မဲဇာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကို စွန့်ခွာထွက်ပြေး

မဲဇာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကို စွန့်ခွာထွက်ပြေး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ စခန်းကို စွန့်ခွာထွက်ပြေးသွားပြီလို့ ဒေသခံရဲဘော်တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်က စွန့်ခွာသွားတာဖြစ်ပြီး မနေ့ကမှ အတည်ပြုနိုင်ခဲ့ကာ အဆိုပါ စခန်းစွန့်ပြေးတဲ့တပ်ဖွဲ့ကို အင်းဝောာ် တပ်မ ၇၇ ရဲ့ ‌လက်အောက်ခံစစ်ကြောင်းတခုက မဲဇာရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ ဟဲနုရွာထိ လာကြိုသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

မဲဇာရဲစခန်းဟာ အင်းတော်မြို့ကနေ ၁၀မိုင်၊ PDF တွေ သိမ်းပိုက်ထားတဲ့ မော်လူးမြို့ကနေ ၃၁ မိုင်ခန့် အကွာမှာရှိပြီး စစ်ကောင်စီတပ်နဲ့ ရဲအင်အား ၃၀ ကျော် အထိုင်ချနေရာ စခန်းတခု ဖြစ်ပါတယ်။

“မော်လူးကို သိမ်းပြီးတဲ့နောက်မှာ သူတို့ကိုလည်း လာသိမ်းမှာ ကြောက်တာပေါ့။ ကြောက်တဲ့အတွက် အင်းတော်ကကောင်တွေကို လာကြိုခိုင်းတယ်လို့ ပြန်ကြားရတယ်။ မော်လူးသိမ်းပြီးနောက်ပိုင်း မဲဇာက ကောင်တွေက ဟင်းတောင် ထွက်မဝယ်ရဲဘူး။ တခါတလေကျ ရဲစခန်းထဲ ရှိလို့ရှိမှန်းတောင် မသိရဘူး တိတ်ဆိတ်လို့။”လို့ အင်းဝောာ်ရဲဘော်တဦးက ပြောပါတယ်။

နယ်မြေခံကာကွယ်ရေးအဖွဲ့တွေနဲ့ ပကဖအဖွဲ့အစည်းတွေကတော့ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ပြေးသွားပြီးမှသာ သိကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၃၁ ရက် မနေ့က ကာကွယ်ရေးအဖွဲ့တွေက မဲဇာရဲစခန်းကို မြေပြင်အခြေနေသွားကြည့်ချိန် အင်းတော်စစ်တပ်ကုန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အလယ်ဆိပ် ကျေးရွာက နွား ၂ ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“လက်နက်ကြီးနဲ့ ပစ်နိုင်တဲ့အခြေနေရှိလို့ ရဲစခန်းမှာ သွားတော့ မနေကြဘူး။ မနေ့တုန်းကတောင် ကိုယ့်ဘက်ကလူတွေ (ရဲစခန်း) အခြေနေသွားကြည့်တဲ့အချိန် ဒလန်က လှမ်းတိုင်လိုက်တဲ့အတွက်ကြောင့် အင်းတော်စစ်တပ်ကုန်းကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။”လို့ အဆိုပါရဲဘော်က ဆက်ပြောပါတယ်။

မော်လူးမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၃ ရက်က သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက် ဝန်းကျင်မှာတော့ ပြည်သူ့အုပ်ချုပ်ရေး စတင်လည်ပတ်နေတာလည်း ဖြစ်ပါတယ်။

ပုံစာ - စစ်ကိုင်းတိုင်းစစ်ကောင်စီဝန်ကြီးချုပ်မှ စစ်ကိုင်းတိုင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စားနပ်ရိက္ခာထောက်ပံ့ပေးစဉ် (MOI)။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အင်းတော်မြို့နယ် #မဲဇာရဲစခန်း #တပ်စွဲ #စစ်ကောင်စီ #PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10