မြင်းခြံက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့စခန်း PDFသိမ်းပိုက်မီးရှို့၊ သုံ့ပန်းအမျိုးသမီးတဦးဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားတဲ့ ကိုင်းရွာစခန်းကို နိုဝင်ဘာ ၁၆ ရက် မနက် ၅ နာရီကျော်မှာ အပြီးသတ်သိမ်းပိုက်မီးရှို့ပြီး အမျိုးသမီး စစ်သုံ့ပန်း ၁ ဦးကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ပုဂံပြည်ဘီလူးတပ်က ပြောပါတယ်။

စစ်ကောင်စီတပ်သား ၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ ကိုင်းရွာစခန်းကို PDFပူးပေါင်းတပ်ဖွဲ့တွေက မိနစ် ၃၀ခန့်အကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အထိနာသွားတဲ့စစ်ကောင်စီတပ်သားတွေက စခန်းကို စွန့်ခွာသွားပြေးခဲ့ကြတာ​လို့ ဆိုပါတယ်။

"ကျနော်တို့ စတိုက်ကတည်းက လက်နက်ကြီးတွေပစ်ပြီး ကျားထိုးဝင်တာ။ လက်နက်ကြီးတွေက ဘန်ကာကိုထိသွားပြီးနောက်ပိုင်း စကစတွေက ရေရှည်တောင့်မခံနိုင်တော့ ထွက်ပြေးသွားကြတာ။ အလောင်းတွေကိုတော့ မတွေ့ခဲ့ရပေမယ့် သွေးကွက်တွေတော့ တွေ့ခဲ့ရတယ်"လို့ ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force) ပြန်ကြားရေးတာဝန်ခံ ကိုဇီးကွက်​ကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက သူတို့ရဲ့ စခန်းကို ကိုင်းရွာစာသင်ကျောင်းဝန်းထဲမှာ ဘန်ကာတွေ၊ အဆောင်တွေ ဆောက်လုပ်တပ်စွဲထားတာဖြစ်ပြီး စခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့ပြီးနောက် ဒဏ်ရာရရှိပြီး ကျန်ခဲ့တဲ့ အသက် ၂၀အရွယ် အမျိုးသမီးတဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ ကိုဇီးကွက်ကပြောပါတယ်။

"သူ(ဖမ်းမိတဲ့အမျိုးသမီး)က ပျူမဟုတ်ဘူး။ စစ်ကောင်စီ ဗိုလ်တယောက်ယောက်ရဲ့မိန်းမ ဒါမှမဟုတ် သမီးရည်းစား တယောက်ယောက်ဖြစ်ဖို့များတယ်ဗျ။ လောလောဆယ် ကျနော်တို့ စစ်ဆေးနေတုန်းရှိသေးတယ်ဗျ။" လို့ ကိုဇီးကွက်က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ အမျိုးသမီးကိုတော့  စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာထားရှိပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေပေးကာ စစ်ဆေးမေးမြန်းမှုပြုလုပ်လျှက်ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

စခန်းအတွင်းမှ MA 1 (N 963426) ၁လက်၊ ကျည်ဘောက် ၃ ခု၊ ကပစထုတ် ၅.၅၆ ကျည် ၇ဝ၄ တောင့်၊ ဦးထုပ် ၄ လုံး၊ Equipment ၄ စုံ၊ ကျောပိုးအိတ် ၄ လုံး၊ ယူနီဖောင်း ၁ စုံ၊ Badge တံဆိပ်၊ ရေဘူး ၁ ခု၊ လက်ကိုင်ဖုန်း ၅ လုံး၊ ဓား ၁ ချောင်း၊ တံဆိပ်တုန်း၂ ခုနဲ့ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ မြင်းခြံခရိုင် ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force)၊ အမှတ် (၂) တပ်ရင်း၊အမှတ် (၁) တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်း၊ တပ်ခွဲ (၁ ၊ ၃ ၊ ၄)၊မြင်းခြံခရိုင် အမှတ် (၈)၊ ညောင်ဦးခရိုင် ပကဖ၊ မြင်းခြံမြို့နယ် ပကဖ၊ Burmese Guerrilla Force၊ MGN 35၊ LACR (Myingyan)၊ 8 Stars LPDF (Myingyan)၊ Anyar Fedreal Task Force၊ ကျေးရွာတပ်ပေါင်းစု - မြောင်၊ MP9 Brothers LPDF၊ Freedom Fighter Guerrilla Force၊Myingyan District Drone Strike (အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့)၊ CDSOM 001 ဒရုန်းတပ်ဖွဲ့ ၊မြောင်မြို့နယ် ပလဖ၊ ဝရဇိန် လက်နက်ထုတ်လုပ်ရေး၊ တိုက်ခိုက်ရေးအဖွဲ့ (မြောင်) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မြင်းခြံ #စစ်တပ် #တပ်စွဲ #ကိုင်းရွာစခန်း #တိုက်ခိုက် #မီးရှို့ #သုံ့ပန်း #အမျိုးသမီး #ဖမ်းဆီးရရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10