကားအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုပါတယ်။ 

စစ်ကိုင်းတိုင်း၊ မော်လူးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေးနဲ့ သယံဇာတအဖွဲ့တွေက အခွန်ကောက်ပြီးလွှတ်ပေးလိုက်တဲ့ သစ်မှောင်ခိုကားတွေကို ပြည်သူတွေက တားဆီးပြီး တာဝန်ရှိသူတွေကို မတ်လ ၁၇ ရက်မှာ ဆန္ဒပြခဲ့ကြတာပါ။ 

ပြည်သူတွေ တနိုင်တပိုင်လုပ်စားတဲ့သစ်ကားတွေဖြတ်ချိန်မှာတော့ ဖမ်းဆီးအရေးယူတာတွေလုပ်ပြီး တန်ချိန် အများကြီးပါဝင်တဲ့ လုပ်ငန်းရှင်သစ်ကားတွေ ဖြတ်ချိန်မှာတော့ အခွန်ပဲယူကာ ဖြတ်သန်းခွင့် ပေးတဲ့အတွက် ပြည်သူတွေက မကျေနပ်လို့ အခုလိုတားဆီးဆန္ဒပြခဲ့ကြတာလည်းဖြစ်ပါတယ်။ 

အခုလက်ရှိ မော်လူးမြို့ပေါ်မှာ ဆန္ဒပြ ပြည်သူတွေလည်း မရှိတော့ဘဲ ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီလို့ ဆိုပါတယ်။

မော်လူးမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၃ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်မှာ မြို့ပေါ်ရပ်ကွက် ၆ ခု၊ အုပ်ချုပ်ရေးမှူး ၆ ယောက်နဲ့ ပြည်သူ့အုပ်ချုပ်ရေး စတင်လည်ပတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပုံစာ - မတ် ၁၇ ရက်က သစ်မှောင်ခိုကားတွေကို ပြည်သူတွေက တားဆီးပြီး တာဝန်ရှိသူတွေကို ဆန္ဒပြခဲ့ကြစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မော်လူးမြို့နယ် #သစ်ကုန်သွယ်မှု #ဆန္ဒပြ #သစ်ကား #အုပ်ချုပ်ရေးမှူး #ပကဖ #ပလဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10